မဲခေါင်၊ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ပန်လော့ရွာမှာ ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့က သိန္နီအခြေချ စစ်ကောင်စီအဖွဲ့မှ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်လို့ အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း The Kokang ရဲ့သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ အမြောက်ကျည်ဟာ သိန္နီမြို့အနီးရှိ ပန်လော့ရွာက နေအိမ် တစ်အိမ်မှာ ကျရောက်ပေါက်ကွဲပြီး ၁၂ နှစ်အရွယ် မိန်းကလေး တစ်ဦးအပါအဝင် အရပ်သား ပြည်သူ ၃ ဦး ထိမှန် ဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။
ကာယကံရှင် မိသားစုဝင်အားလုံး ယမန်နေ့ ၂ နာရီခန့်က နေအိမ်ခြံဝင်းထဲမှာ ဗုံးခိုကျင်း တူးပြီးနေ့လယ်စာ စားဖို့ မီးဖိုချောင်ဘက်သွားချိန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အိမ်ရှင် အမျိုးသမီး၊ သူ့သမီး နဲ့ အလုပ်သမား တစ်ဦး ထိခိုက်ဒဏ်ရာရာခဲ့ပြီး အိမ်ရှင် အမျိုးသမီးက ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူ ၃ ဦးကို MNDAA ရဲ့နောက်တန်း ဆေးခန်းသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့အထိ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြောင့် ကိုးကန့် အထယးဒေသ ၁ နယ်မြေအတွင်ဒေသခံ အရပ်သားပြည်သာ ၆၉ ဦး သေဆုံးခဲ့ရပြီး ၇၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
CJ-008
#MeKongNews
#စစ်ကောင်စီ
#လက်နက်ကြီး
#ကျရောက်
#ပေါက်ကွဲ
#အရပ်သား