မဲခေါင်၊ ဇန်နဝါရီ ၁၈
တာချီလိတ်မြို့နယ်နဲ့ မိုင်းဖြတ်၊ ကျိုင်းတုံ မြို့နယ်တွေကို သွားလာကုန်သွယ်ရာမှာ အဓိကအသုံးပြုရတဲ့ တာလေတံတား ဒီနေ့ ဇန်နဝါရီ ၁၈ရက် နေ့လည်ပိုင်းမှာ နံရံတွေအက်ကွဲတာကြောင့် ကုန်တင်ယာဉ်သွားလာမှုတွေ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီနေ့ နေ့လည် ၁၂နာရီခန့်မှာ တံတားနံရံအက်ကွဲနေတာကို သတိထားမိပြီး မော်တော်ကား ဖြတ်သန်းသွားလာမှုတွေအားလုံး ပိတ်ပင်ခဲ့တာ ဖြစ်ပြီး တံတားအဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့အခါမှာတော့ အိမ်စီးကားတွေကို ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ပြီး ကုန်တင်ကားသွားလာမှုကိုတော့ ဆက်ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံအာခါတိုင်းရင်းသူတစ်ဦးက ပြောပါတယ်။
“ကျိုင်းတုံဘက်ကနေ အဝင်ဘက်အခြမ်းဖြစ်တာ။ နံရံအက်ကွဲလာတာ။ ပထမတော့ ဆိုင်ကယ်နဲ့လူပဲ ပေးဖြတ်တယ်။ တာချီလိတ်က တံတားအဖွဲ့တွေ လာစစ်ပြီးတဲ့အချိန်ကျတော့ အိမ်စီးကားတွေ ပြန်ပေးသွားတယ်” လို့ သူက ပြောပါတယ်။
နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့ကနေ တခြားမြို့တွေကို သွားလာရာမှာ တာလေမြို့ဟာ လမ်းဆုံမြို့ဖြစ်ပြီး တာလေတံတားကို ဖြတ်သန်းပြီးမှသာ သွားလာလို့ရတာကြောင့် ဒေသတွင်း အရေးကြီးတဲ့ တံတားတစင်းလည်းဖြစ်ပါတယ်။
တာလေတံတားကို ကျိုင်းတုံ – တာချီလိတ်လမ်းဖောက်တဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်ကတည်းက ထည့်သွင်းတည်ဆောက်ခဲ့ပြီး ကျောက်စီကုန်းတံတား အမျိုးအစားဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တာချီလိတ်မြို့နဲ့ မိုင်းဖြတ်၊ ကျိုင်းတုံမြို့တွေကို သွားလာမယ့် ကုန်တင်ကားတွေအနေနဲ့ တာလေမြို့ဘက်က သွားလာလို့မရရင် တာချီလိတ် ပုံလို့ဘက်ကနေ မိုင်းဖြတ်မြို့ကို သွားတဲ့ အခြားလမ်းကြောင်းရှိသေးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
MK – 004
#MeKongNews
#တာချီလိတ်
#တာလေမြို့
#တာလေတံတား