ထိုင်းနိုင်ငံအခြေစိုက်ပြီး ရွှေတြိဂံမူးယစ်မှောင်ခိုနဲ့ စနစ်တကျဒုစရိုက်လုပ်ငန်းတွေကို စောင့်ကြည့်တားဆီးရေး ကုလ UNODCO အကြီးအကဲ ဂျရမီဒေါက်ဂလက်စ်နဲ့ အင်တာဗျူး
အရှေ့တောင်အာရှမှာ တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေအကြား နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက် နေမှုတွေကို ကုလသမဂ္ဂက ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး ထောက်ပံ့ကူညီမှုတွေပေးနေခဲ့ပါတယ်။ ဘာကြောင့် လည်းဆိုတော့ ထိုင်း-မြန်မာ- လာအို သုံးနိုင်ငံ နယ်စပ် ရွှေတြိဂံဒေသမှာ ကမ္ဘာမှာ အကြီးမားဆုံး မူးယစ်မှောင်ခို စင်္ကြန်ကြီးတစ်ခု အခြေစိုက်ထားလို့ပါ။
ဒီလိုစနစ်တကျနိုင်လွန်းတဲ့ ရာဇဝတ်ဂိုဏ်းတွေ၊ ရာဇဝတ်မှုတွေကို ဖြိုခွင်း နိုင်ဖို့က အရမ်းအရေးကြီးနေတာကြောင့်ပေါ့။ ဒီဒေသဟာ ကမ္ဘာနဲ့ယှဉ်ရင် နယ်မြေကျဉ်းကျဉ်းလေးဖြစ်ပေမယ့် မူးယစ်ဆေးအပါအဝင် တရားမဝင်ကုန်ပစ္စည်များစွာကို အရှေ့တောင်အာရှတစ်လွှား ဈေးကွက်ထဲ ရောင်းဝယ် ဖောက်ကစားစေပြီး အမြတ်အစွန်းများစွာကို ဝိသမလောဘနဲ့ ရှာနေတဲ့ ဈေးကွက်ဇုန်ကြီးဖြစ်နေတာကြောင့်လည်း နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေ ပူးပေါင်းလှုပ်ရှားဖို့ ကုလသမဂ္ဂက ထိုင်းမှာ အခြေစိုက်ပြီး ကူညီထောက်ပံ့နေတာဖြစ်ပါတယ်။
ဒါကြောင့် ကုလသမဂ္ဂ အရှေ့တောင်အာရှနဲ့ပစ္စိဖိတ်ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး (UNODCO) ရဲ့နယ်စပ်ဧရိယာ စစ်ဆင်ရေးတာဝန်ခံ ဂျရမီဒေါက်ဂလက်စ် ကို အင်တာဗျူးအစီအစဉ် ပြုလုပ်ခဲ့ပါတယ်။
Jeremy Douglas : ကျွန်တော့်ဓာတ်ပုံက ထိုင်းမြောက်ပိုင်းစွန်းမဲခေါင်မြစ်ကမ်းကနေ လာအိုနဲ့ မြန်မာဘက်ခြမ်း ရွှေတြိဂံဇုန်ကို ကျောပေးရိုက်ထားတာပါ။ ဒီနေရာလေးဟာ ကမ္ဘာအကြီးမားဆုံး မူးယစ်မှောင်ခို စင်္ကြန်တစ်ခုလည်းဖြစ်တယ်။ မြန်မာဘက်ခြမ်း ရှမ်းပြည်နယ်က ဘိန်းဖြူနဲ့ဘိန်းအဓိက စိုက်ပျိုးထုတ်လုပ်ရာ ဒေသဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကြွရူးသွပ်ဆေးအပါ ဓာတုဗေဒမူးယစ်ဆေးဝါးတွေထုတ်လုပ်ပြီး ဒေသတွင်းနိုင်ငံ ဈေးကွက်အားလုံးအပြင် အာရှ-ပစ္စိဖိတ်ဒေသတစ်ခုလုံး၊ ဂျပန်ကနေ နယူးဇီလန်အထိ ကျယ်ပြောတဲ့ ဒေသအား လုံးဆီ ဖြန့်ဖြူးပေးနေတဲ့ အဓိက ဗဟိုချက်ပါ။ မြန်မာနိုင်ငံဘက်က ရှုပ်ထွေးတဲ့ အုပ်ချုပ်မှုဆိုင်ရာ ပြဿနာတွေ များလွန်းပြီး နယ်မြေအသီးသီးမှာ အကွဲကွဲအပြားပြားသော လက်နက်ကိုင် အဖွဲ့များစွာက ထိန်းချုပ်ထားကြ တယ်။ လူသူအနေနည်းပြီး ဝေလံသီခေါင်တဲ့ နယ်စပ်ဒေသတွေရဲ့ နယ်နိမိတ်ပွင့်လင်းမှုအမျိုးမျိုးကြောင့်လည်း မြန်မာဘက်ကနေ အလုံးလိုက်အရင်းလိုက်သော မူးယစ်ဆေးဝါးတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ဖြတ်ကျော် ကူးသန်းပြီး ကမ္ဘာချီဖြန့်ဖြူးမှုတွေ ဖြစ်တည်နေရတာပါ။
UN News : ဒီဒေသမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုက ဘယ်လိုပုံစံနဲ့ တည်ရှိနေတာလဲ။
Jeremy Douglas : လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းလေ့လာမှုအရ ပြီးခဲ့တဲ့ ၃၊ ၄ နှစ်အတွင်း ရိုးရာ မူးယစ် ဆေးဝါးဖြစ်တဲ့ အပင်အခြေပြု မူးယစ်ဆေးဝါးထုတ်လုပ်မှုဟာ တော်တော်ကျဆင်းသွားတယ်။ မြန်မာမှာ စစ်တပ် က အာဏာသိမ်းလိုက်ပြီးနောက် ဘိန်းစိုက်ပျိုးမှုနည်းနည်းပြန်မြင့်တက်လာတယ်။ စစ်အာဏာသိမ်းခြင်းနောက်မှာ ဒေသခံတွေရဲ့ နိစ္စဒူ၀ လုပ်ငန်းတွေက ဝင်ငွေရင်းမြစ်မရှိတော့လို့ ဘိန်းပြန်စိုက်ကြတာကြောင့်ပါ။ ဒါပေမဲ့ အပင်အခြေပြုမူးယစ်ဆေးဝါးထုတ်လုပ်မှုကတော့ ဘာပဲဖြစ်ဖြစ် လုံးဝကျဆင်းသွားတယ်။ ဒါပေမဲ့လည်း စနစ်တကျဒုစရိုက်လုပ်ငန်းတွေကနေ ဓာတုမူးယစ်ဆေးဝါးထုတ်လုပ်မှုနှုန်းကတော့ အဆမတန်မြင့်တက်လာတယ်။ ဒေသတွင်းကမဟုတ်တဲ့ တခြားဒေသကလူတွေဟာ ဒီနယ်စပ်ဥပဒေကင်းလွတ်နယ်မြေကို အသုံးချပြီး ဓာတု မူးယစ်ဆေးဝါးတွေထုတ်လုပ်မှုတွေကို တိုးချဲ့လုပ်ဆောင်လာနိုင်တာကြောင့်လို့လည်းမြင်ပါတယ်။ သူတို့က ဒီလို ဓာတုမူးယစ်ဆေးဝါးထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ၊ ထုတ်လုပ်ရာအဆောက်အအုံတွေအတွက် လွတ်လွတ်လပ်လပ်ရင်းနှီးလုပ်ကိုင်နိုင်ကြတယ်။
UN News : တုံ့ပြန်မှုအသစ်အတွက် ဘာတွေလိုအပ်မလဲ။
Jeremy Douglas : အစိုးရတွေက အဆင့်အားလုံးမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုတယ်။ အထူးသဖြင့် မှောင်ခို မှုလုပ်တဲ့ နယ်စပ်တွေမှာ အဓိက ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။ မြန်မာနိုင်ငံထဲကို ဒီလိုမူးယစ်ဆေးဝါးတွေ ချက်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ ဝင်ရောက်မှု၊ အဲဒီကနေ တန်ပေါင်းများစွာချီပြီး ထုတ်လုပ်နေတဲ့ မူးယစ်ဆေးဝါးတွေ နည်းလမ်းပေါင်းစုံနဲ့ ဖြန့်ဖြူးတာတွေကို တားဆီးနိုင်ဖို့ အားလုံးဟာ သတင်းအချက်အလက် မျှဝေခြင်းနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းတွေလုပ်ဖို့ လိုအပ်တယ်။ မတူညီတဲ့ အရာမျိုးစုံ၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုမှု၊ လက်နက်မှောင်ခိုမှု၊ လူမှောင်ခိုမှုတွေက အစ အားလုံးကွင်းဆက်လိုပတ်သက်နေတာကြောင့် စနစ်တကျဒုစရိုက်ဂိုဏ်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုတယ်။ ငွေကြေးခဝါချမှုတွေက ဒီလုပ်ငန်းရဲ့ အသက်ဖြစ်လို့ အားလုံးကို ခြုံပြီး တားမြစ် နိုင်ဖို့ လိုပါတယ်။
UN News : ပူးပေါင်းဆောင်ရွက်ရေးက ဘယ်လောက်အထိတောင် အရေးပါနေတာလဲ။
Jeremy Douglas : နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေဆိုတာလည်း တာဝန်မျှဝေခွဲယူပြီးလုပ်ကြတာဖြစ်လို့ တားဆီးရေးလုပ်ငန်းစဉ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်ခြင်းက အခြေခံအကျဆုံးအရာပဲ။ ချက်ချင်း လှုပ်ရှား နိုင်ဖို့ရည်ရွယ်ပြီး UNODC ဟာ BLOs လို့ခေါ်တဲ့ နယ်စပ်ဆက်ဆံရေးရုံးပေါင်း ၁၂၀ ကို ဒီဒေသဝန်းကျင်မှာ ဖွင့်လှစ် ထားတာဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေးအေဂျင်စီတွေဆီ သတင်းအချက်အလက်တွေ ဖြန့်ဝေမျှပေးဖို့နဲ့ အရေးယူဖို့ အဓိကထား လုပ်ဆောင်ကြရပါတယ်။ ပူးပေါင်းဆောင်ရွက်မှုအရ ကျွန်တော်တို့ရဲ့ BLOs ရုံးအဖွဲ့တွေကပေးတဲ့ သတင်းရင်းမြစ်တွေကနေ ထိုင်းအာဏာပိုင်တွေဟာ လူမှောင်ခို၊ ရွှေ့ပြောင်းလုပ်သား ခိုးသွင်းမှု၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မူ၊ သစ်၊ လက်နက်မှောင်လိုမှုတွေကို ဖမ်းဆီးနိုင်ခဲ့တာတွေ အကြိမ်မနည်းပါဘူး။ ကမ္ဘာလုံး ဆိုင်ရာ မူးယစ်ဆေးမှောင်ခိုမှုအတွက် ပထမဆုံးလမ်းကြောင်းဖြစ်တဲ့လာအိုမှာလည်း အရာရှိတွေအများအပြား ခန့်အပ်ထားပြီး မူးယစ်ဆေး ရှေ့ပြေးနိမိတ်ဓာတုဆေးဝါးလမ်းကြောင်းကို ပိတ်ဆို့ဖို့ ကြိုးစားနေတယ်။ လာအို တရားမဝင်ဓာတ်ခွဲခန်းတွေကနေ ဒီဓာတုဆေးဝါးတွေက မူးယစ်ဆေးထုတ်မယ့် ဒေသကို ဦးဆုံး စီးဆင်းတာကိုး။ ဒါက ရှေးပြေးကာကွယ်မှုအစီအစဉ်လို့ ခေါ်နိုင်တယ်။
UN News : BLOs တွေအတွက် စိန်ခေါ်မှုတွေက ဘာတွေလဲ။
Jeremy Douglas : သက်သေ ကိန်းဂဏန်းအချက်အလက်တွေ မရှိတော့ BLOs ဝန်ထမ်းတွေဟာ မှုခင်း ပတ်ဝန်းကျင်အနေအထးကို လိုက်လျှောညီထွေဖြစ်အောင် သိရှိနားလည်ဖို့လိုတယ်။ အဲဒီအတွက် အထောက် အပံ့တွေလိုတယ်။ နောက်ဆုံးဖြစ်တည်မှုအခြေအနေတွေ၊ နောက်ဆုံးရသတင်းအချက်အလက်တွေကို ဥပဒေ စိုးမိုးရေးအဖွဲ့တွေက နားလည်သိရှိထားနိုင်ရမယ်။ ဒါမှ ဘာတွေကြိုမျှော်လင့်ထားရမလဲ။ ဘယ်လိုဖြေရှင်းမလဲ ဆိုတာ သိနိုင်ကြမယ်။ အရေးကြီးတဲအထဲ ဒီကွန်ရက်ဟာ နိုင်ငံရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေလည်း လိုအပ်လှပါ တယ်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ မတူညီကွဲပြား သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးပြဿနာ တွေက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်။ ဒါကြောင့် ကုလသမဂ္ဂဟာ သက်ဆိုင်ရာနိုင်ငံတွေကြား အထူးကဏ္ဍကနေ ခြေလှမ်းထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးပေးသူဖြစ်ဖို့ လိုတယ်။ အစိုးရတွေနဲ့ဒေသန္တရဥပဒေစိုးမိုးရေးအေဂျင်စီတွေ သတင်းအချက်အလက်တွေကို တက်ကြွစွာမျှဝေနေခြင်းက ကုလသမဂ္ဂအတွက် ကြီးမားတဲ့ အောင်မြင်မှု Credit ရမှုဖြစ်စေပါတယ်။
UN News : ဒီလောက်သေးငယ်တဲ့ နယ်မြေလေးက ကြီးမားလှတဲ့ နယ်စပ်ဖြတ်ကျော်၊ ဒေသတွင်း၊ ကမ္ဘာလုံး ဆိုင်ရာ စနစ်တကျရာဇဝတ်မှုတွေကို ဘယ်လိုများလုပ်ဆောင်ပြီး တရားမဝင် မှောင်ခို ကူးနေနိုင်ရတာလဲ။
Jeremy Douglas : ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးကုန်သွယ်မှုမှာ အဓိကကျနေတဲ့ အာရှ-ပစိဖိတ်ဒေသအပေါ် လွှမ်းမိုး ထားနိုင်တဲ့ စနစ်တကျရာဇဝတ်ဂိုဏ်းတွေဟာ ဘေးကင်းရာ ကောင်းကင်ဘုံကို ရှာဖွေကြတယ်။ တရားမဝင်အလုပ်မှန်သမျှ လွတ်လပ်စွာလုပ်ကိုင်နိုင်ဖို့ ပရမ်းပတာဒေသ၊ ဝင်ထွက်လွယ်တဲ့ နယ်စပ်စည်း၊ အုပ်ချုပ်မှုအာဏာ စိုးမိုးမှုမရှိတဲ့ ရပ်ဝန်းတွေကိုရှာပြီး စီးပွားရေး စီမံကိန်းတွေကို လုပ်ကြတာပါ။ ရွှေတြိဂံဒေသဟာ စနစ်တကျရာဇဝတ်မှုကျူးလွန်ရာ Safe Haven ပါပဲ။
UN News : ဒီလိုနေရာဒေသကျဉ်းကျဉ်းကလေးက လုပ်ဆောင်နေတဲ့ ဒုစရိုက်မှုဟာ ကမ္ဘာ့အခြားနေရာ အသီးသီးမှာ နေထိုင်တဲ့ လူသားတွေအပေါ် ဘယ်လို အကျိုးသက်ရောက်နေစေလဲ။
Jeremy Douglas : မူးယစ်ဆေးတွေကို ရွှေတြိဂံကပဲ ထုတ်တယ်ဆိုပေမယ့် ပစ္စိဖိတ်ဒေသ၊ နယူးဇီလန်၊ ဩစတြေးလျနဲ့ ဂျပန်နိုင်ငံ လမ်းမတွေပေါ်အထိ ပျံ့နှံ့ရောက်ရှိနေတာပဲ။ ဆစ်ဒနီကနေ တိုကျိုလမ်းမတွေပေါ် အထိ ရောက်နေတော့ ဆေးစွဲသူတွေဟာ တစ်ဦးချင်းအတွက်သော်လည်းကောင်း၊ မိသားစုအတွက်၊ ပိုမိုကျယ်ပြန့် တဲ့ လူ့အဖွဲ့အစည်းတွေအထိ ဖျက်ဆီးတဲ့ ဆိုးကျိုးတွေ ခံစားရစေတယ်။
UN News : UNODC ရဲ့ လက်ရှိ ဒုစရိုက်ဇုန်မှာ ချမှတ်လုပ်ဆောင်နေတဲ့ ပုံစံဟာ ကမ္ဘာ့တစ်ခြားသော နေရာ တွေအတွက်ဆို ဘယ်လောက် ပြောင်းလဲတိုးတက်ဖြစ်ပေါ်စေနိုင်လဲ။
Jeremy Douglas : ပြောင်းလဲတိုးတက်စေတဲ့ အယူအဆတစ်ခုဖြစ်စေပါတယ်။ UNODC ဟာ ဗဟိုအာရှနဲ့ မြောက်အာဖရိကမှာလည်း ဒီကွန်ရက်ပုံစံအတိုင်း အလုပ်တွေ လုပ်နေတာပါပဲ။ အရှေ့တောင်အာရှက မူးယစ်ဆေး နဲ့ဒုစရိုက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေဟာ အာဖရိက၊ လက်တင်အမေရိကနဲ့ အလှမ်းဝေးလွန်းတယ်ဆိုပေမယ့် တောင်ပိုင်းနဲ့ဗဟိုအာဖရိကဟာ နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုအများဆုံးရှိတဲ့ နေရာတွေဖြစ်လို့ သူတို့အတွက်လည်း အကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်။ ဘိန်းဖြူက အာဖရိကအရှေ့တောင်ပိုင်းက အများဆုံးကုန်သွယ်နေတယ်။ ပင်လယ်ရေကြောင်းလမ်းကနေ အရှေ့အာဖရိကကို စီးဆင်းတယ်။ အဲဒီကနေမှာ နယ်စပ်တွေဖြတ်ကျော်ကြ တယ်။ လက်တင်အမေရိကမှာ ကိုကင်းက နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုနဲ့ဝင်တယ်။ အီကွေဒေါကနေဖြစ်ပြီး ကိုလံဘီယာ၊ ဘိုလီးဗီးယားနိုင်ငံတွေဆီ ရောက်တယ်။ အဲဒီကမှ ဥရောပရဲ့ ဘော်လ်ကန်ဒေသကို စီးဆင်းတာပါ။
ဂျီနီဗာ ကုလသမဂ္ဂရုံးဝက်ဘ်ဆိုက်မှာ ဂျရမီဒေါက်ဂလက်စ်နဲ့ ရွှေတြိဂံအရေး အင်တာဗျူးကို ၂၀၂၃ ဇွန် ၂၉ ရက်နေ့ဖော်ပြထားချက်အား ဘာသာပြန်ဆိုဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။
#MeKongNews
#ရွှေတြိဂံ
#မူးယစ်
#ဂျရမီဒေါက်ကလက်စ်
#အင်တာဗျူး








