~ ဒင်းဒင်း ~
မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာတွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြပါတယ်။
အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency) နဲ့ ရင်းနှီးမြုပ်နှံမှု လိမ်လည်မှုတွေ လုပ်တဲ့နေရာတွေကို အများအားဖြင့် တရုတ်လူမျိုးတွေက လုပ်ကိုင်ကြတာဖြစ်ပြီး သူတို့ထဲက ၁၄၈ ဦးကို တရုတ်နိုင်ငံကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ မဒါဂါစကာ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဩဂုတ် နဲ့ စက်တင်ဘာလအတွင်း အမေရိကန်တရားရေးဌာန (DOJ) နဲ့အတူပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ တရုတ်တွေလုပ်ကိုင်နေနဲ့ ကျားဖြန့်စင်တာ ၁၃ ခုကို ဖြိုခွင်းခဲ့တယ်လို့ မဒါဂါစကာ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။
တစ်ရက်တည်းမှာ အမေရိကန်ဒေါ်လာ ၅၂ သန်းဖိုးလောက်ရှိတဲ့ cryptocurrency တွေနဲ့ အီလက်ထရွန်းနစ်ပစ္စည်း ၃၂၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောပါတယ်။ အဲဒီကွန်ရက်တွေ ကျယ်ပြန့်လာနေတာ အထူးသဖြင့် အာဖရိကတောင်ပိုင်းထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တာကို ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့(UNODC) က ၂၀၂၅ ခုနှစ်မှာ သတိပေးခဲ့ပါတယ်။ အကျဉ်းဦးစီးဌာနအကြီးအကဲလည်း ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် လူသိရှင်ကြား ဖြစ်ခဲ့တဲ့ ဩဂုတ်လအတွင်းက ကျော်မကောင်း ကြားမကောင်းမှုမှာ အွန်လိုင်းလိမ်လည်မှုတွေမှာ သီးခြားဖမ်းမိထားခဲ့တဲ့ တရုတ်လူမျိုး ၁၁ ဦး မဒါဂါစကာအကျဉ်းထောင်ထဲကနေ ထူးထူးဆန်းဆန်း လွတ်မြောက်သွားခဲ့ပါတယ်။
ကနဦးတွေ့ရှိချက်တွေအရ သူတို့ဟာ လူကုန်ကူးခံရသူတွေ ဖြစ်နိုင်တယ်လို့ ဆိုထားကြတဲ့ အာဖရိကတိုက်သား အများအပြားကတော့ ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။ လူမှုမီဒီယာကနေ လူစုဆောင်း အရှေ့တောင်အာရှက အွန်လိုင်းလိမ်လည်လုပ်ငန်းတွေလိုပဲ အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံမှာရှိတဲ့ ကျားဖြန့် စင်တာတွေကလည်း လူမှုကွန်ရက်တွေကနေ မြင့်မားတဲ့ လစာတွေနဲ့ အာဖရိကနိုင်ငံသားတွေကို မျှားခေါ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအမှုမှာ ကင်ညာ၊ ရဝမ်ဒါ၊ ယူဂန်ဒါ နဲ့ ဇင်ဘာဘွေနိုင်ငံသား ၂၀ လောက် ကို ထိန်းသိမ်းထားတယ်လို့ မဒါဂါစကာအာဏာပိုင်တွေကပြောပါတယ်။
“မဒါဂါစကာက စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်လာလုပ်ကြဖို့ ဖေ့စ်ဘွတ်ကနေ တစ်ဆင့် လူစုဆောင်းခံခဲ့ရတယ်လို့ သူတို့ရဲ့ ထွက်ဆိုချက်တွေက ဆိုထားပါတယ်။ ဒါပေမဲ့လည်း သူတို့ ဒီကိုရောက်လာတဲ့အချိန်မှာ အများစုရဲ့ နိုင်ငံကူးလက်မှတ်တွေကို အထက်လူကြီးတွေက သိမ်းထားပြီး အွန်လိုင်းကနေ လိမ်တဲ့အလုပ်ကို လုပ်ရပါတော့တယ်။ သူတို့တွေ လှည့်စားခံရတာပါ” လို့ မဒါဂါစကာရဲတပ်ဖွဲ့ရဲ့ ရာဇဝတ်မှုအကြီးအကဲ ဟက်ဆန်မောအီနီက ပြောပါတယ်။
အချစ်ကို ဗန်းပြပြီး လိမ်လည်တဲ့အစီအစဉ်ကို လုပ်ကိုင်ဖို့ ကြီးကြပ်ရသူ တစ်ဦးကတော့ ချူကော့ဝါးလို့ ဖော်ထုတ်ရရှိထားတဲ့ မလေးရှားနိုင်ငံသား တစ်ဦးဖြစ်ပါတယ်။ သူက မဒါဂါစကာမြို့တော် အန်တာနာနာရီဗို အနီးက အိုင်ဗီတိုလူကုံထံ ရပ်ကွက်က အိမ်ကြီးတစ်လုံးမှာ နေထိုင်တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။
“သူ့ရဲ့ နိုင်ငံကူးလက်မှတ် ဗီဇာကို ကြည့်ပြီး သူက ၂၀၂၄ ခုနှစ်မှာမှ ဒီကိုပထမဆုံး ရောက်ဖူးခဲ့တယ်ဆိုတာကို ကောက်ချက်ရလို့ရပြီး အဲဒီမတိုင်ခင်မှာ သူက ကမ္ဘောဒီးယားမှာ နေခဲ့တာပါ” လို့ မော်အီနီက ဆိုပါတယ်။
ဖြစ်နိုင်တာကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ငွေလိမ်းဂိုဏ်းတွေအပေါ် အရေးယူမှုတွေ လုပ်လာတဲ့နောက်ပိုင်းမှာ တရုတ်၊ မလေးရှားနဲ့ အဆက်အသွယ်ရှိတဲ့ သူ့ရဲ့ ရာဇဝတ်အုပ်စုက ၂၀၂၅ ခုနှစ် စောစောပိုင်းမှာ မဒါဂါစကာမှာလာပြီး ကျားဖြန့်ဝင်းတွေ ဖွင့်လာခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ယုံကြည်ပါတယ်။
မဒါဂါစကာနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဆိုက်ဘာမူခင်းများ ပေါင်းစပ်ညှိနှိုင်းရေးမှူး ရှီတိုဟိုင်နာရာလီဟီဗာအိုကလည်း သူတို့ဆီက ကျားဖြန့်လုပ်ငန်းတွေနဲ့ နှစ်ဖက်စစ်တပ်ကြားတိုက်ပွဲတွေလည်း ဖြစ်ခဲ့တဲ့ ထိုင်းနဲ့နယ်စပ်အနီး ကမ္ဘောဒီးယားနယ်စပ်နားက ကျားဖြန့်ဝင်းတွေကို ဆက်စပ်ပြောဆိုပါတယ်။
“ထိုင်းတွေက သူတို့ကို ဖြိုခွင်းလိုက်တဲ့ အချိန်မှာ သူတို့က လုပ်ငန်းတွေကို တခြားနေရာကိုရွှေ့ပြောင်းလိုက်ကြတာပါပဲ။ မဒါဂါစကာကို ရောက်လာတာ အဲဒီအဖွဲ့တွေပါပဲ” ဟု ရာလီဟီဗာအိုက အေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။
မဒါဂါစကာမြို့တော် အန်တာနာနာရီဗိုက ကျားဖြန့်ဝင်းတစ်ခုမှာ အလုပ်လုပ်ခဲ့တဲ့ ဘရာဇီးနိုင်ငံသား ၃ ဦးကို မေးမြန်းစစ်ဆေးပြီးတဲ့နောက်မှာ အဲဒီလိုပဲ ကောက်ချက်ဆွဲထားတာကို FBI တရားရုံးတစ်ခုက မျှဝေ ထားတဲ့ စာရွက်စာတမ်းမှာ တွေ့ရပါတယ်။
“သူတို့က အစပထမမှာ အွန်လိုင်းမှာတင်ထားတဲ့ အလုပ်အကိုင် အခွင့်အရေးတွေကို တုံ့ပြန်ခဲ့ရာကနေ ကမ္ဘောဒီးယားနိုင်ငံမှာ ရှိတဲ့ ဝင်းထဲရောက်သွားခဲ့တာလို့ ဒီလူတွေကပြောကြပါတယ်။ နောက်တော့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကြား လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာတာကြောင့်ရော ကျားဖြန့်လုပ်ငန်းတွေအပေါ် ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ရဲ့အရေးယူမှုတွေကြောင့်ရော သူတို့ကို ၂၀၂၆ မေလစောစောပိုင်းမှာ မဒါဂါစကာနိုင်ငံမြို့တော် အန်တာနာနာရီဗိုဆီ ပေါင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်” လို့ တရားရုံး ထုတ်ပြန်စာက ဖော်ပြထားပါတယ်။
“အရှေ့တောင်အာရှက လုပ်ငန်းတွေကို ပိတ်သိမ်းခဲ့ရပြီးနောက်မှာ အွန်လိုင်း ငွေလိမ်စင်တာတွေကို အာဖရိကမှာ ပိုပြီး ဖွင့်လှစ်လာကြပါတယ်” လို့ FBI က ပြောထားပါတယ်။
အမေရိကန် အာဏာပိုင်တွေ ကြားဝင်ကိုင်တွယ်ရတဲ့ အကြောင်းရင်းကတော့ အဲဒီလုပ်ငန်းတွေက အမေရိကန်၊ ကနေဒါနဲ့ ပါကစ္စတန်တို့လို အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတွေကို အဓိကပစ်မှတ်ထားတာကြောင့်ဖြစ်တယ်လို့ မော်အီနီက ဆိုပါတယ်။ ဒါ့ကြောင့်လည်း အင်္ဂလိပ်စကားပြောတဲ့ အာဖရိကတိုင်းပြည်တွေက လူတွေကို လိုအပ်တာလို့ ရာလီဟီဗာအိုက ဖြည့်စွက်ပြောပါတယ်။
အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ရောက်လာတာကို မဒါဂါစကာမြို့တော်မှာ သတိမပြုမိကြတာတော့ မဟုတ်ပါဘူး။
“အရင်တုန်းကတော့ သူတို့က နည်းနည်း သိုသိုသိပ်သိပ်ရှိတဲ့ အိမ်ကြီးတွေမှာ နေရာယူခဲ့ကြတာပါ။ သူတို့က ဟိုတယ်တွေကို အလုံးလိုက် ငှားရမ်းလာချိန်တော့ ကျနော်တို့ကို တပ်လှန့်လိုက်သလို ဖြစ်လာခဲ့တာ” လို့ မော်အီနီက ပြောပြပါတယ်။
မြို့တော်က Live Hotel မှာ နေရာယူထားတဲ့ ကျားဖြန့်လုပ်ငန်းတစ်ခုရဲ့ ခေါင်းဆောင်လို့ သံသယရှိသူဟာ တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ပေကျင်းကို ပြန်ပို့လိုက်တဲ့အထဲမှာ သူလည်း ပါသွားပါတယ်။ ခေါင်းဆောင်လို့ ဖော်ထုတ်ထားတဲ့ တခြား တရုတ်နိုင်ငံသားအားလုံးလိုပဲ သူ့ကိုလည်း FBI က မေးမြန်းစစ်ဆေးတာ မလုပ်နိုင်ဘူးလို့ အမေရိကန်ဖက်ဒရယ်ရဲတပ်ဖွဲ့က တရားရုံး စာရွက်စာတမ်းမှာ ဆိုထားပါတယ်။
Ref:AFP
#MeKongNews








