~ မာန်လုငယ် ~
မက်ဆီနဲ့ စီရော်နယ်တို့ ကစားပုံမတူပါဘူး။ ဘယ်သူကပိုကောင်းတယ် မကောင်းဘူးဆိုတာလည်း မြန်မာမှာသာမက ကမ္ဘာလည်းဆွေးနွေးကြပါတယ်။ မိုက်ထိုးမီဒီယာတွေ တွေ့ရတဲ့ လက်ရွေးစင်အမျိုးသမီး၊ အမျိုးသား ဘောလုံးသမားတချို့ စီရော်ဒိုကိုကြိုက်တယ် ဘာလို့ဆို စီရော်နယ်ဒိုက လေ့ကျင့်လို့ မက်ဆီက ပါရမီပါတာဆို ပြောကြတာကို မကြာခဏ ကြည့်ဖူး နားထောင်ဖူးပါတယ်။
အဲ့ဒီလိုပဲ ၁၅ နှစ်အောက်လူငယ်တွေကို လေ့ကျင့်ပေးတဲ့သူ နည်းပြတချို့က ရော်နယ်ဒိုအတုယူ သူက ကြိုးစားလို့ ဒီအဆင့်ရောက်တာ ဆိုတာမျိုးက ၁၅ နှစ်အောက် လူငယ်ကစားသမားတွေအတွက် ပြဿနာရှိပါတယ်။ တကယ်တော့ ဘောလုံးဆို ၁၁ ယောက် ကစားကြတာပါ။ မြန်မာမှာလိုပဲ နိုင်ငံတကာဘောလုံးဆွေးနွေးမှုတွေမှာ မက်ဆီက မွေးရာပါ natural talent၊ ရော်နယ်ဒိုက ပြင်းထန်တဲ့ လေ့ကျင့်မှု hard work ဆိုတဲ့ ပုံဖော်ပြောဆိုမှုတွေက အတော်ကျယ်ပြန့်ခဲ့ပါတယ်။ အထူးသဖြင့် ပရိသတ်တွေ၊ လူငယ်ဘောလုံးသမားတွေကို စိတ်ခွန်အားပေးတဲ့ အကြောင်းအရာတွေမှာ ရိုးရှင်းနားလည်အောင် ဒီလိုပဲ ခပ်လွယ်လွယ် ခွဲပြောတတ်ကြတာလို့ ထင်ပါတယ်။
ရော်နယ်ဒိုက လေ့ကျင့်လို့ ဒီအဆင့်ရောက်လာတာ မက်ဆီကတော့ ပါရမီကြောင့်ဆို နှိုင်းယှဥ်ပြောဆိုချက် ၁၅ နှစ်အောက် ကလေးတွေအတွက်တော့ မပြည်စုံဘူးလို့ ထင်ပါတယ်။
ရော်နယ်ဒိုလို အရမ်းကြိုးစား၊ သူ့လို ဂိုးသွင်း၊ သူလို ကိုယ်တိုင်ကျော်ဖြတ် ဆိုတာမျိုး ဖြစ်သွားပြီး ငါကောင်းကောင်းကစားရမယ်ဆိုတဲ့ တကိုယ်တော် စိတ်ထားထားဖို့ကို အလွန်အကျွံ ဖြစ်သွားနိုင်ပါတယ်။ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
တကယ်တော့ ရော်နယ်ဒိုမှာ အတုယူသင့်တာ စည်းကမ်း၊ လေ့ကျင့်မှု၊ ခံနိုင်ရည်ရှိမှု၊ ယုံကြည်မှု၊ ဂိုးဆာလောင်တဲ့စိတ်ဓာတ်တို့ဟာ အတုယူစရာ စံပြုစရာတွေကပါ။ အလားတူ မက်ဆီကိုလည်း ပါရမီရှိလို့ ဒီလိုကစားနိုင်တာ ပြောရင် မမှန်ပါဘူး။ မက်ဆီက အမြဲတမ်း အနီးပတ်ဝန်းကျင်ကို လှည်ပတ်ကြည့်နေတာ၊ အချိန်ကိုက် ပြေးဝင်လှုပ်ရှားတတ်မှု၊ နေရာလွတ်တွေရှာပြီး အသုံးချတာ၊ ပွဲကိုဖတ်နိုင်မှု၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်နိုင်မှု၊ ဘောလုံးနဲ့အတူဆွဲပြေးပြီး လုပ်ဆောင်တဲ့ ဆုံးဖြတ်ချက်တွေကလည်း ၁၅ နှစ်အောက်တွေ သင်ယူပြီး လေ့ကျင့်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ မက်ဆီရဲ့ ပါရမီ ဆိုတာထက် လေ့ကျင့်ရင် ကလေးတွေရနိုင်တဲ့ ကျွမ်းကျင်မှုတွေဆို ပြောပြရမယ်၊ သင်ပေးရမယ်လို့ ထင်ပါတယ်။ တကယ်ဆို နှစ်ယောက်စလုံးမှာ နှစ်ခုစလုံး ရှိပါတယ်။ မက်ဆီက ထူးခြားတဲ့ မွေးရာပါ ဘုရားပေးလက်ဆောင် ရှိတယ်။ ဒါပေမဲ့ ဘာစီလိုနာအကယ်ဒမီမှာ နှစ်ပေါင်းများစွာ လေ့ကျင့်ခန်း ထပ်ခါတလဲလဲ ပြုလုပ်တာတွေ၊ လူ ၅ ယောက် ၇ ယောက် ကစားရသည့် ပွဲငယ်များ၊ ဆုံးဖြတ်ချက်ချရတဲ့ ပတ်ဝန်းကျင်တွေနဲ့အတူ ဖွံ့ဖြိုးလာတာပါ။ ဗီဇရော ပတ်ဝန်းကျင်ရော ဆိုပါတော့။ ထို့အတူ ရော်နယ်ဒိုမှာလည်း အလွန်ပြင်းထန်တဲ့ လေ့ကျင့်မှုတွေရှိတယ်။ မြန်နှုန်း၊ ချိန်သားကိုက်မှု၊ ပြိုင်ဆိုင်မှုရှိတဲ့ ဗီဇသဘာဝတွေ စသဖြင့် ရှိပါတယ်။ သာမာန်ကလေးတစ်ယောက် အရမ်းလေ့ကျင့်လို့ ရော်နယ်ဒိုဖြစ်သွားတယ်ဆိုတာမျိုး ပြောဖို့ခက်ပါတယ်။
မက်ဆီကို အတုယူရင် ပါရမီဆိုတာထက် သူရဲ့ ဆုံးဖြတ်ချက်တွေ အတူယူ၊ ရော်နယ်ဒိုကိုလည်း သူရဲ့ ဂိုးဆာလောက်မှုထက် သူရဲ့ စည်းကမ်းနဲ့ အခုအသက်အရွယ် ခံနိုင်ရည်နဲ့ ကြံခိုင်မှုကို အတုယူကြဆိုတာမျိုး ဖြစ်သင့်သလို နှစ်ခုစလုံးထက် အရေးကြီးတာ အသင်းအတွက် ဘယ်လိုကစားမလဲပဲ ဆိုတာ ဆွေးနွေးပြရင် ပိုကောင်းပါတယ်။ အထူးသဖြင့် ဘောလုံးကစားနည်းက တယောက်တည်းကောင်း အနိုင်ရတာမဟုတ်ဘူး၊ တယောက်ချင်းစီကောင်းတာကို အသင်းအတွက် အသုံးချနိုင်မှ အနိုင်ရတာဆိုတဲ့ အယူအဆက အကယ်ဒမီတွေ လူငယ်လေ့ကျင့်ရေးတွေမှာ အရမ်းကောင်းတဲ့ principle တစ်ခုလို့ ကျနော်မြင်ပါတယ်။ တကယ်တော့ ၁၅ နှစ်အောက် ကလေးသူငယ်တွေဟာ ဘောလုံးနည်းစနစ်တွေ လေ့ကျင့်ဖို့ ကောင်းတဲ့အရွယ်ပါ။ ၁၅ နှစ်အောက် ဘောလုံးဖွံ့ဖြိုးရေး အကယ်ဒမီတွေအတွက်ဆို ဗီဇ၊ သဘာဝပါရမီက ကလေးတယောက်ကို စတင်နိုင်စေပါတယ်။ လေ့ကျင့်သင်ကြားမှုက ကလေးကို တိုးတက်စေပါတယ်။ ပတ်ဝန်းကျင်က ကလေးကို ကစားနည်းကို သင်ယူစေပါတယ်။
ဆုံးဖြတ်ချက်တွေကတော့ အသင်းအတွက် အဲဒီအရာတွေကို ဘယ်လိုအသုံးချမလဲ ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ၁၅ နှစ်အောက် ကလေးဘောလုံးဖွံ့ဖြိုးရေးမှာ အရေးကြီးတာက –
ဘာကို လေ့ကျင့်ရမလဲ၊ ဘာကြောင့် လေ့ကျင့်ရမလဲ၊ ကစားပွဲထဲမှာ ဘယ်အချိန် အသုံးချရမလဲ၊ အဲဒီ skill က အသင်းကို ဘယ်လိုအကျိုးရှိစေမလဲ ဆိုတာတွေက အရေးကြီး သော့ချက်ကျတယ်လို့ ထင်ပါတယ်။
#MeKongNews








