~ လင်းမောင် ~
လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုနီးပါး ကာလအများစုတွင် ပေကျင်းအစိုးရသည် ဂျပန်နိုင်ငံနှင့် ပတ်သက်၍ အတော်အတန် တည်ငြိမ်သော ယူဆချက်တစ်ခုအပေါ် အခြေခံ၍ လုပ်ဆောင်ခဲ့ပုံရသည်။ တိုကျိုအစိုးရသည် အခါအားလျော်စွာ သံတမန်ရေးရာ တင်းမာမှုများ ရှိနေသည့်ကြားကပင် အခြေခံအားဖြင့် ဆက်လက်သတိကြီးနေလိမ့်မည်၊ တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ချိတ်ဆက်ထားမည်၊ ၎င်း၏ စစ်ပြီးခေတ် နိုင်ငံရေးယဉ်ကျေးမှုအရ ပြည်တွင်း၌ ကန့်သတ်ချက်များ ရှိနေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဝါဒအခြေပြု လုံခြုံရေးရပ်တည်ချက်ကို ကျော်လွန်ရန် ဝန်လေးနေလိမ့်မည် ဟူ၍ ဖြစ်သည်။ ထိုယူဆချက်မှာ ယခုအခါ တရုတ်နိုင်ငံကိုယ်တိုင်၏ ရန်လိုသော ရပ်တည်ချက်ကြောင့် သိသိသာသာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လွန်ခဲ့သောနှစ်အတွင်း တရုတ်-ဂျပန် ဆက်ဆံရေး ယိုယွင်းလာမှုသည် အခြားသော သီးခြားအကျပ်အတည်းတစ်ခုတည်းကြောင့် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ၎င်းသည် ထိုင်ဝမ်နှင့် အရှေ့တရုတ်ပင်လယ်ပြင် ဝန်းကျင်တို့တွင် စီးပွားရေးအရ အတင်းအကျပ် လုပ်ဆောင်မှုများ၊ စစ်ရေးအရ အချက်ပြမှုများနှင့် ဆက်တိုက်ဖိအားပေးမှုများ၏ စုဆောင်းလာခဲ့သော ရလဒ်ဖြစ်သည်။ ပေကျင်း၏ ရည်ရွယ်ချက်မှာ ဂျပန်အနေဖြင့် တရုတ်၏ အကျိုးစီးပွားများကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ခြင်းမပြုရန် တားဆီးဖို့ ဖြစ်နိုင်သော်လည်း လက်တွေ့တွင်မူ ၎င်းသည် တရုတ်နိုင်ငံကိုယ်တိုင် နှစ်ရှည်လများ ကြောက်ရွံ့ခဲ့ရသည့် ဂျပန်၏မဟာဗျူဟာမြောက် အသွင်ကူးပြောင်းမှုကို ၎င်းကိုယ်တိုင်ပင် အရှိန်မြှင့်တင်ပေးခဲ့သည်။
ထိုင်ဝမ်အပေါ် တရုတ်၏ တိုက်ခိုက်မှုသည် တိုကျို၏ လုံခြုံရေးဥပဒေအရ ဂျပန်နိုင်ငံအတွက် “တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှု” (Existential threat) ဖြစ်လာနိုင်ကြောင်း ၂၀၂၅ ခုနှစ် နှောင်းပိုင်းတွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanaae Takaichi) က ပြောကြားခဲ့ပြီးနောက် ပေကျင်းထံမှ ပြင်းထန်သော တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ပြီး ငြင်းပယ်၍မရအောင် ထင်ရှားလာခဲ့သည်။
သံတမန်ရေးရာ ကန့်ကွက်မှုများ၏ နောက်ဆက်တွဲအဖြစ် ဂျပန်ပင်လယ်စာ တင်သွင်းမှုများကို ကန့်သတ်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်မှုများကို ဖိအားပေးခြင်းနှင့် အဆုံးစွန်အားဖြင့် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် မြေရှားသတ္တု ဆိုင်ရာ ထုတ်ကုန်များ တင်ပို့မှုကို ထိန်းချုပ်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ယနေ့ခေတ် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးရပ်တည်ချက်သည် လွန်ခဲ့သော ငါးနှစ်ကနှင့်ပင်မတူ နိုင်ငံရေးအရ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသော အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည်။ တိုကျိုအစိုးရသည် ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၂ ရာခိုင်နှုန်းအထိ မြှင့်တင်ရန်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး ယွမ် ၉ ထရီလီယံထက်ကျော်လွန်သော စံချိန်တင် ကာကွယ်ရေးဘတ်ဂျက်ကို အတည်ပြုခဲ့သည်။ ယင်းဘတ်ဂျက်တွင် ဝေးလံသော ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသော စနစ်များ၊ လူမဲ့မောင်းနှင်မှုစနစ်များ၊ ဒုံးကျည်ကာကွယ်ရေးစနစ်များနှင့် ဂျပန်နိုင်ငံ အနောက်တောင်ဘက်ကျွန်းစုများတစ်လျှောက် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည်။ ဂျပန်အစိုးရသည် ဗြိတိန်၊ အီတလီတို့နှင့်အတူ နောက်မျိုးဆက် တိုက်လေယာဉ်များကို ပူးတွဲတီထွင်မှုကိုလည်း အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာကြာ လက်နက်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကိုလည်း လျှော့ချခဲ့သည်။
ဤသည်မှာ ဒေသတွင်း မတည်ငြိမ်မှုအပေါ် စိတ္တဇဆန်စွာ စိုးရိမ်ပူပန်းနေခြင်းသက်သက် မဟုတ်ပေ။ တရုတ်၏ လုပ်ရပ်များသည် ဂျပန်နိုင်ငံအတွင်း စစ်ဘက်ဆိုင်ရာ ပုံမှန်အခြေအနေသို့ ကူးပြောင်းရေး (Military normalization) အတွက် အကြောင်းပြချက်များကို ဆက်တိုက် ခိုင်မာစေခဲ့သည်။ အိုကီနာဝါ၊ မီယာကိုရေလက်ကြားနှင့် ဆန်ကာကုကျွန်းစုများ ဝန်းကျင်တွင် တရုတ်ရေတပ်နှင့် လေတပ်၏ လှုပ်ရှားမှုများသည် မကြာခဏဖြစ်လာပြီး ပိုမိုထင်ရှားလာခဲ့သည်။ ဂျပန်ဝေဟင်ပိုင်နက်အနီးတွင် တရုတ်နှင့် ရုရှား ဗုံးကြဲလေယာဉ်များ ပူးတွဲကင်းလှည့်မှုများသည် ဒေသတွင်း ဟန်ချက်ညီမှုမှာ ပိုမိုမတည်ငြိမ်ဖြစ်လာနေသည်ဟူသော အမြင်ကို တိုကျိုအတွင်း ပိုမိုခိုင်မာစေခဲ့သည်။ ဤလုပ်ငန်းစဉ်များသည် ဟန့်တားမှုကို သရုပ်ဖော်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်သော်လည်း ၎င်းတို့သည် ဂျပန်မူဝါဒချမှတ်သူများအတွက် အဖွဲ့အစည်းဆိုင်ရာနှင့် ဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို လုပ်ရန် သက်သေနှင့်တကွ တွန်းအားပေးရာ ရောက်နေသည်။
ဂျပန်နိုင်ငံနှင့် ပတ်သက်၍ ပြောဆိုချက်များကပင် ပေကျင်းအတွက် ဆန့်ကျင်ဘက်ရလဒ်များကို ဖြစ်စေခဲ့သည်။ မကြာသေးမီက စင်ကာပူတွင် ပြုလုပ်ခဲ့သော ရှန်ဂရီလာဆွေးနွေးပွဲ (Shangri-La Dialogue) ၌ တရုတ်၏ “စစ်ဝါဒသစ်” (New militarism) ဟူသော စွပ်စွဲချက်များကို ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီ (Shinjiro Koizumi) က လူသိရှင်ကြား ပယ်ချခဲ့ပြီး ၎င်းအစား တရုတ်၏ လျင်မြန်သော စစ်ရေးချဲ့ထွင်မှုနှင့် ပွင့်လင်းမြင်သာမှုမရှိသော မဟာဗျူဟာမြောက် ပြုမူဆောင်ရွက်ချက်များကသာ ဒေသတစ်ဝှမ်းတွင် မလုံခြုံမှုများကို တွန်းအားပေးနေခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ဤအပြန်အလှန်ပြောဆိုမှုထက် အရေးကြီးသည့် အချက်က ရှိနေသည်။ ဂျပန်သည် ၎င်း၏ ကာကွယ်ရေးချဲ့ထွင်မှုကို အားနာစရာကိစ္စတစ်ခုအဖြစ် မဖော်ပြတော့ဘဲ တရုတ်၏ ပြုမူဆောင်ရွက်ချက်အပေါ် ယုတ္တိတန်သော တုံ့ပြန်မှုတစ်ခုအဖြစ် ပုံဖော်လာခဲ့ခြင်းပင် ဖြစ်သည်။
စီးပွားရေးဆိုင်ရာ ရှုထောင့်ကလည်း အလားတူ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသည်။ တရုတ်နိုင်ငံက မြေရှားသတ္တုနှင့် အရေးကြီးတွင်းထွက်ပစ္စည်းများကို အသာစီးရယူရန် အသုံးချခဲ့မှုသည် ပေကျင်းက ဂျပန်သို့ တင်ပို့မှုများကို အလားတူ ကန့်သတ်ခဲ့ဖူးသည့် ၂၀၁၀ ပြည့်နှစ် ဆန်ကာကုအငြင်းပွားမှုကို ပြန်လည်သတိရစေခဲ့သည်။ ယခုတစ်ကြိမ်တွင် Dysprosium၊ Terbium၊ Yttrium oxide နှင့် Gallium တို့အပေါ် ကန့်သတ်ချက်များသည် တရုတ်၏ ထောက်ပံ့ရေးကွင်းဆက်များအပေါ် ဂျပန်က မှီခိုနေရသည်ကို နောက်တစ်ကြိမ် ဖော်ထုတ်ပြသခဲ့သည်။
ရေတိုတွင်မူ ဤကန့်ကွက်ချက်များသည် အနှောင့်အယှက်ဖြစ်စေသည်။ ဆီမီးကွန်ဒတ်တာများ၊ ကာကွယ်ရေးစနစ်များနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုတို့တွင် အသုံးပြုသည့် မဟာဗျူဟာမြောက် ပစ္စည်းများစွာအတွက် ဂျပန်ကုမ္ပဏီများသည် တရုတ်၏ ထုတ်လုပ်မှုစွမ်းအားအပေါ် နက်ရှိုင်းစွာ ဆက်လက်မှီခိုနေရဆဲ ဖြစ်သည်။ သို့သော် ပိုမိုကျယ်ပြန့်သော နိုင်ငံရေး သက်ရောက်မှုမှာ ပေကျင်း၏ အကျိုးစီးပွားများကို နောက်တစ်ကြိမ် ဆန့်ကျင်သွားဖွယ် ရှိသည်။
၂၀၁၀ ပြည့်နှစ် အငြင်းပွားမှုကတည်းက တိုကျိုအစိုးရသည် ထောက်ပံ့မှုလမ်းကြောင်း ခွဲဖြာခြင်း မဟာဗျူဟာများ၊ သိုလှောင်ခြင်းများနှင့် ဩစတြေးလျကဲ့သို့သော ထောက်ပံ့သူများနှင့် လက်တွဲမှုများတွင် အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့သည်။ လက်ရှိကန့်သတ်ချက်များသည် ထိုလုပ်ငန်းစဉ်ကို နောက်ပြန်လှည့်စေမည့်အစား ပိုမိုအရှိန်မြှင့်တင်ပေးဖွယ် ရှိသည်။ အရေးကြီးတွင်းထွက်ပစ္စည်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေးတို့အတွက် မကြာသေးမီက ဂျပန်-ဩစတြေးလျ သဘောတူညီချက်များသည် ထိုဦးတည်ချက်သို့ တိုက်ရိုက်ညွှန်ပြနေသည်။
အလားတူပင် တိုကျိုသည် အမေရိကန်နိုင်ငံနှင့်သာမကဘဲ ဩစတြေးလျ၊ ဖိလစ်ပိုင်နှင့် အရှေ့တောင်အာရှ နိုင်ငံအတော်များများနှင့်ပါ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခဲ့သည်။ ယခုသီတင်းပတ်အတွင်း ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် မနီလာသို့ ဂျပန်စစ်ဘက်ဆိုင်ရာ လက်နက်များ လွှဲပြောင်းပေးအပ်မှုကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည့် သတင်းအချက်အလက် ဖလှယ်ရေးသဘောတူညီချက်တစ်ခုဆီသို့ ရွေ့လျားခဲ့ကြသည်။ ယခင်ကာလကဆိုလျှင် ထိုကဲ့သို့သော အစီအစဉ်များသည် ကြီးမားသော နိုင်ငံရေးအရ တွန်းလှန်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သို့သော် တရုတ်၏ ဒေသတွင်း ပြုမူဆောင်ရွက်ချက်များက ထိုတွန်းလှန်မှုများကို သိသိသာသာ လျော့နည်းသွားစေခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ ဂျပန်၏ အသွင်ကူးပြောင်းမှုသည် ပေကျင်း၏ မူဝါဒများကြောင့်သက်သက် ဖြစ်ပေါ်လာခြင်းဟု မဆိုလိုပေ။ ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုသည် အင်ဒို-ပစိဖိတ်ဒေသတစ်ဝှမ်းရှိ မဟာဗျူဟာမြောက် အတွေးအခေါ်များကို ပြန်လည်သုံးသပ်စေရန် ဖြစ်လာသည်။ မဟာမိတ်များအကြား ဝန်ထုပ်ဝန်ပိုး ခွဲဝေယူကြရန် အမေရိကန်၏ ဖိအားပေးမှုမှာလည်း အရေးကြီးသော အကြောင်းရင်းတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။ ဂျပန်နိုင်ငံအတွင်းရှိ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲမှုများ၊ အထူးသဖြင့် စစ်ပြီးခေတ်ကာလ၏ စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များ သိပ်မရှိတော့သည့် လူငယ်မူဝါဒချမှတ်သူများအကြား ပြောင်းလဲမှုများကလည်း အရေးပါသည်။ သို့သော် တရုတ်နိုင်ငံသည် ဤအသွင်ကူးပြောင်းမှုများကို မဟာဗျူဟာမြောက်ရော နိုင်ငံရေးအရပါ တွန်းအားပေးသကဲ့သို့ ဖြစ်စေခဲ့သည်။
၎င်းမှာ ပေကျင်း၏ ဖြစ်စေချင်သည်နှင့် ဆန့်ကျင်ဘက် ဖြစ်ရပ်ပင် ဖြစ်သည်။ တရုတ်အရာရှိများသည် ဂျပန်၏ “စစ်ဝါဒပြန်လည်ဆန်းသစ်ခြင်း” ကို ပုံမှန်သတိပေးလေ့ရှိသော်လည်း ပေကျင်းကိုယ်တိုင် ကျင့်သုံးနေသော မူဝါဒအများစုမှာ ထိုရလဒ်အတိုင်း ဖြစ်လာစေရန်အတွက် ထောက်ခံမှုများကို တက်ကြွစွာ ခိုင်မာစေလျက်ရှိသည်။
သို့သော် ဂျပန်အနေဖြင့် သတိကြီးစွာ ထားရှိမှုကို လုံးဝစွန့်လွှတ်လိုက်ပြီဟု မဆိုလိုပေ။ တိုကျိုသည် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ဆက်လက်ဒွန်တွဲနေဆဲဖြစ်ပြီး ဂျပန်မူဝါဒချမှတ်သူများသည် ဖြစ်နိုင်သမျှနေရာတိုင်းတွင် ပေါ်ပေါ်ထင်ထင် ထိပ်တိုက်တွေ့မည့် စကားလုံးများကို ရှောင်လွှဲနေကြဆဲ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် ထိုင်ဝမ်အရေးပေါ်အခြေအနေတွင် စစ်ရေးအရ တိုက်ရိုက်ပါဝင်ပတ်သက်ရေးကဲ့သို့သော မေးခွန်းများအပေါ် ဂျပန်မဲဆန္ဒရှင်များ မည်မျှအထိ လိုက်ပါဆောင်ရွက်ရန် အဆင်သင့်ရှိသလဲ ဆိုသည်၌လည်း ရှင်းလင်းသော ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သည်။
ဂျပန်အပေါ် တရုတ်၏ မဟာဗျူဟာသည် ပေကျင်းကို ဆန့်ကျင်မည့်မဟာမိတ်ဖွဲ့မှုများကို ဟန့်တားရန် ဒီဇိုင်းထုတ်ထားပုံရသည်။ သို့သော်လည်း ၎င်းသည် ပိုမိုနက်ရှိုင်းသော စစ်ရေးညှိနှိုင်းမှုများ၊ ပိုမိုမြန်ဆန်သော ကာကွယ်ရေးဆိုင်ရာ ပုံမှန်အခြေအနေသို့ ကူးပြောင်းမှုများ၊ ပိုမိုအားကောင်းသော ထောက်ပံ့ရေးကွင်းဆက် ခွဲဖြာမှုများနှင့် တရုတ်၏ အာဏာစက်ကို တန်ပြန်ထိန်းညှိရန် ဗဟိုပြုသည့် ပိုမိုကျယ်ပြန့်သော ဒေသတွင်း လုံခြုံရေးမဟာမိတ် ကွန်ရက်များကိုသာ တဖြည်းဖြည်း ဖြစ်ပေါ်စေလျက်ရှိသည်။ ပေကျင်းအတွက် စိတ်မသက်မသာဖြစ်ဖွယ် လက်တွေ့အရာမှာ ၎င်းကိုယ်တိုင်၏ ဖိအားပေးမှု လှုပ်ရှားမှုကပင် ဂျပန်၏ မဟာဗျူဟာမြောက် အသွင်ကူးပြောင်းမှုအတွက် အားအကောင်းဆုံးသော နိုင်ငံရေးဆိုင်ရာ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ခြင်းပင် ဖြစ်သည်။
#MeKongNews








