~ CWM ~
အမေရိကန်မှာ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ အရှိန်ကောင်းနေစဉ်မှာပဲ သမ္မတဒေါ်နယ်ထရမ့်တယောက် ပြင်သစ်ကို ဂျီ-ဆဲဗင်း ထိပ်သီးအစည်းအဝေးတက်ဖို့ ရောက်လာခဲ့တယ်။ ထရမ့်အတွက် ခုချိန်ခါဟာ အင်မတန် အလုပ်ရှုပ်နေတဲ့အချိန်အခါလို့ ဆိုလည်းမမှားဘူး။ အမေရိကန်လွတ်လပ်ရေး နှစ်(၂၅၀)ပြည့်အထိမ်းအမှတ် UFC ကိုယ်ခံပညာပေါင်းစုံ MMA ပြိုင်ပွဲတခုကို အိမ်ဖြူတော်ဝင်းထဲက ယာယီဆောက်ထားတဲ့ စင်မြင့်မှာ ကျင်းပခဲ့တယ်။ ဒီပြိုင်ပွဲကိုတော့ မျက်နှာပြရုံ သူတက်ရောက်အားပေးသွားခဲ့တယ်။ တကယ်တော့ UFC လို ကြမ်းတမ်းတဲ့ အတိုက်အခိုက်တွေပါတဲ့ ကိုယ်ခံပညာအတိုက်ပေါင်းစုံပြိုင်ပွဲ တခုကို အိမ်ဖြူတော်လို ဒီမိုကရေစီသင်္ကေတအဆောက်အအုံတခုရဲ့ ဝင်းထဲမှာ ကျင်းပတာကတော့ သိပ်တော့ ပနံမရလှဘူး။ ထရမ့်ရဲ့ လုပ်ပုံက ရွာဘုန်းကြီး ကျောင်းထိုင်ဆရာတော်က ဘုန်ကြီးကျောင်းဝင်းထဲမှာ လက်ဝှေ့ပွဲသွင်းသလို ဖြစ်နေတယ်။ အမှန်တော့ ဇွန်လ(၁၄)ရက်ဟာ သူ့ရဲ့ မွေးနေ့လည်းဖြစ်တယ်။ မွေးနေ့နဲ့တိုက်ဆိုင်ပြီး UFC ပွဲကို အိမ်ဖြူတော်ထဲ ကျင်းပတာပါ။ ထရမ့်က သူအသက်(၈၀)ပြည်တဲ့ မွေးနေ့မှာပဲ “အီရန်စစ်ပွဲ ပြီးဆုံးပြီ” လို့ ရုတ်တရက်ကြေညာလိုက်တယ်။ မနေ့တနေ့ကအထိ အီရန်နဲ့ အမေရိကန် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြချိန်မှာ ခုလို ကြေညာလိုက်တာပါ။
ဇွန်လ(၈)ရက်က အမေရိကန် အပါချီရဟတ်ယာဉ်တစီးကို အီရန်က ဟော်မုဇ်ရေလက်ကြားမှာ ပစ်ချလိုက်တယ်။ ဒီလို ရဟတ်ယာဉ် ပစ်ချခံရတာကို တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်က အီရန်တောင်ပိုင်းက ဒုံးပျံစခန်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ကမ္ဘာ့ဖလားပွဲကြီးကလည်း အမေရိကန်မှာ စတင်ကျင်းပနေပြီ။ အီရန်စစ်ပွဲကလည်း အရှိန်မကျသေးဘူး။ ဒီကြားထဲ ပြင်သစ်မှာ ကျင်းပမယ့် ဂျီ-ဆဲဗင်း ထိပ်သီးအစည်းအဝေးကိုလည်း တက်ရဦးမယ်။
အီရန်က လက်တုန့်ပြန်တဲ့အနေနဲ့ ပင်လယ်ကွေ့ဒေသ ကူဝိတ်၊ ကာတာ၊ ယူအေအီးက အမေရိကန် ပစ်မှတ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပြန်တိုက်တယ်။ အစ္စရေးကိုလည်း ဒုံးကျည်နဲ့ တိုက်ခိုက်တယ်။ အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းကို ဝင်တိုက်တယ်။ စစ်ပွဲက ပိုပြီး အရှိန်မြင့်လာတော့မလား ထင်မှတ်နေရချိန်မှာ ထရမ့်က အီရန်နဲ့ ညှိနှိုင်းနေတဲ့ အချက်တွေ သဘောတူညီချက်ရဖို့ နီးစပ်နေပြီဖြစ်လို့ ” အီရန်စစ်ပွဲ ပြီးဆုံးပြီ” လို့ ပြောဆိုလိုက်တယ်။ အစ္စရေးကိုလည်း လက်ဘနွန်ကို ဆက်မတန့်ဖို့ ဟန့်တားလိုက်တယ်။ လာမယ့် သောကြာနေ့မှာ ဆွစ်ဇာလန်မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးကြမယ်လို့ ဆိုတယ်။
နှစ်စဉ်ကျင်းပနေတဲ့ စက်မှုထိပ်သီး(၇)နိုင်ငံ၊ G-7 အစည်းအဝေးကို ဒီနှစ်မှာ ပြင်သစ်နိုင်ငံ၊ အဗီယန်မြို့မှာ ကျင်းပတယ်။ ဒီအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ အဖွဲ့ဝင် ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ ကနေဒါ နဲ့ ဂျပန်နိုင်ငံများက အိမ်ရှင် ပြင်သစ်ခေါင်းဆောင် တွေ တက်ရောက်ကြတယ်။ ဧည့်သည်အဖြစ် ယူကရိန်းသမ္မတ ဇီလန်းစကီး၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ဘရာဇီး၊ တောင်ကိုးရီးယား၊ ကင်ညာ၊ အီဂျစ်၊ ဆီးရီးယားနိုင်ငံများက ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်။
ထူးခြားမှုက ဒီ G-7ထိပ်သီးအစည်းအဝေး မစတင်ခင်လေးမှာ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဖြစ်ပွားနေတဲ့ သုံးလ၊ နှစ်ပတ်ကျော်ကြာ စစ်ပွဲကြီး ပြီးဆုံးပြီလို့ ကြေညာလိုက်တာပါ။ အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးအကြိုသဘောတူညီချက်(၁၄)ချက်ကို လာမယ့်သောကြာနေ့မှာ ဆွစ်ဇာလန်နိုင်ငံမှာ နှစ်ဖက်ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးတော့မှာဖြစ်လို့ အီရန်စစ်ပွဲကြီး ပြီးဆုံးသွားပြီလို့ ပြောကြားလိုက်တာပါ။
အမေရိကန်နဲ့ အီရန်ကြား အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ (MoU) ၁၄ ချက်ကို ဒေါ်နယ်ထရမ့်ကိုယ်တိုင် ဇွန်လ(၁၇)ရက်၊ ပြင်သစ်သမ္မတ မက်ခရွန်တည်ခင်းတဲ့ ညစာစားပွဲမှာ လက်မှတ်ရေးထိုးလိုက်တာကတော့ ဒီစစ်ပွဲကို ရပ်တန့်ဖို့ ဘယ်လောက်အထိ သူ စိတ်အားထက်သန်နေတယ်ဆိုတာ ပြသနေတယ်။ လက်မှတ်ရေးထိုးလိုက်တဲ့နေရာကလည်း သမိုင်းဝင် ဗာဆိုင်းနန်တော်ထဲမှာ။ ထရမ့်က အီလက်ထရွန်နည်းစနစ်နဲ့ စာချုပ်လက်မှတ်ရေးထိုးခဲ့သလို အီရန်ဘက်ကလည်း သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် က လက်မှတ်ရေးထိုးလိုက်ပြီလို့ အပစ်အခတ်ရပ်စဲရေး ကြားဝင်စေ့စပ်ပေးတဲ့ ပါကစ္စတန်အစိုးရက ထုတ်ပြန်ကြေညာလိုက်တဲ့အတွက် သုံးလကျော်ကြာ ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကြီးတခု ပြီးဆုံးပြီလို့ ကောက်ချက်ချနိုင်တယ်။
ဒါပေမယ့် မေးစရာ မေးခွန်းတွေတော့ အများကြီး ကျန်နေသေးတယ်။ နားလည်မှုစာချွန်လွှာ(MoU) လို့ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(၁၄)ချက်မှာ ဘာတွေ ပါဝင်သလဲ။ အကြိမ်ကြိမ်ကျိုးပေါက်ခဲ့ဖူးတဲ့ အပစ်အခတ်ရပ်စဲရေးသဘောညီချက်က ဒီတခါ ဘာ့ကြောင့် နှစ်ဖက်စလုံးက လက်ခံသဘောတူလိုက်ကြသလဲ။ ဒီသဘောတူစာချုပ်အရ ဒီစစ်ပွဲမှာ ဘယ်သူ ရှုံးသလဲ၊ ဘယ်သူမြတ်သလဲ။
အချက်(၁၄)ချက်ရဲ့ အနှစ်ချုပ်ကို ကြည့်ရင် ဒီစစ်ပွဲမှာ ယာယီအားဖြင့် အမေရိကန် ရှုံးခဲ့ပြီလို့ ဆိုနိုင်တယ်။ နားလည်မှုစာချွန်လွှာဟာ နှစ်ဖက် အပြန်အလှန် ဆိုတာထက် ထရမ့်က လက်မြှောက်အရှုံးပေးလိုက်ရတဲ့သဘော သက်ဝင်နေတယ်။
၁။ စစ်မျက်နှာအားလုံးက အမေရိကန်တပ်တွေ ရုပ်သိမ်းပေးရမယ်။
၂။ အီရန်နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်မှုကို အမေရိကန်က အသိအမှတ်ပြုရမယ်။
၃။ အီရန်နိုင်ငံ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဒေါ်လာ ဘီလျံ(၃၀၀)ကို ဒေသတွင်း မိတ်ဖက်နိုင်ငံတွေကတဆင့် ပေးအပ်မယ်လို့ အမေရိကန်က ကတိပြုတယ်။
၄။ တခြားဆက်နွှယ်နေတဲ့ ကိစ္စရပ်တွေအားလုံးကို လာမယ့် ရက်ပေါင်း(၆၀)အတွင်း ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်မယ်။
အပြန်အလှန်အားဖြင့် အီရန်ဘက်က ဘာတွေပြန်လုပ်ပေးမှာလဲ
၁။ အီရန်က ဟော်မုဇ်ရေလက်ကြားမှာ အတားအဆီးမရှိ လွတ်လပ်စွာ သင်္ဘောဖြတ်သန်းသွားခွင့်ပြုမယ်။ (စစ်မဖြစ်ခင်က လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာခဲ့ကြတာပဲ မဟုတ်လား)
၂။ အီရန်က နျူကလီးယားလက်နက် မထုတ်လုပ်တော့ပါဘူးလို့ ကတိပြုတယ်။ (ဒါက အသစ်အဆန်းမှ မဟုတ်ပဲ။ စစ်မဖြစ်ခင်ကတည်းက အီရန်က ခဏခဏ ကတိပေးထားခဲ့တာလေ)
၃။ တခြားဆက်နွှယ်နေတဲ့ ကိစ္စရပ်တွေအားလုံးကို လာမယ့် ရက်ပေါင်း(၆၀)အတွင်း ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်မယ်။
အစ္စလာမ်မာဘတ် သဘောတူညီချက်လို့ခေါ်တဲ့ အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး အကြိုသဘောတူစာချုပ်အရ အီရန်စစ်ပွဲဆင်နွှဲလိုက်ခြင်းက အမေရိကန် ရရှိလိုက်တာ မယ်မယ်ရရ ဘာမှမရှိဘဲ စစ်သား(၁၃)ဦးသေဆုံးပြီး ရဟတ်ယာဉ်၊ တိုက်လေယာဉ် အပါအဝင် စစ်လက်နက်အင်အားပြုန်းတီးမှု၊ ကြီးမားတဲ့ စစ်စရိတ်ဆုံးရှုံးမှုတွေသာ အဖတ်တင်ခဲ့တယ်လို့ ဆိုရမယ်။ ထရမ့်ဟာ အီရန်စစ်နွံထဲက ရုန်းမထွက်နိုင်တော့တဲ့အဆုံး စစ်ပွဲကို ရတဲ့နေရာက ရပ်ဖို့ကြိုးစားလိုက်တာပါ။
ဒါပေမယ့် အီရန်စစ်ပွဲဟာ အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ(MoU) ၁၄ ချက်ကြောင့် လုံးဝ ပြီးဆုံးသွားပြီလို့ မဆိုနိုင်သေးဘူး။ အပစ်အခတ်ရပ်စဲထားတဲ့ လာမယ့် ရက်ပေါင်း(၆၀)အတွင်း နှစ်ဖက် အသေးစိတ်ညှိနှိုင်းကြရဦးမယ့် အချက်တွေ ရှိနေသေးတယ်။ အဲဒီမှာ တဖက်ဖက်က ကတိမတည်ခဲ့ရင် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာမှာက မလွဲမသွေပါပဲ။
ထရမ့်ရဲ့ အီရန်ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ဒေါ်လာ ဘီလျံ(၃၀၀)ကိစ္စကလည်း အငြင်းပွားစရာ ဖြစ်နေတယ်။ ဒီငွေတွေကို အခွန်ထမ်း အမေရိကန်ပြည်သူတွေက ကျခံရမှာလား။ ထရမ့်ကတော့ ဒီရန်ပုံငွေနဲ့ ပတ်သက်ပြီး ငြင်းချက်ထုတ်ထားတယ်။ အမေရိကန်က ပေးရမှာ မဟုတ်ဘူး။ ဒေသတွင်း မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ကာတာ၊ ဆော်ဒီအာရေဗျ၊ အစရှိတဲ့နိုင်ငံတွေက အီရန်ပြန်လည်တည်ဆောက်ရေးအတွက် ထည့်ဝင်မှာလို့ ဆိုတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ ဗာဆိုင်းနန်းတော်မှာ ပြင်သစ်သမ္မတ တည်ခင်းတဲ့ ညစာကို စားရင်း အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် စာချွန်လွှာ(MoU) ၁၄ ချက်ကို ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် အီရန်စစ်ပွဲ (ယာယီ) အဆုံးသတ်သွားပြီလို့ ဆိုနိုင်တယ်။ သူဟာ ဇွန်လ(၁၄)ရက်မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့မှာ “အီရန်စစ်ပွဲ ပြီးဆုံးပြီ” လို့ တဖက်သတ် ကြေညာခဲ့တယ်။ မွေးနေ့မှာ အိမ်ဖြူတော်ထဲ လက်ဝှေ့ပွဲကျင်းပပြီး နောက်နေ့မှာ G-7 ထိပ်သီးအစည်းအဝေးတက်ဖို့ ပြင်သစ်ကို ခရီးဆက်လာရတဲ့ ဒေါ်နယ်ထရမ့်တယောက် အိမ်အပြန်မှာ အမေရိကန်ရဲ့ ကမ္ဘာ့ဖလားဘေားလုံးပွဲ ကြည့်ဖို့ စိတ်အားထက်သန်နေမှာ အမှန်ပါပဲ။ မေးစရာ မေးခွန်းတခုကတော့ အီရန်စစ်ပွဲကို အရှုံးနဲ့ ထရမ့် အဆုံးသတ်ခဲ့ပြီလား ဆိုတာပါ…။
ref: BBCWorld, Reuters,AP,CNN and Int Updated news.
# CWM
#MeKongNews








