~ CWM ~
အားလုံးသိကြတဲ့အတိုင်း အမေရိကန် နဲ့ အီရန် ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကြီးဟာ မပြီးဆုံးသေးပါဘူး။ ၂၀၂၆ ဖေဖော်ဝါရီလ(၂၈)ရက်က စတင်ခဲ့တဲ့ ဒီစစ်ပွဲဟာ ခု ဇွန်လဆန်းအထိဆိုရင် သုံးလ ကျော်လာပြီဖြစ်တယ်။ စစ်ပွဲက မပြီးသေးဘူးဆိုတော့ ပြီးတော့မယ့် အရိပ်အယောင် မြင်တွေ့ရပြီလားဆိုတော့လည်း မမြင်တွေ့ရသေးပါဘူး။ စစ်ပွဲက တာရှည်စစ်ပွဲအဖြစ် အသွင်ပြောင်းလာပါပြီ။ နှစ်ဖက်ညှီနှိုင်းသဘောတူချက်တွေဆိုတာလည်း လေထဲမှာပဲ ပျောက်ပျက်သွားပြီး အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိနေဆဲပါ။ အီရန်က အမေရိကန်စစ်စခန်းတွေရှိတဲ့ ကာတာ၊ ကူဝိတ်၊ ဆော်ဒီ၊ ယူအေအီး တို့ကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေဆဲဖြစ်သလို အမေရိကန်ကလည်း အီရန်ရဲ့ ဒုံးကျည်စခန်းတွေတွေကို လေကြောင်းကနေတိုက်ခိုက်နေဆဲပါ။ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကလည်း ခုချိန်ထိ ပိတ်ထားဆဲ ဖြစ်တယ်။
ဒီလို အခြေအနေမျိုးမှာ ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ရောက်ရှိလာခဲ့တာပါ။ ထူးထူးခြားခြား ဒီနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့ နိုင်ငံတနိုင်ငံကလည်း အီရန်နဲ့ စစ်ဖြစ်နေတဲ့ အမေရိကန် ဖြစ်နေတယ်။
ထူးခြားမှုတခုက ဒီနှစ်ကမ္ဘာ့ဖလားကို အာရှဇုန်(AFC)က ခြေစစ်ပွဲအောင်လာတဲ့အသင်းတွေထဲမှာ အီရန် ပါဝင်လာခြင်းဖြစ်တယ်။ အီရန်က အာရှဘောလုံးလောကမှာ ထိပ်သီးအသင်းကြီးတသင်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆)ကြိမ်တိတိ ယှဉ်ပြိုင်ကစားခဲ့ဖူးတယ်။ ၁၉၇၈ခုနှစ် အာဂျင်တီးနားကမ္ဘာ့ဖလားကစလို့ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလား၊ ၂၀၀၆(ဂျာမနီ)၊ ၂၀၁၄(ဘရာဇီး)၊ ၂၀၁၈(ရုရှား)၊ ၂၀၂၂(ကာတာ) ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်။ ဒါပေမယ့် အီရန်အသင်းဟာ တခါမှ အုပ်စုအဆင့်ကို မကျော်နိုင်ခဲ့သေးဘူး။
ဒီနှစ်(၂၀၂၆) အမေရိကန်ကမ္ဘာ့ဖလားမှာ အီရန်နဲ့အတူ အာရှက ခြေစစ်ပွဲအောင်လာတဲ့အသင်းတွေကတော့ ဂျပန်၊ တောင်ကိုးရီးယား၊ဩစတြေးလျ၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ အီရတ်၊ ဥဇဘက်ကစ္စတန် နဲ့ ဂျော်ဒန်တို့ ဖြစ်ကြတယ်။ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကစလို့ ပြိုင်ပွဲဝင်အသင်းကို (၄၈)သင်းအထိ တိုးမြှင့်ထားလို့ အာရှက (၈)နေရာအထိ ဝင်ခွင့်ရခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက အမေရိကန် နဲ့ အီရန်တို့ စစ်ဖြစ်နေကြတဲ့အတွက် မတ်လမှာ အီရန်က အမေရိကန်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်မပြိုင်တော့ဘဲ နှုတ်ထွက်တယ်လို့ ကြေညာခဲ့တယ်။ နောက်ပိုင်းမှာ အီရန်ကစားရမယ့် ပွဲစဉ်တွေကို မက္ကဆီကို ကို ပြောင်းရွှေ့ကျင်းပပေးဖို့ အီရန်က တောင်းဆိုခဲ့ပေမယ့် ဖီဖာဥက္ကဌ အင်ဖန်တီနိုက လက်မခံဘဲ အမေရိကန်မှာပဲ ကစားဖို့ တိုက်တွန်းခဲ့တယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်ပါဝင်ရေး လိပ်ခဲတင်းလင်းဖြစ်နေရာက နောက်ဆုံးမှာ ပါဝင်ကစားဖို့ ဖြစ်လာခဲ့တယ်။ အီရန်ဘောလုံးအသင်းဟာ ခုဆိုရင် မက္ကဆီကိုနိုင်ငံ၊ တီဂျူးနားကို ရောက်ရှိနေပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်။ ဇွန်လ(၅)ရက်နေ့အထိ အီရန်ဘောလုံးသမားတွေ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာမရရှိသေးဘူးလို့ မက္ကဆီကိုဆိုင်ရာ အီရန်သံအမတ်က ပြောကြားလိုက်ပြီး မကြာမီမှာပဲ အမေရိကန်က အီရန်ဘောလုံးသမားတွေကို ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးလိုက်တယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အီရန်ဘောလုံးအသင်းမှာ ပါဝင်တဲ့ နည်းစနစ်ကော်မတီဝင်တချို့ နဲ့ အသင်းအုပ်ချုပ်သူတွေဟာ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) အဖွဲ့ဝင်တွေဖြစ်လို့ ပြည်ဝင်ခွင့်မပေးနိုင်ဘူးလို့ ဆိုတယ်။ အမေရိကန်အနေနဲ့ အီရန်
အသင်းကို ပြည်ဝင်ခွင့်မပေးဘူးလို့ တရားဝင်ထုတ်ဖော်ပြောဆိုတာတော့ မရှိခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ခုဆိုရင် အီရန်ဘောလုံးသမားတွေ အမေရိကန် ပြည်ဝင်ခွင့် ဗီဇာရရှိသွားပြီဖြစ်လို့ ဒီနှစ်ကမ္ဘာ့ဖလားမှာ အီရန်အသင်း ယှဉ်ပြိုင်တာ ကြည့်ခွင့်ရကြတော့မှာပါ။
အီရန်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စု(G) မှာ ကျရောက်နေပြီး ပွဲဦးထွက်ပွဲစဉ်အဖြစ် ဇွန်လ(၁၅)ရက်နေ့မှာ လော့စ်အိန်ဂျယ်လိစ်မြို့မှာ နယူးဇီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ အီရန်အသင်းဟာ ဘယ်လ်ဂျီယံနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားပြီး နောက်ဆုံးပွဲစဉ်အဖြစ် ဆီယက်တယ်လ်မြို့မှာ အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။
ခုလို အီရန်အသင်း ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်လာခြင်းဟာ ၁၉၃၀ ပြည့်နှစ်က စတင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသက်တမ်းတလျှောက် စစ်ဖြစ်နေတဲ့ တနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပြိုင်ပွဲကို ရန်သူနိုင်ငံက ပထမဆုံးအကြိမ် ပါဝင်ကစားခြင်းပဲ ဖြစ်တယ်။
အီရန် နဲ့ အမေရိကန်တို့ဟာ အရင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း ဆုံတွေ့ခဲ့ကြဖူးပြီး ဒီဘောလုံးပြိုင်ပွဲတွေက ရန်သူနှစ်နိုင်ငံအကြား ရင်းနှီးမှုနဲ့ သံတမန်ရေးတိုးတက်မှုကို ရရှိစေခဲ့တယ်။
၁၉၇၉ ခုနှစ်က အမေရိကန်လိုလားတဲ့ ရှားဘုရင်ကို ဖြုတ်ချခဲ့တဲ့ အီရန်အစ္စလာမ်မစ်တော်လှန်ရေးက စလို့ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ဖြစ်ခဲ့တယ်။ အီရန်ကျောင်းသားတွေဟာ တီဟီရန်မြို့က အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းပြီး အမေရိကန်နိုင်ငံသား ၅၂ ဦးကို (၄၄၄)ရက်အကြာ ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ အဲဒီအချိန်ကစလို့ အမေရိကန်နဲ့ အီရန် သံတမန်ရေးပြတ်တောက်ခဲ့တယ်။ အီရန်ခေါင်းဆောင် အယာတိုလာခိုမေနီ က အမေရိကန်ကို Great Satan မကောင်းဆိုးရွား မိစ္ဆာကြီးလို့ ခေါ်တယ်။ အမေရိကန်နဲ့ အီရန်ဟာ နှစ်ပေါင်း(၄၆)နှစ်ကြာ ခုနောက်ဆုံး အီရန်စစ်ပွဲအထိ ရန်သူတွေ ဖြစ်ခဲ့ကြတယ်။
ရန်သူ နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနှစ်ကြိမ်မှာ ထိပ်တိုက် ဆုံတွေ့ခဲ့ကြဖူးတယ်။ ၁၉၉၈ ခုနှစ်၊ ဇွန်လ(၂၁)ရက်က ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့မှာ ပြင်သစ်ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် အမေရိကန် နဲ့ အီရန် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတယ်။ ဒီပွဲစဉ်မှာ အီရန်က အမေရိကန်ကို (၂-၁) နဲ့ အနိုင်ရသွားခဲ့တယ်။ ပြိုင်ပွဲကစားစဉ်မှာ အီရန်အစိုးရကို ဆန့်ကျင်တဲ့အတိုက်အခံတွေက ဆန္ဒပြဖို့ကြိုးစားခဲ့လို့ ပြင်သစ်ရဲတွေက တားဆီးခဲ့ရတယ်။ ပြိုင်ပွဲကစားစဉ် အီရန်ကစားသမားတွေက အမေရိကန်ကစားသမားတွေကို လက်ဆွဲနှုတ်ဆက်ခြင်း မရှိခဲ့ဘူး။ ဒါပေမယ့် ပွဲစဉ်မှာ ငြိမ်းချမ်းရေးသင်္ကေတအဖြစ် နှင်းဆီဖြူတွေ ပေးအပ်ခဲ့ကြပြီး စုပေါင်း ဓါတ်ပုံရိုက်ခဲ့ကြတယ်။ ဒီပွဲစဉ်ဟာ ရန်သူနှစ်နိုင်ငံယှဉ်ပြိုင်ကစားကြပြီး ကစားသမားချင်း အပြန်အလှန်လေးစားမှု ပြသခဲ့လို့ ဖီဖာက Fair Play Award ပူးတွဲချီးမြှင့်ပေးခဲ့တယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အီရန် နဲ့ အမေရိကန် တွေ့ဆုံခဲ့ကြသေးတယ်။ ဒီတကြိမ်မှာတော့ အမေရိကန်က အီရန်ကို (၁-၀)နဲ့ အနိုင်ရရှိခဲ့တယ်။ အမေရိကန်အသင်းအတွက် အနိုင်ဂိုးကို ခရစ္စတီယန် ပူလစ်ဆီက သွင်းပေးခဲ့တယ်။
ခုတကြိမ် ၂၀၂၆ အမေရိကန်ကမ္ဘာ့ဖလားမှာတော့ အမေရိကန် နဲ့ အီရန် အုပ်စုတွင်း ထိပ်တိုက်တွေ့ဆုံခြင်း မရှိပေမယ့် ဒီတကြိမ်ကမ္ဘာ့ဖလားဟာ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံ ပါဝင်တဲ့ ပြိုင်ပွဲဖြစ်လို့ ထူးခြားနေတယ်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အပါအဝင် နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေဟာ ရန်ဘက်နိုင်ငံတွေကို အတူတကွ ယှဉ်ပြိုင်ကစားခြင်းနဲ့ ချစ်ကြည်ရင်းနှီးမှုကို ဖြစ်စေတယ်။
သိပ်မကြာသေးခင် ရက်များအတွင်းကပဲ တောင် နဲ့ မြောက် ကိုးရီးယားအမျိုးသမီးဘောလုံးအသင်းတွေ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတယ်။ မြောက်ကိုးရီးယားအမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်မှာ တောင်ကိုးရီးယားအသင်းကို အနိုင်ရခဲ့သလို ဗိုလ်လုပွဲမှာလည်း တောင့်တင်းတဲ့ ဂျပန်ကလပ် တိုကျိုဗာဒီကို အနိုင်ရပြီး ချန်ပီယံဖလားကို ဆွတ်ခူးရရှိသွားခဲ့တယ်။
မြောက်ကိုးရီးယားအမျိုးသမီးအသင်း ပြုံယမ်းကို ပြန်ရောက်တဲ့အခါ မြောက်ကိုးရီးယားခေါင်းဆောင်ကြီး ကင်မ်ဂျုံးအွန် ကိုယ်တိုင် ဝမ်းသာအားရကြိုဆိုတာတွေ့ရတယ်။ ဘောလုံးပြိုင်ပွဲတွေဟာ လက်နက်မပါဘဲ တိုက်ရတဲ့ စစ်ပွဲတွေဖြစ်သလို ဒီပြိုင်ပွဲကြောင့် ရန်သူနိုင်ငံတွေဟာ ရင်ဘတ်ချင်း နီးကပ်ခဲ့ကြတဲ့ သာဓကတွေ ရှိတယ်။
#MeKongNews








