~ လင်းမောင် ~
အလုပ်လက်မဲ့ဖြစ်နေသော တက္ကသိုလ်ဘွဲ့ရများကို သက်မွေးဝမ်းကျောင်း ပညာရေး (Vocational education) ဘက်သို့ ပြန်လည်ဦးလှည့်စေရန် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် ပြည်သူလူထုအကြား ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ပညာရေးဘွဲ့ဒီဂရီများသည် လူမှုစီးပွားဘဝ မြင့်မားရေးနှင့် တည်ငြိမ်သော ရုံးလုပ်ငန်း (White-collar) အသက်မွေးဝမ်းကျောင်းများကို အာမခံချက်ပေးနိုင်သည်ဟု ယုံကြည်ကာ ကြီးပြင်းလာခဲ့ကြသော လူငယ်များအကြား စိတ်ပျက်အားလျော့မှု တိုးပွားလာသည်။
မြင့်တက်လာနေသော လူငယ်အလုပ်လက်မဲ့ပြဿနာနှင့် အရည်အသွေးမြင့်မားသော အလုပ်အကိုင်များကို လုံလောက်စွာ ဖန်တီးပေးရန် ရုန်းကန်နေရသည့် စီးပွားရေးအခြေအနေများနှင့် ရင်ဆိုင်နေရသဖြင့် ဘေဂျင်းအစိုးရသည် ယခုနှစ်အတွင်း လူငယ်တစ်သန်းကို ဉာဏ်ရည်တု (AI)၊ ရိုဘော့တစ် (Robotics)၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ စွမ်းအင်သစ်သုံး မော်တော်ယာဉ်များနှင့် “တပွဲထိုး စီးပွားရေး” ကဲ့သို့သော ကဏ္ဍများတွင် ပြန်လည်လေ့ကျင့်သင်ကြားပေးမည့် ရည်မှန်းချက်ကြီးမားသော အစီအစဉ်တစ်ခုကို ကြေညာခဲ့သည်။
ဤအငြင်းပွားမှု၏ ဗဟိုချက်မှာ တက္ကသိုလ်ဘွဲ့ရများအနေဖြင့် လုပ်ငန်းခွင်အခြေပြု ကျွမ်းကျင်မှုများကို ပိုမိုရရှိနိုင်ရန် နည်းပညာကျောင်းများတွင် တက်ရောက်ကြဖို့ တိုက်တွန်းသည့် အဆိုပြုချက်ပင် ဖြစ်သည်။ အကယ်ဒမီပညာရေးနှင့် လုပ်သားဈေးကွက် ဝယ်လိုအားတို့အကြား ကျယ်ပြန့်လာနေသော ဟာကွက်ကို ပေါင်းကူးပေးရန် ဤအစီအစဉ်က ရည်ရွယ်သည်ဟု အရာရှိများက ဆိုကြသည်။ သို့သော်လည်း တရုတ်လူငယ်အများစုအတွက်မူ ဤမူဝါဒသည် အခွင့်အလမ်းတစ်ခုကဲ့သို့ မဟုတ်ဘဲ မိမိတို့ဘွဲ့ဒီဂရီများ ရရှိရန်အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရမှုများသည် ယခင်ကကဲ့သို့ တန်ဖိုးမရှိတော့ကြောင်း ဝန်ခံလိုက်ခြင်းမျိုးသာ ဖြစ်နေသည်။
တရုတ်လူမှုမီဒီယာပေါ်ရှိ တုံ့ပြန်မှုများက ယင်းစိတ်ခံစားချက်များကို ဖော်ပြနေသည်။ လူကြိုက်များပြီး အများအပြား မျှဝေခဲ့ကြသည့် မှတ်ချက်တစ်ခုတွင် “ကျွန်တော်က သက်မွေးကျောင်းကနေ ဘွဲ့သင်တန်း၊ အဲဒီကနေ မဟာဘွဲ့အထိ ရအောင် ကြိုးစားခဲ့တာ၊ အခုကျမှ နည်းပညာကောလိပ်ကို ပြန်သွားဖို့ အပြောခံရတယ်” ဟု ဖော်ပြထားသည်။ ဤမကျေနပ်မှုသည် တရုတ်စီးပွားရေး ရင်ဆိုင်နေရသော ပိုမိုနက်ရှိုင်းသည့် တည်ဆောက်ပုံဆိုင်ရာ ပြဿနာကို ရောင်ပြန်ဟပ်နေသည်။
ဆယ်စုနှစ်များစွာတိုင်အောင် အဆင့်မြင့်ပညာရေးသည် လူလတ်တန်းစားဘဝသို့ ရောက်ရှိနိုင်မည့် အသေချာဆုံးလမ်းကြောင်းအဖြစ် ကြော်ငြာခံခဲ့ရသည်။ ပညာရေးဘွဲ့အထောက်အထားများသည် ဘဏ္ဍာရေး၊ နည်းပညာ၊ အစိုးရဌာန သို့မဟုတ် ကော်ပိုရေးရှင်းကြီးများတွင် တည်ငြိမ်သောအလုပ်အကိုင်များကို ရရှိစေလိမ့်မည်ဟု ယုံကြည်ကာ မိသားစုများသည် ကျူရှင်စရိတ်များ၊ တက္ကသိုလ်ဝင်ခွင့်များနှင့် ဘွဲ့လွန်ပညာရေးတို့အတွက် အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ယခုအခါ ထိုလူမှုပဋိညာဉ်မှာ ပျက်ပြားစပြုနေပြီ ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးကတည်းက တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုသည် ရုံးဝန်ထမ်း အလုပ်ခေါ်ယူမှုများကို အပြင်းထန်ဆုံး ရိုက်ခတ်ခဲ့သည်။ နည်းပညာကုမ္ပဏီများသည် နှစ်ပေါင်းများစွာ ချဲ့ထွင်ခဲ့ပြီးနောက် အလုပ်ခေါ်ယူမှုများကို လျှော့ချခဲ့ကြပြီး အိမ်ခြံမြေကဏ္ဍမှာလည်း ဆက်လက်အားနည်းနေကာ ပုဂ္ဂလိကလုပ်ငန်းများသည်လည်း စည်းမျဉ်းစည်းကမ်းများ မရေရာမှုနှင့် ပြည်တွင်းဝယ်လိုအား နည်းပါးမှုတို့ကြားတွင် ပိုမိုသတိကြီးလာခဲ့ကြသည်။ တရားဝင်အချက်အလက်များအရ (ကျောင်းသားများမပါဝင်သော) အသက် ၁၆ နှစ်မှ ၂၄ နှစ်အကြား တရုတ်လူငယ် ၆ ဦးတွင် ၁ ဦးထက်မနည်းမှာ မတ်လအတွင်းက အလုပ်လက်မဲ့ဖြစ်နေဆဲ ဖြစ်သည်။ လေ့လာသုံးသပ်သူများကမူ စစ်မှန်သော ကိန်းဂဏန်းမှာ ယခုထက် သိသိသာသာ ပိုမိုမြင့်မားနိုင်သည်ဟု ယူဆကြသည်။
ယခုနွေရာသီတွင် စံချိန်တင်အရေအတွက်ဖြစ်သော ဘွဲ့ရလူငယ် ၁၂ ဒသမ ၇ သန်းသည် လုပ်သားဈေးကွက်အတွင်းသို့ ဝင်ရောက်လာတော့မည်ဖြစ်ရာ ဤဖိအားမှာ ပိုမိုပြင်းထန်လာရန် ရှိနေသည်။ ပေကျင်းအစိုးရ၏ အဖြေမှာ ပိုမိုလက်တွေ့ကျလာသည် – လုပ်သားပြတ်လပ်မှုရှိနေပြီး နိုင်ငံတော်က အနာဂတ်စက်မှုလုပ်ငန်း တိုးတက်မှုအတွက် မြင်တွေ့နေရသည့် ကဏ္ဍများဘက်သို့ ဘွဲ့ရများကို လမ်းကြောင်းပြောင်းပေးခြင်း ဖြစ်သည်။ ရိုဘော့တစ်၊ AI၊ လျှပ်စစ်ကားများနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုတို့အပေါ် အလေးပေးခြင်းသည် အနောက်နိုင်ငံများ၏ နည်းပညာအပေါ်မှီခိုမှုကို လျှော့ချနိုင်မည့် အဆင့်မြင့်နည်းပညာသုံး စက်မှုအင်အားကြီးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို အသွင်ပြောင်းလဲရန် သမ္မတ ရှီကျင့်ဖျင်၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာနှင့် ကိုက်ညီနေသည်။ သို့သော် ဤမူဝါဒသည် အမြစ်တွယ်နေသော လူမှုရေးဆိုင်ရာ အယူအဆများနှင့် ထိပ်တိုက်တွေ့မည့် အန္တရာယ်လည်း ရှိနေသည်။
တရုတ်နိုင်ငံတွင် သက်မွေးဝမ်းကျောင်းပညာရေးသည် တက္ကသိုလ်ပညာရေးထက် ဂုဏ်သိက္ခာပိုင်းအရ နှစ်ရှည်လများ နိမ့်ကျသည်ဟု သတ်မှတ်ခံခဲ့ရပြီး ထိပ်တန်းအကယ်ဒမီအဖွဲ့အစည်းများသို့ ဝင်ခွင့်မရရှိခဲ့သည့် ကျောင်းသားများနှင့်သာ ဒွန်တွဲမြင်လေ့ရှိသည်။ ဘွဲ့ရများကို နည်းပညာကျောင်းများသို့ ပြန်သွားခိုင်းခြင်းသည် လူများစွာ လွတ်မြောက်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြသည့် လူမှုရေးအဆင့်အတန်း ခွဲခြားမှုကို ပြောင်းပြန်လှန်လိုက်သလို ဖြစ်နေသည်။ ဤရွေ့လျားမှုသည် တရုတ်နိုင်ငံ၏ တက္ကသိုလ်များသည် စီးပွားရေးလက်တွေ့ဘဝနှင့် မကိုက်ညီတော့သည့် ကျွမ်းကျင်မှုများရှိသော ဘွဲ့ရများကိုသာ မွေးထုတ်ပေးနေသလားဆိုသည့် စိတ်မသက်မသာဖြစ်ဖွယ် မေးခွန်းများကိုလည်း မြင့်တက်စေသည်။
သို့သော်လည်း ပေကျင်းအစိုးရ၏ စိန်ခေါ်မှုသည် ပြန်လည်လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်များထက် ကျော်လွန်နေသည်။ ပိုမိုနက်ရှိုင်းသော ပြဿနာမှာ တရုတ်စီးပွားရေးသည် လျင်မြန်စွာ တိုးပွားလာနေသော ပညာတတ်လုပ်သားအင်အားစုအတွက် အဓိပ္ပာယ်ရှိပြီး လစာကောင်းသော အလုပ်အကိုင်များကို လုံလောက်စွာ ဖန်တီးပေးနိုင်ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်ပင် ဖြစ်သည်။ ထို့ကြောင့် ဤကန့်ကွက်မှုသည် နည်းပညာကျောင်းများနှင့် ပတ်သက်၍သက်သက် မဟုတ်ပေ။ ၎င်းသည် ဆယ်စုနှစ်ပေါင်းများစွာကြာ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကာလအတွင်း ပေးခဲ့သော ကတိကဝတ်များနှင့် တဖြည်းဖြည်း ကွာဟလာနေသည့် အနာဂတ်အပေါ် တရုတ်လူငယ်များအကြား တိုးပွားလာနေသည့် နက်ရှိုင်းသော စိုးရိမ်ပူပန်းမှုများကို ရောင်ပြန်ဟပ်နေခြင်း ဖြစ်သည်။
#MeKongNews








