~ လင်းမောင် ~
တရုတ်နိုင်ငံ၏ လုပ်သားဈေးကွက်သည် ရှုပ်ထွေးသော အချက်ပြမှုများကို ပြသနေသည်။ စီးပွားရေးတိုးတက်မှု ကိန်းဂဏန်းများမှာ ကောင်းမွန်နေသော်လည်း ၎င်း၏ အောက်ခြေတွင်မူ နိုင်ငံရေးနှင့် လူမှုရေးအရ အရေးအကြီးဆုံးဖြစ်သည့် လူငယ်ထုအကြား ဖိအားများ မြင့်တက်လာနေသည်။ အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ (ကျောင်းသားများမပါဝင်သော) အသက် ၁၆ နှစ်မှ ၂၄ နှစ်အကြား မြို့ပြအလုပ်လက်မဲ့နှုန်းသည် မတ်လတွင် ၁၆ ဒဿမ ၉ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။
ဤအချိန်အခါသည် အတော်ပင် အကျပ်အတည်းဖြစ်စေသည်။ နောက်ရက်အနည်းငယ်အတွင်း စံချိန်တင်အရေအတွက်ဖြစ်သော ဘွဲ့ရလူငယ် ၁၂ ဒဿမ ၇ သန်းသည် လုပ်သားဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာတော့မည်ဖြစ်ရာ အသစ်ဝင်ရောက်လာသူများကို လက်ခံနိုင်ရန် ရုန်းကန်နေရသည့် ဈေးကွက်အပေါ် ဝန်ထုပ်ဝန်ပိုးသစ်များ ထပ်မံတိုးပွားစေမည်ဖြစ်သည်။ ဤသည်မှာ ရေတိုဖြစ်ရပ်တစ်ခု မဟုတ်တော့ဘဲ စီးပွားရေးချဲ့ထွင်မှု အရှိန်နှင့် ဖန်တီးပေးနေသည့် အလုပ်အကိုင်အမျိုးအစားများအကြား ပိုမိုနက်ရှိုင်းသော မညီမျှမှုကို မြင်သာစေသည်။
တရုတ်နိုင်ငံ၏ ပထမသုံးလပတ် တိုးတက်မှုမှာ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့သော်လည်း အများစုမှာ စက်မှုကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်များကြောင့် ဖြစ်သည်။ ယင်းကဏ္ဍများသည် ဘွဲ့ရပြီးစ အလုပ်အကိုင် ရှာဖွေသူ အမြောက်အမြားကို လက်ခံနိုင်လောက်အောင် အခွင့်အလမ်း မဖန်တီးပေးနိုင်ပေ။ တစ်ချိန်တည်းမှာပင် နည်းပညာ၊ အိမ်ခြံမြေနှင့် ဝန်ဆောင်မှုကဏ္ဍများရှိ ပုဂ္ဂလိကကဏ္ဍ အလုပ်ခေါ်ယူမှုများသည် စည်းမျဉ်းစည်းကမ်းများ တင်းကျပ်မှုနှင့် ဝယ်လိုအား နည်းပါးမှုတို့ကြောင့် ဆက်လက် ငြိမ်သက်နေဆဲ ဖြစ်သည်။
ကုန်ဈေးနှုန်းကျဆင်းမှု ဖိအားများကလည်း ပြဿနာကို ပိုမိုဆိုးရွားစေသည်။ ဈေးနှုန်းများ ကျဆင်းခြင်းနှင့် မရေရာသော ဝယ်လိုအားများနှင့် ရင်ဆိုင်နေရသည့် ကုမ္ပဏီများသည် ဝန်ထမ်းအင်အား တိုးချဲ့ရန် ဝန်လေးနေကြသည်။ အလုပ်ခေါ်ယူမှုမှာ ပိုမိုသတိကြီးလာပြီး ဘွဲ့ရသစ်များထက် အတွေ့အကြုံရှိသူများကိုသာ ဦးစားပေးလေ့ရှိသည်။ လူငယ်များအတွက်မူ ၎င်းမှာ “အတွေ့အကြုံမရှိဘဲ အလုပ်မရနိုင်သလို၊ အလုပ်မရှိဘဲလည်း အတွေ့အကြုံမရနိုင်” ဟူသော သံသရာထဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ဘွဲ့ရလူငယ်များ၏ တုံ့ပြန်မှုမှာလည်း သိသာထင်ရှားသည်။ အများအပြားမှာ လုပ်သားဈေးကွက်ထဲသို့ မဝင်ရောက်သေးဘဲ ဘွဲ့လွန်သင်တန်းများ တက်ရောက်ရန် ရွေးချယ်လာကြပြီး နောက်ပိုင်းတွင် အခြေအနေကောင်းလာမည်ဟူသော မျှော်လင့်ချက်ဖြင့် အချိန်ဆွဲထားကြသည်။ အချို့ကမူ ရည်မှန်းချက်ထက် တည်ငြိမ်မှုကို ပေးနိုင်သည့် အစိုးရဝန်ထမ်းအလုပ် (iron rice bowl) ဘက်သို့ ဦးလှည့်လာကြသည်။ သို့သော်လည်း အစိုးရဝန်ထမ်းစာမေးပွဲ ဖြေဆိုသူ ၃ ဒဿမ ၇ သန်းကျော်ရှိပြီး ရာထူးတစ်ခုအတွက် ပြိုင်ဘက် ၉၈ ဦးခန့် ရှိနေသဖြင့် အခွင့်အလမ်းမှာ အလွန်ပင် ခဲယဉ်းလှသည်။
ယခုအဆင့်တွင် အထူးစိုးရိမ်စရာကောင်းသည်မှာ နောက်ထပ် အသက်အုပ်စုအတွင်းသို့ပါ ပြန့်နှံ့လာခြင်း ဖြစ်သည်။ အသက် ၂၅ နှစ်မှ ၂၉ နှစ်အကြား အလုပ်လက်မဲ့နှုန်းမှာ ၇ ဒဿမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ၎င်းမှာ စံချိန်တင် အမြင့်ဆုံးအဆင့် ဖြစ်သည်။ ၎င်းမှာ အလုပ်ရှာရခက်သည့် ပြဿနာသည် ဘွဲ့ရလူသစ်များတွင်သာ မဟုတ်တော့ဘဲ ယခင်နှစ်များက လုပ်သားဈေးကွက်ထဲ ဝင်ရောက်ထားပြီးသူများပင် ယခုအခါ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို တည်ငြိမ်အောင် ရုန်းကန်နေရသူများအထိ ကူးစက်လာသည်ကို ပြသနေသည်။
ရေရှည်သက်ရောက်မှုများလည်း ရှိနေသည်။ ဆက်တိုက်ဖြစ်ပေါ်နေသော လူငယ်အလုပ်လက်မဲ့ပြဿနာသည် စားသုံးမှုအပေါ် ဝန်ပိစေနိုင်သလို၊ အိမ်ထောင်ထူထောင်ခြင်းကို နှောင့်နှေးစေကာ လူမှုစီးပွား မြှင့်တင်နိုင်စွမ်းအပေါ် ယုံကြည်မှုများကို ပျက်ပြားစေနိုင်သည်။ ၎င်းတို့အားလုံးမှာ ပြည်တွင်းဝယ်လိုအားကို အခြေပြုသည့် စီးပွားရေးစနစ်သို့ ကူးပြောင်းရန် ဘေဂျင်းအစိုးရ၏ ရည်မှန်းချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဘွဲ့နှင်းသဘင်ရာသီ အထွတ်အထိပ်သို့ ရောက်ရှိလာသည်နှင့်အမျှ ချက်ချင်းလက်ငင်း အလားအလာမှာ သက်သာရာရမည့်အစား ပိုမိုပြင်းထန်သော ပြိုင်ဆိုင်မှုများသာ ရှိလာနိုင်သည်။ တရုတ်မူဝါဒချမှတ်သူများအတွက်မူ အလုပ်လက်မဲ့ပြဿနာသည် တည်ဆောက်ပုံဆိုင်ရာ အကျပ်အတည်းတစ်ခုအဖြစ် အမြစ်မတွယ်မီ မက်ခရိုစီးပွားရေး ကြံ့ကြံ့ခံနိုင်စွမ်းကို အဓိပ္ပာယ်ရှိသော အလုပ်အကိုင်ဖန်တီးမှုအဖြစ် ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေသည်။
#MeKongNews








