~ လင်းမောင် ~
သဘာ၀ပတ်၀န်းကျင် မူ၀ါဒ သို့မဟုတ် Financial Engineering လော။
ဝေဖန်ရေးသမားများက ထိုသို့သော အစီအစဉ်ကို ၂၁ ရာစု၏ အဂ္ဂိရတ်ပညာဟု ခေါ်ဆိုကြသည်။ တရုတ် ဒေသဆိုင်ရာအစိုးရများသည် မြစ်ကြမ်းပြင်ရွှံ့များကို ယွမ်ဘီလီယံပေါင်းများစွာဖြင့် ရောင်းချခြင်း၊ ညတွင်းချင်း ဟန်ယောင်ပြ ကုမ္ပဏီများ ထူထောင်ခြင်းဖြင့် အလွန်နက်ရှိုင်းလာနေသော ကြွေးမြီ ပြဿနာများအား စာရွက်ပေါ်တွင် ဖြေရှင်စေနိုင်ရေး နိုင်ငံကျောထောက်နောက်ခံ စိမ်းလန်းသော ချေးငွေများကို အသုံးချ အကွက်ရွှေလာသည်။ ဂေဟဗေဒဆိုင်ရာ ဆန်းသစ်တီထွင်မှု ဘာသာစကားဖြင့် ထုပ်ပိုးထားသော ငွေပေးငွေယူမှုများဖြင့် ပေကျင်းသည် အိပ်ငိုက်နေသော နိုင်ငံတော်ပိုင်ဆိုင်မှုများကို အသက်သွင်းရန် တွန်းအားပေး ကြိုးစားလာသည်။ အလွန်အန္တရာယ်များသော ငွေကြေးဆိုင်ရာ ခြယ်လှယ်မှုကို စွန့်စားပုံဖော်လာခြင်းပင်ဖြစ်သည်။
ဒေါ်လာသန်း ၁၂၀ တန် ရွှံ့တောင်ကြီး
၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ဟိုင်းလုံကျန်းပြည်နယ် တိုင်းလီမြို့မှ ဒေါင်ဖန်းဟောင် ရေလှောင်တမံကြီး ကြမ်းပြင်မှ ရွှံ့နုန်းနှစ် ကုဗမီတာ ၁ . ၄၅ သန်းကို လေလံတင်ရောင်းချလိုက်သည်။ စျေးနှုန်းက ယွမ် ၆၁ သန်း (ဒေါ်လာ ၈ . ၅ သန်း) ရှိသည်။ နောက် ၂ လအကြာတွင်လည်း အဆိုပါ ပြည်နယ်ရှိ ယိအန်စီရင်စုနှင့် ကီချီဟာစီရင်စုတို့ရှိ ရေလှောင်ကန် ၂ ကန်မှ ရွှံ့နွံ ကုဗမီတာ ၁၁ သန်းကို ထပ်မံ ရောင်းချလိုက်ပြန်သည်။ စျေးနှုန်းက ယွမ် ၈၃၉ သန်း (ဒေါ်လာ ၁၁၇ သန်း) ရှိသည်။ အာဏာပိုင်များက ဂေဟထုတ်ကုန်တန်ဖိုး အကောင်အထည်ဖော်မှု ယန္တရားကြီးအား လှပစွာ လည်ပတ်ပြလိုက်ခြင်းဟုဆိုကာ အောင်ပွဲခံကြွေး ကျော်ကြသည်။ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာပိုင်ဆိုင်မှုများကို ဝင်ငွေရှာဖွေရန် ဒီဇိုင်းထုတ်ထားသော မူဝါဒမူဘောင်တစ်ရပ်နှင့် လုပ်ဆောင်လိုက်ခြင်းပင်။ သို့သော် အနီးကပ်စေ့စပ်စစ်ဆေးကြည့်မည်ဆို လျှင် အဆိုပါလေလံတင်ရောင်းချခြင်းများသည် ရေလှောင်ကန်ကြမ်းပြင်များ သန့်ရှင်းရေးလုပ်ခြင်းနှင့် သိပ်မဆိုင်ဘဲ စာရင်းဇယားများနှင့်ပတ်သက်ပြီး ဖန်တီးမှုဆိုင်ရာ ပုံစံတစ်ခုအတွင်း အတင်းဖန်တီး သွပ်သွင်းသည့် လုပ်ရပ်သာဖြစ်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ဝယ်ယူသူများကိုယ်တိုင်က ပုံပြင်အစစ်အမှန်ကို ပြောပြကြသည်။ ဒေါင်ဖန်းဟောင် ရေလှောင်ကန် ကြမ်းပြင် ရွှံ့များကို လေလံအောင်သွားသည့် ကုမ္ပဏီသည် စိုက်ပျိုးရေးနည်းပညာ ကုမ္ပဏီတစ်ခုဖြစ် သည်။ သို့သော် ကီချီဟာ လေလံအောင်သည့်ကုမ္ပဏီ Qiqihar Zeyuan Environmental Protection Industry Co., Ltd. မှာမူ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှသာ ကုမ္ပဏီသစ်အဖြစ် မှတ်ပုံတင်ခဲ့ ခြင်းဖြစ်သည်။ မှတ်ပုံတင်အပြီး ၁၃ ရက်အကြာမှာပင် ယွမ် ၈၃၉ သန်းဖြင့် လေလံဆွဲသွားခြင်းဖြစ် သည်။ ကုမ္ပဏီ မှတ်ပုံတင်မှုတွင် မတည်ငွေသည် ယွမ်သန်း ၂၇၀ သာရှိသည်။ ကုမ္ပဏီနောက်ကြောင်း ဇာစ်မြစ်ကိုလိုက်သည့်အခါ ရေလှောင်ကန်စီမံခန့်ခွဲမှု သို့မဟုတ် ပတ်ဝန်းကျင်ပြန်လည်ပြုပြင် မွမ်းမံခြင်းအပိုင်းတွင် မည်သည့် ဆက်စပ်မှုမျှ ရှိမနေပေ။
ပဉ္စလက်လှည့်ကွက် – ရွှံများကို ဘဏ်ချေးငွေများအဖြစ် မည်သို့ ပြောင်းလဲစေခဲ့သနည်း
ငွေရေးကြေးရေးပိုင်း ရယူ၊ ပေးချေမှုအလိမ်အညာများအပေါ် အဓိကနားလည်ရမည်က ရွှံများတွင်သာ တည်ရှိနေသည်မဟုတ်ပေ။ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ငွေလှည့်ခြင်းသာ ဖြစ်သည်။ ဒေါင်ဖန်းဟောင် ကိစ္စတွင် လေလံအောင်သည့်သူသည် ၅ နှစ်ကြာ ရွှံ့နွံလုပ်ငန်းလည်ပတ်ခွင့် မူအောင်အောက်မှနေပြီး တရုတ်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADBC) မှ လုပ်ငန်းအာမခံပြကာ စိမ်းလန်းသော ချေးငွေ (green loan) ယွမ် ၄၅ သန်း ချေးယူသွားခဲ့သည်။ ကီချီဟာ စီမံကိန်းသည်လည်း ဒေသဆိုင်ရာ အာဏာ ပိုင်များက လေလံအောင်ခဲ့သည့် စျေးနှုန်းအားလုံးအား ပေးချေနိုင်စေမည့် ပမာဏဖြစ်သော ဘဏ်ချေး ငွေ ယွမ်သန်း ၉၀၀ ကို အစောပိုင်းကတည်းက ကြိုတင်ရရှိရန် စီစဉ်ထားနိုင်ခဲ့ပြီးဖြစ်သည်။
ကြိုတင်ဇာတ်တိုက်ပြီးသား ဇာတ်ညွှန်းစစ်စစ်
၁ . ဒေသဆိုင်ရာအစိုးရများသည် အမှန်တကယ် သန့်ရှင်းရေးလိုအပ်ချက်အရ အကုန်အကျများမည့် အနေအထား၌ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာပိုင်ဆိုင်မှု (ရွှံနွံ့) များကို ငွေဖြစ်လာစေရန် စီမံခြင်းဖြစ်သည်။
၂။ ကော်မရှင်အရာရှိများသည် ထို ရွှံ့နွံများထဲ နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ်နှင့် ပိုတက်စီယမ်ကြွယ်ဝမှု များကြောင့် အော်ဂဲနစ်မြေဩဇာဖန်တီးမှု၌ တစ်ကုဗမီတာလျှင် ၇၆ ယွမ် တန်ကြေးရှိသည်ဟု ရာဖြတ် စျေးနှုတ်း သတ်မှတ်ပေးသည်။
၃။ နိုင်ငံပိုင်လုပ်ငန်း (SOE) တစ်ခုကို ပိုင်ဆိုင်မှုအပေါ် တင်ဒါခေါ်ယူရန် အထူးဖန်တီးကာ လုပ်ငန်း လည်ပတ်နိုင်စွမ်းမရှိဘဲ အစိုးရ၏ အပြည့်အဝ ကျောထောက်နောက်ခံပြုမှုဖြင့် ဖန်တီးထားသည်။
၄။ လူမှုသဘာ၀ပတ်ဝန်းကျင် စိမ်းလန်းစည်ပင်သာယာ၀ပြောရေးကို ဦးတည်ရင်းနှီးမှုဟုဆိုသည့် (green finance quotas) စိမ်းလန်းသောဘဏ္ဍာရေးခွဲတမ်းများနှင့်ကိုက်ညီရန်ဖိအားပေးခံနေရသော ဘဏ်များသည် “အနာဂတ်ဝင်ငွေရပိုင်ခွင့်များ” ကိုအာမခံအဖြစ်အသုံးပြု၍ ချေးငွေများပေးရသည်။
၅။ အစိုးရသည် ၎င်း၏ ဘဏ္ဍာရေးအစီရင်ခံစာအောင်လက်မှတ်ကို မြှင့်တင်ဖြစ်တည်ပေးစေသည့် “နိုင်ငံပိုင် သဘာ၀အရင်းအမြစ်အသုံးပြုမှုဝင်ငွေ” အဖြစ် ယွမ် ၈၃၉ သန်းကို ချက်ချင်းရရှိသွားသည်။
ရလဒ်က မည်သို့နည်း။ အစိုးရ ဝင်ငွေ မြင့်တက်သွားသည်။ နိုင်ငံပိုင် SOE အဖွဲ့အစည်းက ထိုလုပ်ကွက် ပိုင်ဆိုင်မှုရပြီး စျေးသက်သာလွန်းသော အတိုးဖြင့် ချေးငွေများပြန်ရယူသွားသည်။ ဘဏ်များဘက်မှ ၎င်း၏ စိမ်းလန်းသောဘဏ္ဍာရေးအကြောင်းပြချက် စွမ်းဆောင်ရည်အညွှန်းကိန်း (KPI) ကို ဖြည့် ဆည်းပေးသွားနိုင်သည်။ ခဲတစ်လုံးဖြင့် ငှက် ၃ ကောင်ကို တစ်ပြိုင်တည်း ပစ်ခတ်ခြင်းဖြစ်သည်။ တရားဝင် အစီရင်ခံစာတစ်ခုက ကြွားလုံးထုတ်ထားသည့်အတိုင်းပင်။ ပြဿနာက စီးပွားရေးတွက်ချေများက မကိုက်ညီခြင်းဖြစ်သည်။ စက်မှုလုပ်ငန်း ခွဲခြမ်းစိတ်ဖြာသုံးသပ်သူများက ထို ရွှံ့နွံများအား အော်ဂဲနစ် မြေဩဇာ အဖြစ်ပြောင်းလဲမည်ဆိုလျှင်ပင် နှစ်စဉ်ဝင်ငွေသည် ယွမ်သန်း ၁၀၀ ခန့်သာရှိလိမ့်မည်ဟု တွက်ချက်ကြသည်။ ထိုနှုန်းထားဖြင့်ဆိုလျှင် စက်ရုံတည်ဆောက်မှု၊ စက်ပစ္စည်းနှင့် အလုပ်သမားအပါအဝင် ယွမ် ၈၃၉ သန်း ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရရှိရန် ရာစုနှစ်တစ်ခုကြာမည်ဖြစ် သည်။ လုပ်ပိုင်ခွင့်ကာလ နှစ် ၂၀ ကျော်သည်အထိ အရင်းပြန်ရနိုင်ရန် အလှမ်းဝေးလွန်းနေသည်။ ထို့ကြောင့်ပင် မှတ်ချက်ပေးသူ တစ်ဦးက တရုတ်အစိုးရ၏ အဓိကလိုရင်းသည် ရွှံ့နွံများကို တူးဖော်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ ဘဏ္ဍာရေးအကျပ်အတည်းမှ ပြန်ရုန်းထွက်နိုင်ရေး လှည့်ကွက်အသုံးပြုခြင်းသာဖြစ်သည်ဟု ဆိုသည်။
“အရင်းအမြစ်သုံးခုဖြင့် ငွေရှာခြင်း”: တစ်နည်းအားဖြင့် ကြွေးမြီအကျပ်အတည်း
အဆိုပါ ရွှံနွံများ လေလံတင်မှုသည် ပိုမိုကြီးမားလာမည့် မူဝါဒတွန်းအားပေးမှုများအတွက် ရှေ့ပြေးစမ်းသပ် စီမံကိန်းများအဖြစ်သာ ရှိသေးသည်။ အရင်းအမြစ် ၃ ခုဖြင့် ငွေရှာခြင်းဟု ခေါ်ဆိုသည်။ နိုင်ငံပိုင်သဘာ၀ ရင်းမြစ်အားလုံးကိုပင် ပိုင်ဆိုင်မှုအသွင်ပြောင်းလာခြင်းဖြစ်သည်။ ပိုင်ဆိုင်မှုအားလုံးကို ငွေချေးစာချုပ်များထဲသို့ လည်းကောင်း၊ ရန်ပုံငွေအားလုံးကို အကြွေးအဖြစ်သို့လည်းကောင်း ထည့်သွင်းဖလှယ်လိုက်ခြင်းပင်။ တရုတ်နိုင်ငံ၏ ဒေသန္တရအစိုးရများသည် မြေယာရောင်းချမှုဝင်ငွေများ ကျဆင်းခြင်း (ဒေသများစွာတွင် ၃၀-၅၀% ကျဆင်းခြင်း)၊ အကြွေးပြန်ဆပ်ရန်ဖိအားများ မြင့်တက်လာခြင်းနှင့် အခွန်တိုးတက်မှုနှေးကွေးခြင်း စသည့် အခြေအနေဆိုးများနှင့် ရင်ဆိုင်နေရချိန်တွင် ယင်းမူဝါဒ ပေါ်ပေါက်လာခဲ့သည်။ ဖြေရှင်းချက်ကား အဘယ်နည်း။ ချိန်ခွင်လျှာညှိရန် ဖန်တီးသည့် ဘဏ္ဍာရေးအင်ဂျင်နီယာ နည်းလမ်းသုံးခြင်းသာဖြစ်သည်။
ဟူဘေး (Hubei)၊ အန်းဟွေ (Anhui) နှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များတွင် သစ်တောများ၊ အချက်အလက်များ၊ ကားပါကင်မူပိုင်ခွင့်များအပါ အရင်းအမြစ်များစွာကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်သည်။ ဟိုင်းလုံကျန်းရွှံ့နွံလေလံပွဲများကို “အိပ်ပျော်နေသော နိုင်ငံတော်ပိုင်ဆိုင်မှုများ” တစ်နည်းအားဖြင့် (Longjiang Plan ) အား အသက်သွင်းရန် လုပ်ဆောင်သည့် ထင်ရှားသောကိစ္စရပ်များအဖြစ် အထူးပုံဖော်ခဲ့သည်။ သို့သော်လည်း ဝေဖန်သူများက ၎င်းသည် “မြေယာဘဏ္ဍာရေးဗားရှင်း ၂.၀” ဖြစ်ကြောင်း သတိပေးကြပြီး တရုတ်နိုင်ငံ၏ အိမ်ခြံမြေ ဆပ်ပြာပူပေါင်းအား ဖန်တီးပေးခဲ့သော အန္တရာယ်ရှိသည့် အကြွေးအခြေပြု ကြီးထွားမှုပုံစံကို ပြန်လည်သရုပ်ဖော်နေခြင်းဖြစ်ကာ ယခုစီမံကိန်းက ပို၍ထူးခြားဆန်းပြားသော သဘာ၀ပိုင်ဆိုင်မှုများ တွင်ပါ အသုံးချခံရခြင်းဖြစ်သည်ဟု ဆိုသည်။
ပုံစံခွက်က ရှင်းလင်းပါသည်
• ငွေဖြစ်လွယ်မှုမရှိသောပိုင်ဆိုင်မှုကို ငွေကြေးဖောင်းပွမြင့်မားစေသည့်စျေးနှုန်းဖြင့် တန်ဖိုးဖြတ်
• အစိုးရထိန်းချုပ်ထားသောအဖွဲ့အစည်းသို့ လွှဲပြောင်း
• ဘဏ်ချေးငွေများရရှိရန် အသုံးပြု
• ရရှိသောငွေကို လက်ရှိဘဏ္ဍာရေးဝင်ငွေအဖြစ် စာရင်းသွင်းသာဖြစ်သည်။
အစိုးရ၏ အကြွေးများကို စာရင်းအင်း ချိန်ခွင်လျှာမျှချေရရှိရေး SOEs နှင့် ဘဏ်များဆီသို့ ရွှေ့ပြောင်း ပေးလိုက်ခြင်းသာဖြစ်သည်။ သို့သော် စီမံကိန်းများသည် ကတိပေးထားသည့်အတိုင်း အကျိုးအမြတ် များ မလွဲမသွေရရှိစေရေးတွင် ပျက်ကွက်သောအခါ ချေးငွေများသည် စွမ်းဆောင်ရည် အကျိုးအမြတ် မရှိသော ပိုင်ဆိုင်မှုများ (non-performing assets) ဖြစ်လာပေမည်။ နောက်ဆုံးတွင် အရှုံးပြကုန်ကျ စားရိတ်များအတွက် ကျခံရသူမှာ ဗဟိုအစိုးရနှင့် အခွန်ထမ်းတရုတ်ပြည်သူများသာ ဖြစ်မည်။
Shell ကုမ္ပဏီများနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခုံသမာဓိရုံး
Qiqihar Zeyuan Environmental Protection Industry Co. Ltd သည် သီးခြားကုမ္ပဏီဖြစ်စဉ် မဟုတ်ပေ။ ကုမ္ပဏီ မှတ်ပုံတင်စာရွက်စာတမ်းများအရ ကုမ္ပဏီကို ရာနှုန်းပြည့် မတည်ထောက်ပံ့ပေး ထားသည့် အဖွဲ့က ကီချီဟာ နိုင်ငံတော်ပိုင်ပိုင်ဆိုင်မှုများ ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မရှင် ဖြစ်သည်။ ဂန္ထဝင် “ပလက်ဖောင်းကုမ္ပဏီ” တစ်ခုဖြစ်ပြီး ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရန်အတွက် သာ ဖန်တီးထားသည့် အချည်းနှီးသော ဟန်ပြအခွံကုမ္ပဏီ (Shell Company) တစ်ခုသာဖြစ်သည်။ တရုတ်စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့များသည် ထိုသို့သော Shell Company များကို အကြိမ်ကြိမ် နှိမ်နင်း ရန် ကြိုးစားခဲ့သေးသည်။ သို့သော် သူတို့ကိုယ်တိုင်က သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်ချက် မှတ်တမ်းမရှိ၊ နည်းပညာကျွမ်းကျင်မှုမရှိ၊ အကျိုးအမြတ်ရရှိရန်လက်တွေ့ကျသောလမ်းကြောင်းလည်း မရှိသည့် Shell Company ကို ပြန်ထူထောင်ခြင်းသာဖြစ်သည်။
အဆိုပါ ကုမ္ပဏီသည် ယွမ် ၈၃၉ သန်းဖြင့် ရွှံနွံများထုတ်ယူခွင့်ကို ရသွားနိုင်ခဲ့သည်။ မည်သို့နည်း။ အဘယ်ကြောင့်ဆိုသော် တကယ့်အာမခံချက်က ရွှံ့မဟုတ်ဘဲ အစိုးရ၏ သွယ်ဝိုက်သောအာမခံချက်သာ ရရှိသွားခြင်းဖြစ်သည်။ ဒေသခံ SoE များကို ကျရှုံးခွင့်မပြုနိုင်စေသည်ကို ဘဏ်လုပ်ငန်းရှင်များ သိကြသည်။ ထို့ကြောင့် စိမ်းလန်းသော ချေးငွေ တံဆပ်ကပ်ကာ နိုင်ငံရေးအရ အကာအကွယ်ပေးပြီး ပေကျင်းအစိုးရ၏ ရေရှည်တည်တံ့ခိုင်မြဲမှုရည်မှန်းချက်များပြည့်မီရန် မဖြစ်မနေ ကူညီပေးရခြင်းသာ ဖြစ်သည်။ စီးပွားဖြစ်ရေးအရ အလားအလာ မည်သို့ပင်ရှိစေကာမူ ကွင်းဆက်အတွင်းရှိ အရာရှိများ၊ ဘဏ်အမှုဆောင်များ၊ SOE မန်နေဂျာများအားလုံးသည် ငွေပေးငွေယူကို ပြီးမြောက်အောင် လုပ်ဆောင်ပေးရန် လှုံ့ဆော်မှုများရှိသည်။ ဘဏ္ဍာရေးသုတေသီတစ်ဦး ရေးသားခဲ့သည့်အတိုင်းပင်။ “ခေတ်သစ်တစ်ခုအတွက် အဂ္ဂိရတ်တစ်ခုဖြစ်သည်။ လက်တစ်ဖက်တွင် ပိုင်ဆိုင်မှုများနှင့် အခြားလက်တစ်ဖက်တွင် အရင်းအနှီးများဖြင့် ကြားရှိ ရွှံ့နွံများ မည်သို့ဖြစ်ပျက်သည်ဖြစ်စေက အရေးမကြီး”ဟု ရေးသားခဲ့ခြင်းဖြစ်သည်။
သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များ – ချိန်ကိုက်ဗုံးတစ်လုံးမှ စက္ကန့်သံများ
ရေလှောင်ကန်များတွင် နုန်းတင်ခြင်းသည် ကြီးမားသည့်ပြဿနာတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ၏ ရေကာတာများသည် နှစ်စဉ် အနည်အနှစ် ကုဗမီတာ ၁ ဘီလီယံကျော် စုပုံနေစေပြီး ရေကြီးရေလျှံမှု ထိန်းချုပ်နိုင်စွမ်းကို လျော့ကျစေခြင်းနှင့် ရေဖူလုံမှုကို ခြိမ်းခြောက်နေသည်။ သို့ရာတွင် တရုတ်အစိုးရ သည် ရွှံနွံများမှ ဝင်ငွေရှာရန် အလျှင်စလို လုပ်ဆောင်နေခြင်းမှာ ပိုမိုကြီးမားမည့်အန္တရာယ်အသစ်ကို ဖန်တီးခြင်းသာဖြစ်သည်။
၁။ ညစ်ညမ်းမှု – တူးဖော်ထားသော ရွှံ့နွံများတွင် အကြီးစားသတ္တုများနှင့် အော်ဂဲနစ်ညစ်ညမ်းပစ္စည်း များ ပါဝင်လေ့ရှိသည်။ မသင့်လျော်သော စွန့်ပစ်ခြင်းသည် လယ်ယာမြေနှင့် မြေအောက်ရေများဆီသို့ ညစ်ညမ်းမှု ပျံ့နှံ့သွားနိုင်သည်။
၂။ နည်းပညာဆိုင်ရာ အလွယ်သုံးမှုများ – အကျိုးအမြတ်များရရှိရန် ဖိအားပေးထားမှုများအောက်တွင် ကုမ္ပဏီများသည် ရွှံ့နွံများကို တရားမဝင် စွန့်ပစ်နိုင်သည်။ သို့မဟုတ် ကုန်ကျစရိတ်များသော သန့်စင်မှု လုပ်ငန်းစဉ်များကို မျက်ကွယ်ပြုကျော်သွားနိုင်သည်။
၃။ စောင့်ကြည့်စစ်ဆေးမှုနယ်ပယ် ကွာဟချက်များ – ဓာတ်မြေဩဇာတန်ဖိုး မည်မျှကြီးမားဆိုသည့် တရားဝင်အစီရင်ခံစားများပေါ်မှ ကြွေးကျော်နေမှုများသည် ကိုယ့်လည် ကိုယ်ပြန်လှီးနေသည့်အဖြစ် မျိုးဖြစ်နေသည်။ ညစ်ညမ်းမှုအဆင့် မည်သို့ရှိသည်ကို ပြည်သူအား အန္တရာယ်အကဲဖြတ်မှုဆိုင်ရာ အချက်အလက်များ မပေးဘဲ ထားရှိသည်။
မသင့်လျော်သော ရွှံ့နွံစွန့်ပစ်မှုနှင့် ဂေဟဗေဒဆိုင်ရာ အန္တရာယ်များကြောင့် ကွမ်ရှီးနှင့် ယူနန်ရှိ ရေလှောင်ကန်တူးဖော်ရေး စီမံကိန်းများကို အကြိမ်ကြိမ် ရပ်ဆိုင်းထားသည့် ဗဟိုအစိုးရ၏ ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုနှင့် ယခုဖြစ်စဉ်မှာ သိသိသာသာ ကွာခြားနေသည်။ ဟိုင်းလုံကျန်း စီမံကိန်းများသည် ဘဏ္ဍာရေးမူဝါဒ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးသောကြောင့် စည်းမျဉ်း စည်းကမ်းဆိုင်ရာ ကင်းလွတ်ခွင့် ရရှိပုံရှိသည်။
ပိုကြီးသောပုံရိပ်- စနစ်ဆိုင်ရာအကျပ်အတည်း
ရွှံ့နွံလေလံပွဲများသည် ပိုမိုနက်ရှိုင်းသော ဖွဲ့စည်းပုံဆိုင်ရာပြဿနာတစ်ခု၏ လက္ခဏာများဖြစ်သည်။ တရုတ်နိုင်ငံ၏ ဒေသဆိုင်ရာအစိုးရများသည် ကြွေမြီများဆပ်နိုင်ခြင်းမရှိသော်လည်း တရားဝင်ဒေဝါလီ ခံကြေညာခြင်းမလုပ်ရဟု တားမြစ်ခံထားရသည်။ “အရင်းအမြစ်သုံးခုဖြင့် ငွေရှာခြင်း” မူဝါဒသည် များသထက်များလာသော အကျပ်အတည်းကြားရောက်နေသည့် ဘဏ္ဍာရေးအင်ဂျင်နီယာအတွက် နိုင်ငံရေးအရ အကာအကွယ်ပေးမှုလုပ်ခြင်းသာဖြစ်သည်။ ဘဏ္ဍာရေးအင်ဂျင်နီယာဆိုသည်က လတ်တလော စာရင်းအပြကိုက်ညီရေးကို ဦးတည်သည် ဘဏ္ဍာရေး တွက်ချက်စီမံမှုမျိုးဖြစ်သည်။
အဓိက သတိပေးလက္ခဏာများ
• တန်ဖိုးဖြတ်မှုဖောင်းပွခြင်း – ရွှံ့နွံများအတွက် ခိုင်မာသောဈေးကွက်မရှိသောကြောင့် ဈေးနှုန်းများကို အစိုးရမှ တာဝန်ပေးအပ်ထားသော တန်ဖိုးဖြတ်မှုများဖြင့်သာ စီးပွားရေးအခြေအနေထက် နိုင်ငံရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရသည်။
• ကိုယ်ကျင့်တရားဆိုင်ရာ အန္တရာယ် – ဘဏ်များသည် စီမံကိန်းအခြေခံများကို အခြေခံ၍ မဟုတ်ဘဲ အစိုးရ၏ ချိတ်ဆက်မှုများကို အခြေခံ၍ ငွေချေးကြပြီး အန္တရာယ်ရှိသော ချေးငွေများကို ထုတ်ပေးရန် မသင့်လျော်သော လှုံ့ဆော်မှုများကို ဖန်တီးထားသည်။
• အများပြည်သူကုန်ကျစရိတ်၊ ပုဂ္ဂလိကအကျိုးအမြတ် – SOE အမှုဆောင်အရာရှိများနှင့် ဒေသဆိုင်ရာ အရာရှိများသည် “ဆန်းသစ်တီထွင်မှု” နှင့် စွမ်းဆောင်ရည်ပစ်မှတ်များကို အောင်မြင်စွာဖန်တီးပေးနိုင် ပါက ဂုဏ်ပြုခံရမည်။ စီမံကိန်းများ မအောင်မြင်သောအခါ ဆုံးရှုံးမှုများကို ပြည်သူများကသာ ခါးစည်း ခံပေးရမည်။
မှတ်ချက်ပေးသူတစ်ဦးက ယခုလိုဒဲ့ထိုး ပြောဆိုလာသည်။ “ ဒါက သိုးမွှေးရိတ်စက်ပါ။ ဗဟိုအစိုးရက ဘဏ်တွေဆီက ငွေတွေ ထုတ်ပေး။ အဲဒီငွေအားလုံးဟာ သာမန်ပြည်သူတွေဆီက လာတဲ့ငွေတွေချည်း ပါပဲ” ဟု မှတ်ချက်ပေးခဲ့သည်။
နိဂုံးချုပ်- ငွေကြေးဆိုင်ရာ လှည့်စားမှုများကို ရပ်တန့်ပြီး စစ်မှန်သော အုပ်ချုပ်မှုပတ်ဝန်းကျင်ကို စတင်ပါ
ဟိုင်းလုံကျန်း ရွှံ့နွံလေလံပွဲများသည် ဘေဂျင်း၏ ဘဏ္ဍာရေးယိုယွင်းမှုကို ဖုံးကွယ်ရန် “ဂေဟစနစ်ယဉ်ကျေးမှု” ကြီးအား လက်နက်အဖြစ် မည်သို့အသုံးချနေကြောင်း ဖော်ထုတ်ပြသ ခြင်းဖြစ်သည်။ စိမ်းလန်းသော ဆန်းသစ်တီထွင်မှုအဖြစ် ဈေးကွက်တင်ထားသည်မှာ အမှန်တကယ်တွင် အတုအယောင်ပိုင်ဆိုင်မှုများ ဖန်တီးရန်၊ ဘဏ်ချေးငွေများကို ထုတ်ယူရန်နှင့် အကြွေးတာဝန်ခံမှုကို ရွှေ့ဆိုင်းရန် လုပ်ဆောင်သော ခေတ်မီအစီအစဉ်တစ်ခုသာဖြစ်သည်။ စနစ်တကျ ဖြစ်တည်လာသော အကျပ်အတည်းကြီးတစ်ခု မဖြစ်လာစေရန် တရုတ်သည် အောက်ဖော်ပြပါများကို လိုက်နာလုပ်ဆောင်ရမည်ဖြစ်သည်။
• ညစ်ညမ်းမှုအချက်အလက်များနှင့် အန္တရာယ်ခွဲခြမ်းစိတ်ဖြာမှုများကို အများပြည်သူသိရှိအောင် ထုတ်ပြန်ခြင်းဖြင့် အရင်းအမြစ်မှငွေရှာသော စီမံကိန်းအားလုံးအပေါ် တင်းကျပ်ပြီး လွတ်လပ်သော ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုများခံယူသည့် မူဝါဒများ ချမှတ်ပါ။
• SOE တင်ဒါခေါ်ယူသူများအတွက် စစ်မှန်သော ရှယ်ယာရင်းနှီးမြှုပ်နှံမှု (မတည်ငွေထဲ ဘဏ်ချေးငွေများ မထည့်သွင်းခြင်း) လိုအပ်ပြီး ရှင်းလင်းစွာပါဝင်ပတ်သက်မှုကို သေချာစေရမည်။
• စိမ်းလန်းသောဘဏ္ဍာရေးခွဲတမ်းများအတွက် စာရင်းစစ်ဘဏ်ချေးငွေလုပ်ဆောင်မှုများသည် အန္တရာယ်များပြီး နိုင်ငံရေးအရ လှုံ့ဆော်သော ချေးငွေများမဖြစ်စေသင့်ပါ။
• တင်ဒါခေါ်ယူသူများသည် လုပ်ငန်းလည်ပတ်နိုင်စွမ်း သက်သေပြသရန် လိုအပ်ချက်ရှိသော၊ ပိုင်ဆိုင်မှုလွှဲပြောင်းမှုများအတွက် တစ်ခုတည်းသာ ရည်ရွယ်ထူထောင်သော shell ကုမ္ပဏီများ မဖြစ်စေရန် တားမြစ်ပိတ်ပင်ပါ။
• ဘဏ္ဍာရေးကယ်ဆယ်မှုမစ်ရှင်များနှင့် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒကို ခွဲခြားပါ။ စစ်မှန်သော ဂေဟစနစ်ပြန်လည်ထူထောင်ရေးအတွက် စိတ်ရှည်သောအရင်းအနှီးနှင့် သိပ္ပံနည်းကျ တိကျမှု လိုအပ်ပြီး အလျင်စလိုသော ဘဏ္ဍာရေးအင်ဂျင်နီယာအစီအမံများ မလိုအပ်ပါ။
ဟိုင်းလုံကျန်းရေလှောင်ကန်များအောက်ခြေမှ ရွှံ့နွံများသည် အစစ်အမှန်ရွှေများမဟုတ်ပေ။ တရုတ် နိုင်ငံ၏ ကြွေးမြီစိတ္တဇကြီးထွားလာမှုပုံစံသည် အန္တရာယ်အလွန်ရှိသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိပေးလက္ခဏာတစ်ရပ်ကို မျက်ဝါးထင်ထင် မြင်တွေ့ရခြင်းဖြစ်သည်။ မြစ်များ အောက်ခြေရှိ ရွှံနွံများသည် တရုတ်နိုင်ငံ ခရက်ဒစ်စက်များ လည်ပတ်နိုင်စေရေးအတွက် အပူတပြင်း လောင်းကစားလုပ်မှုတွင် အပေါင်ပစ္စည်းတစ်ခုဖြစ်လာနေပြီဖြစ်သည်။ ပေကျင်းအစိုးရသည် တခဏ အတွင်း ပေါက်သွားမည့် ဆပ်ပြာပူပေါင်းအသွင်ဆောင်သော အလွန်အကျူးဖန်တီးမှုမူဘောင်များဖြင့် ဘဏ္ဍာရေးအကျပ်အတည်းကို ဖုံးကွယ်နေမည့်အစား ရိုးသားစွာ ရင်ဆိုင်သင့်ပြီဖြစ်သည်။ Longjiang Plan သည် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာဆန်းသစ်တီထွင်မှုမဟုတ်ဘဲ အကြွေးအကျပ်အတည်းအား ထိုနည်းဖြင့် စီမံခန့်ခွဲမရနိုင်သည်ကို သတိပေးသော ဇာတ်လမ်းတစ်ပုဒ်အဖြစ် ရှုမြင်ကြရလိမ့်မည်သာ။
#MeKongNews








