ဆောင်းပါး

အီရန် ပြိုနိုင်သလား…

မဲခေါင် 16 Jan - 2026
~ CWM ~ (၁) အီရန်ဆန္ဒပြပွဲတွေက စိုးရိမ်စရာအခြေအနေကို ရောက်လာတော့ ကမ္ဘာကြီးကလည်း ရင်တမမဖြစ်လာတယ်။ ကာတာမှာရှိတဲ့ အမေရိကန်စစ်စခန်း အယ်လ် အူဒိုက် က စစ်သားတွေ ပြန်ရုပ်နေပြီဆိုတဲ့ သတင်းနဲ့အတူ အမေရိကန်က အီရန်ကို လေကြောင်းကနေ တိုက်ခိုက်တော့မလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်။ ဗြိတိန်ကလည်း တီဟီရန်မှာရှိတဲ့ သူ့သံရုံးကို ယာယီပိတ်ထားလိုက်ပြီး တာဝန်ရှိသူတချို့ကို ပြန်ခေါ်လိုက်တယ်။ အီရန်ကလည်း သူ့ရဲ့လေပိုင်နက်ကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပိတ်ထားလိုက်ပြီဆိုတဲ့အတွက် ကမ္ဘာကြီးက စိတ်လှုပ်ရှားစရာ မြင်ကွင်းတွေကို မြင်ရတော့မလားဆိုပြီး ထိတ်ထိတ်ပြာပြာဖြစ်လာတယ်။ အီရန်မှာ အခြေအနေဆိုးနေတာကတော့ အမှန်ပဲ။ ကုန်စျေးနှုန်း မတရားကြီးပြီး ငွေတန်ဖိုး ထိုးကျရာက ဒီဇင်ဘာ(၂၈)ရက်မှာ စတင်ခဲ့တဲ့ လူထုဆန့်ကျင်ဆန္ဒပြပွဲတွေဟာ ပြည်နယ်(၃၁)ခုက

~ CWM ~

(၁)

အီရန်ဆန္ဒပြပွဲတွေက စိုးရိမ်စရာအခြေအနေကို ရောက်လာတော့ ကမ္ဘာကြီးကလည်း ရင်တမမဖြစ်လာတယ်။ ကာတာမှာရှိတဲ့ အမေရိကန်စစ်စခန်း အယ်လ် အူဒိုက် က စစ်သားတွေ ပြန်ရုပ်နေပြီဆိုတဲ့ သတင်းနဲ့အတူ အမေရိကန်က အီရန်ကို လေကြောင်းကနေ တိုက်ခိုက်တော့မလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်။

ဗြိတိန်ကလည်း တီဟီရန်မှာရှိတဲ့ သူ့သံရုံးကို ယာယီပိတ်ထားလိုက်ပြီး တာဝန်ရှိသူတချို့ကို ပြန်ခေါ်လိုက်တယ်။ အီရန်ကလည်း သူ့ရဲ့လေပိုင်နက်ကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပိတ်ထားလိုက်ပြီဆိုတဲ့အတွက် ကမ္ဘာကြီးက စိတ်လှုပ်ရှားစရာ မြင်ကွင်းတွေကို မြင်ရတော့မလားဆိုပြီး ထိတ်ထိတ်ပြာပြာဖြစ်လာတယ်။

အီရန်မှာ အခြေအနေဆိုးနေတာကတော့ အမှန်ပဲ။ ကုန်စျေးနှုန်း မတရားကြီးပြီး ငွေတန်ဖိုး ထိုးကျရာက ဒီဇင်ဘာ(၂၈)ရက်မှာ စတင်ခဲ့တဲ့ လူထုဆန့်ကျင်ဆန္ဒပြပွဲတွေဟာ ပြည်နယ်(၃၁)ခုက မြို့ပေါင်း (၁၈၀)အထိ ပျံ့နှံ့သွားတယ်။ ဆန္ဒပြပွဲတွေဟာ အစောပိုင်းတုန်းက ကုန်စျေးနှုန်းကျဆင်းရေးသာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ အာဏာရှင်အစိုးရ ကျဆုံးရေးအထိ တောင်းဆိုပြီး အရှိန်အဟုန်မြင့်လာခဲ့တယ်။

အီရန်လူထုဆန္ဒပြပွဲဟာ ဇန်နဝါရီ(၈)ရက်မှာ အဆိုးဆုံးအခြေအနေကို ရောက်ရှိလာတယ်။ အမေရိကန်အခြေစိုက်၊ အီရန် လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများ သတင်းဌာန HRANA ရဲ့ ထုတ်ပြန်ချက်အရလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဆန္ဒပြသူ ၂၄၀၀ ကျော် သေဆုံးသွားပြီလို့ သိရတယ်။ ဒီလို အခြေအနေဆိုးရွားလာချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ထပ် သေဆုံးမှုတွေ ဖြစ်လာရင် အမေရိကန်က တုန့်ပြန်အရေးယူဖို့ အသင့်ပဲလို့ ပြောဆိုလိုက်တယ်။ ဒါဟာ အီရန်အရေးမှာ အမေရိကန်က တိုက်ရိုက် ဝင်ပါတော့မယ့် အခြေအနေမျိုးပါ။ အမေရိကန် နဲ့ အီရန်ကြား တကျော့ပြန်စစ်ပွဲ ပြန်စတော့မယ့် အခြေအနေက ဖြစ်လာတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လကပဲ အီရန် နဲ့ အစ္စရေး (၁၂)ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး အမေရိကန်တပ်တွေက အီရန်နျူးကလီးယားစက်ရုံတွေကို လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးခဲ့တယ်။ အဲဒီအချိန်တုန်း အီရန်ဟာ အလစ်အငိုက်မိသွားတာဖြစ်ပြီး ဒီတခါတော့ အမေရိကန်က တိုက်ခိုက်လာရင် တုန့်ပြန်ဖို့ အဆင်သင့်ရှိနေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီက ပြောဆိုလိုက်တယ်။

ဒေါ်နယ်ထရမ့်က အီရန်အာဏာပိုင်တွေအနေနဲ့ ခုလို နှိမ်နင်းသတ်ဖြတ်မှုတွေအတွက် ကြီးမားတဲ့ ပေးဆပ်မှုနဲ့ ကြုံတွေ့ရမှာဖြစ်ပြီး ဆက်လက်ဖိအားပေး ဆန္ဒပြဖို့ အီရန်ပြည်သူတွေကိုတိုက်တွန်းခဲ့တယ်။ ဆန္ဒပြပွဲတွေဟာ (ရှားဘုရင်ကို ဖြုတ်ချခဲ့တဲ့)၁၉၇၉ ခုနှစ်၊ အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အီရန်နိုင်ငဲံမှာ အကြီးမားဆုံး လူထုအုံကြွဆန္ဒပြပွဲ ဖြစ်ခဲ့တယ်။

အီရန်အစိုးရဟာ အင်တာနက်နဲ့ ဆက်သွယ်ရေးကွန်ယက်အားလုံး ပိတ်ချလိုက်ပြီးနောက်မှာတော့ ဆန္ဒပြသူတွေကို စတင်ပစ်ခတ်နှိမ်နင်းခဲ့ကြတယ်။ အင်တာနက် နဲ့ ဆက်သွယ်ရေးလိုင်းအားလုံး ဖြတ်တောက်ထားတဲ့အတွက် အီရန်နိုင်ငံအတွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ပြင်ပကမ္ဘာက အသေအချာ မသိရဘူး။

ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တချို့အရ ဆေးရုံတွေမှာ သေဆုံးသူတွေရဲ့ အလောင်းတွေ ပုံနေတာတွေ့ကြရပြီး အိတ်အမည်းနဲ့ ထည့်ထားတဲ့ အလောင်းတွေကိုလည်း သင်္ချိုင်းတွေမှာ တွေ့မြင်ကြရတယ်လို့ ဆိုတယ်။ ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေပြီး သွေးလိုအပ်ချက်အပါအဝင် လိုအပ်ချက်အများအပြားနဲ့ စစ်မြေပြင်တခုလို ဖြစ်နေတယ်လို့ မျက်မြင်သက်သေတွေက ဆိုတယ်။

အမေရိကန်ကာကွယ်ရေးဌာနက တာဝန်ရှိသူတွေက စီဘီအက်စ် သတင်းဌာနကို ပြောကြားချက်အရ ဒေါ်နယ်ထရမ့်က စစ်ရေးအရ အရေးယူဖို့ နည်းလမ်းမျိုးစုံ စဉ်းစားနေပြီး ဒီအထဲမှာ တာဝေးပစ်ဒုံးပျံနဲ့ ပစ်ခတ်တာ၊ ဆိုင်ဘာစစ်ဆင်ရေးပြုလုပ်တာမျိုးလည်း ပါဝင်တယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီကတော့ အီရန်အနေနဲ့ သံတမန်ရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ အမေရိကန်ကို တုံ့ပြန်ဖို့ အသင့်မှာ ရှိနေတယ်လို့ ပြောဆိုလိုက်တယ်။ “အမေရိကန်က အရင် စမ်းသပ်ခဲ့သလို စစ်ရေးနည်းလမ်းနဲ့ စမ်းသပ်လာရင်လည်း တုန့်ပြန်ဖို့ အဆင့်သင့်ပဲ” လို့ ဆိုတယ်။

အာဘတ်စ် အာရက်ချီက အခုဆန္ဒပြနေကြသူတွေဟာ ပြည်ပနိုင်ငံတွေက သွေးထိုးမြှောက်ပင့်ထားတဲ့ “အကြမ်းဖက်သမား”(terrorists)တွေသာဖြစ်ပြီး ဒီဆန္ဒပြပွဲဟာ အမေရိကန်နဲ့ အစ္စရေးရဲ့ နောက်ကွယ်က လှုံ့ဆော်မှုကြောင့် ပေါ်ပေါက်တာလို့ ဆိုတယ်။ အီရန် လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများ သတင်းဌာန HRANA ရဲ့ အဆိုအရ ခုဆိုရင် အီရန်တနိုင်ငံလုံးမှာ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူပေါင်း(၁၆၇၈၀)ရှိသွားပြီလို့ သိရတယ်။

အင်တာနက်တွေ ဖြတ်တောက်ထားလို့ နိုင်ငံတကာနဲ့ အဆက်အသွယ်ပြတ်တောက်နေတဲ့ အီရန်နိုင်ငံထဲက အဖြစ်အပျက်တချို့ကို အီလွန်မတ်စ်ရဲ့ စတားလင့် ဂြိုလ်တုအင်တာနက်က တဆင့် ဆက်သွယ်ရရှိခဲ့ရာမှာ တီဟီရန်မြို့မှာ အတားအဆီး စစ်ဆေးရေးဂိတ်တွေကို နေရာအနှံ့တွေ့မြင်ကြရပြီး အီရန်လုံခြုံရေးတပ်တွေက ကားတွေနဲ့ ကားမောင်းသူရဲ့ဖုန်းတွေကို စစ်ဆေးနေတာကိုလည်း တွေ့မြင်ကြရတယ်လို့ ဆိုတယ်။

အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အရှိန်အဟုန်မြင့်မားလာတာနဲ့အမျှ ဘာသာရေးခေါင်းဆောင် အလီခါမေနီ ဦးဆောင်တဲ့ အီရန် အစ္စလာမ်မစ်အစိုးရ ပြုတ်ကျတော့မှာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာတယ်။ အခြေအနေတွေက ရှုပ်ထွေးနေဆဲဖြစ်ပြီး အင်တာနက် ဆက်သွယ်ရေးဖြတ်တောက်ထားတဲ့အတွက် အခြေအနေမှန်ကို ပြင်ပကမ္ဘာက မသိနိုင်ဘူး ဖြစ်နေတယ်။

အီရန် လူထုအုံကြွဆန္ဒပြပွဲတွေဟာ ဦးဆောင်သူမရှိဘဲ အထွေထွေကုန်ဈေးနှုန်း ရုတ်တရက် ကြီးမြင့်လာရာက စတင်ခဲ့တာဖြစ်တယ်။ တနိုင်ငံလုံး ဆန္ဒပြပွဲတွေကူးစက်လာပြီးနောက်မှာတော့ ခါမေနီဦးဆောင်တဲ့ အစွန်းရောက် အာဏာရှင်အစိုးရ ဖြုတ်ချရေး၊ အမျိုးသမီးများအပေါ် ဘာသာရေးဖိနှိပ်မှု ပပျောက်ရေးနဲ့ လွတ်လပ်ခွင့်တောင်းဆိုမှုတွေအထိ ဖြစ်လာခဲ့တယ်။

ဆန္ဒပြပွဲတခုမှာ အီရန်အမျိုးသမီးငယ်တဦးဟာ ဘာသာရေးခေါင်းဆောင်း ( Hajib) ကို ချွတ်ချလိုက်ပြီး ခေါင်းမြီးမခြုံတော့ဘဲ ဘောင်းဘီရှည်၊တီရှပ်နဲ့ ထုတ်ဖော် ဆန္ဒပြခဲ့တာ တွေ့ရတယ်။ အမျိုးသမီးတွေအပေါ် ဘာသာရေးစည်းမျဉ်း တင်းကြပ်ထားတဲ့ အီရန်နိုင်ငံမှာ ဒီအပြုအမူဟာ ကြီးလေးတဲ့ ပြစ်မှုမြောက်ပြီး အီရန်လူငယ်အမျိုးသမီးတွေဟာ ရဲ့ဝံ့တက်ကြွစွာနဲ့ ဆန့်ကျင်ဆန္ဒပြနေခဲ့ကြတာဖြစ်တယ်။

(၂)

အစဉ်အလာ ရှေးရိုးစွဲအယူအဆ ကြီးမားတဲ့ အီရန်နိုင်ငံဟာ ကမ္ဘာကြီးရဲ့ အပိတ်နိုင်ငံတွေထဲ ပါဝင်တဲ့ နိုင်ငံတနိုင်ငံပါ။ ဘာသာရေး နဲ့ နိုင်ငံရေးကို ရောယှက်ထားတဲ့ အစ္စလာမ်မစ်သမ္မတ နိုင်ငံဖြစ်ပြီး ရုရှား၊ တရုတ်၊ မြောက်ကိုးရီးယား၊ လက်ဘနွန်အစရှိတဲ့ နိုင်ငံအချို့နဲ့သာ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်။ ၁၉၇၉ ခုနှစ်၊ ရှားဘုရင်ကို ဖြုတ်ချခဲ့တဲ့ အီရန်တော်လှန်ရေးနောက်ပိုင်း အကြွင်းမဲ့အာဏာရှင် ခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီက အစ္စလာမ်သမ္မတနိုင်ငံအဖြစ် ကြေညာပြီး အစ္စလာမ်ဘာသာရေးကို အခြေခံပြီး အုပ်ချုပ်ခဲ့တယ်။ အီရန်အစ္စလာမ်မစ် အစိုးရဟာ လွတ်လပ်စွာ စုဝေးခွင့်၊ထုတ်ဖော်ပြောဆိုခွင့်၊ မီဒီယာလွတ်လပ်ခွင့်၊ အမျိုးသမီးများနဲ့ လူမျိုးစုငယ်များအပေါ် တင်းကြပ်စွာဖိနှိပ်ထားမှု နဲ့ လူ့အခွင့်အရေး ချိုးဖောက်များကြောင့် အာဏာရှင်အစိုးရ ( authoritarian regime) အဖြစ် လူသိများတယ်။

အီရန်က လူသားတွေရဲ့ သမိုင်းဦး ယဉ်ကျေးမှု စတင်ရာအရပ်လည်းဖြစ်တယ်။ အရင်က ပါရှားလို့ ခေါ်ခဲ့ကြပြီး အနောက်ဘက်မှာ အီရတ်၊ အနောက်မြောက်မှာ တူရကီ၊ မြောက်ဘက်မှာ ကက်စပီယန်ပင်လယ်၊ အရှေ့နဲ့ အရှေ့တောင်ဘက်မှာ အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန်၊ တောင်ဘက်မှာ ပါရှန်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့တို့ ဝန်းရံထားတယ်။ ပထဝီအနေအထားအရအချက်အချာကျပြီး ကမ္ဘာ့ တတိယမြောက် ရေနံအရင်းမြစ် ပိုင်ဆိုင်ထားသလို တနေ့ကို ရေနံစိမ်းစည်(၃)သန်း ဝန်းကျင်ထုတ်လုပ်နေတယ်။ အီရန်က အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့ခံထားရပေမယ့် ရေနံရောင်းချမှုကတဆင့် ဝင်ငွေရရှိနေတယ်။ အီရန်ရဲ့ ရေနံစိမ်းအများဆုံးကို ဝယ်ယူနေတဲ့နိုင်ငံက တရုတ်ပါ။

လူဦးရေ သန်း(၉၀)ရှိပြီး အစ္စလာမ်ဘာသာရေးခေါင်ဆောင်ကြီး အလီခါမေနီ အုပ်ချုပ်နေတဲ့ အီရန်မှာ လူထုအုံကြွဆန့်ကျင်ဆန္ဒပြပွဲတွေ ယခင်က မကြာခဏဆိုသလို ပေါ်ပေါက်ခဲ့တယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအကြောင်းအမျိုးမျိုးနဲ့ (၁၉၉၉၊ ၂၀၀၉၊ ၂၀၁၁-၁၂၊ ၂၀၁၇-၁၈၊ ၂၀၁၉-၂၀၂၀) တို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တဲ့အနက် အကြီးမားဆုံး လူထုဆန္ဒပြပွဲကြီးတခုက ၂၀၂၂ ခုနှစ် စက်တင်ဘာလ(၁၆)ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ” မာဆာ အာမီနီ” ဆန္ဒပြပွဲပဲဖြစ်တယ်။ ကာ့ဒ်ပြည်နယ်၊ ဆက်ကက်မြို့က အမျိုးသမီးငယ်လေး မာဆာ အာမီနီ ဟာ တီဟီရန်မှာ ဘာသာရေးရဲတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်။ အာမာနီဟာ အစ္စလာမ်အမျိုးသမီးတွေ မဖြစ်မနေခြုံရမယ့် ခေါင်းဆောင်း(Hajib) ကို အသေအချာမဆောင်းတဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး သူမကို ထိန်းသိမ်းထားစဉ်အတွင်း ရဲတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးသွားခဲ့ရတယ်။ အာမေနီ သေဆုံးခဲ့ရမှုကို အကြောင်းပြုပြီး ကာ့ဒ်ပြည်နယ် ဆက်ကက်မြို့က စတင်လိုက်တဲ့ ဆန္ဒပြပွဲတွေဟာ တီဟီရန်နဲ့တကွ တနိုင်ငံလုံးကို ကူးစက်သွားပြီး လုံခြုံရေးတပ်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူပေါင်း ၅၅၀ ကျော် သေဆုံးခဲ့ရတယ်။ ဆန္ဒပြပွဲတွေဟာ ၂၀၂၃ ခုနှစ်ဆန်းပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ ပြန်လည်ငြိမ်သက်သွားတယ်။ အဲဒီတုန်းကလည်း အီရန်အစိုးရဟာ အင်တာနက်တွေကို ပိတ်လိုက်ပြီး သတင်းမှောင်ချခဲ့သလို ဆန္ဒပြသူအများအပြားကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ၂၀၂၂ခုနှစ် မာဆာအာမီနီ ဆန္ဒပြပွဲမှာ မြို့ပေါင်း (၁၃၄)မြို့၊ တက္ကသိုလ်ပေါင်း (၁၃၂)ခုပါဝင်ပြီး အဓိကဆန္ဒပြကြသူများဟာ အမျိုးသမီးများနဲ့ ကျောင်းသားကျောင်းသူတွေ ဖြစ်ကြတယ်။ အမျိုးသမီးအခွင့်အရေးတိုးမြှင့်ပေးဖို့ တောင်းဆိုရင်း အလီခါမေနီအစိုးရ ဖြုတ်ချရေးအထိ တောင်းဆိုခဲ့တယ်။

အီရန် အစ္စလာမ်မစ်အစိုးရဟာ ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတိုင်းကို လုံခြုံရေးတပ်တွေရဲ့ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းမှုနဲ့ ချေမှုန်းပြီး ငြိမ်သက်သွားအောင် လုပ်ဆောင်လေ့ရှိတယ်။ ကုလသမဂ္ဂနဲ့ အနောက်အုပ်စုနိုင်ငံများက လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် အစုအပြုံ သတ်ဖြတ်မှုတွေအတွက် အရေးယူအပြစ်ပေးဖို့ တောင်းဆိုမှုတွေကိုလည်း ဂရုမစိုက်ဘဲ နေခဲ့တယ်။ ဘာသာရေးခေါင်းဆောင် အလီခါမေနီက ဆန္ဒပြသူတွေဟာ ” အဖျက်သမား”တွေဖြစ်ပြီး ဆန္ဒပြပွဲတွေဟာ အနောက်အုပ်စုရဲ့ စစ်ရေးပရိယာယ်သာ ဖြစ်တယ်လို့ ဆိုတယ်။

ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတိုင်းကို ပစ်ခတ် သတ်ဖြတ်နှိမ်နင်းမှုနဲ့ အဆုံးသတ်လေ့ရှိတဲ့ အီရန်နိုင်ငံမှာ ဒီတခါ ဖြစ်ပေါ်လာတဲ့ လူထုအုံကြွဆန့်ကျင် ဆန္ဒပြပွဲကိုရော လက်ရှိ အီရန် ဘာသာရေးခေါင်းဆောင် အလီခါမေနီ အစိုးရက ငြိမ်သက်သွားအောင် လုပ်ဆောင်နိုင်ဦးမလား။ အရင် ဆန္ဒပြပွဲတွေလိုပဲ နောက်ဆုံးမှာ ရက်ရက်စက်စက် ဖိနှိပ်ပြီး အဆုံးသတ်စေဦးမလား။

လတ်တလောအခြေအနေမှာတော့ အမေရိကန်ရော၊ အီရန်ပါ စစ်ရေးတပြင်ပြင် ဖြစ်နေတယ်။

ဒီတခါတော့ ဘာသာရေးအစွန်းရောက် အာဏာရှင် အလီခါမေနီအစိုးရ ပြိုကျတော့မယ့် အရိပ်လက္ခဏာတွေ မြင်နေကြရတယ်။

ဆန္ဒပြသူတချို့ဟာ ၁၉၇၉ခုနှစ်က အစ္စလမ်မစ်တော်လှန်ရေးနဲ့အတူ ဖြုတ်ချခံလိုက်ရတဲ့ ရှားဘုရင် မိုဟာမက် ရေဇာ ပါလာဝီရဲ့သား “ရေဇာ ပါလာဝီ” ကို ပြန်လာဖို့ တောင်းဆိုနေကြတယ်။

ဗုဒ္ဓဟူးနေ့(ဇန်နဝါရီ-၁၄)ရက်နေ့အထိ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဒေါ်နယ်ထရမ့်က အီရန်မှာ နောက်ထပ်သတ်ဖြတ်မှုတွေ မရှိတော့ဘဲ ဆန္ဒပြပွဲတွေ ငြိမ်သက်သွားလို့ စစ်ရေးအရ တုန့်ပြန်မယ့်အစီအစဉ်ကို ဆိုင်ငံ့ပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရတယ်။

အီရန်အခြေအနေဟာ စိုးရိမ်စရာကောင်းပေမယ့် ဘာသာရေးခေါင်းဆောင်တွေဟာ ဆယ်စုနှစ် ငါးခုမက အာဏာကို ဓါးမိုးပြီးအုပ်ချုပ်လာခဲ့ကြတယ်။ အီရန် ဘာသာရေးအစွန်းရောက် အာဏာရှင်ခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့ ဆန့်ကျင်အုံကြွမှုကို အကြီးအကျယ်ခံခဲ့ရပေမယ့် အကြိမ်ကြိမ် ဖိနှိပ် နှိမ်နင်းပြီး လွတ်မြောက်ခဲ့တယ်။ ခေါင်းဆောင် အလီခါမေနီအပေါ် အီရန် ရီပတ်ဘလစ်ကင် အစောင့်တပ်(IRGC) က သစ္စာစောင့်သိသလို လက်ရုံးတပ် ဘာဆစ်ပြည်သူ့စစ် (Basij militia) ကလည်း ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ အသင့်အမြဲ ရှိနေတယ်။

အားနက်စ် ဟဲမင်းဝေးကတော့ အကြွင်းမဲ့အာဏာရှင်တွေဟာ တဖြည်းဖြည်းချင်း ကျိုးပဲ့လာပြီး နောက်ဆုံးမှာ ရုတ်တရက် ပြိုကျသွားတတ်တယ်လို့ ဆိုတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းမှာ အာဏာရှင် ဆီးရီးယားသမ္မတ ဘာရှားအယ်လ် အာဆတ် နိုင်ငံက ထွက်ပြေးခဲ့ရတယ်။ အာဆတ်ဟာ ပြည်တွင်းစစ်ပွဲမှာ အနိုင်ရနေပြီလို့ ထင်ရတယ်။ ဆော်ဒီ နဲ့ အာရပ်လိဂ်ကလည်း သူ့ကို ထောက်ပံ့တယ်။ လက်နက်ကိုင်ပုန်ကန်သူတွေက ရုတ်တရက် ဝင်စီးတဲ့အခါ သူ့ကို မိတ်ဆွေ ရုရှားရော၊ အီရန်ပါ ဘာမှ အကူအညီမပေးနိုင်ဘဲ မိသားစုနဲ့အတူ မော်စကို ကို ကသောကမျော ထွက်ပြေးခဲ့ရတယ်။ အချိန်ကာလအတန်ကြာအောင် အက်ကွဲနေပြီးမှ အာဏာရှင် အာဆတ်အစိုးရရဲ့ရုတ်တရက် ပြိုကျသွားမှုက မြန်ဆန်လွန်းတယ်လို့ ဆိုရမယ်။

နမူနာအားဖြင့် ၂၀၁၁ ခုနှစ်က တူနီးရှားသမ္မတ ဘင်အာလီ ရုတ်တရက် ထွက်ပြေးခဲ့ရတာ၊ အီဂျစ်သမ္မတ ဟော့စနီ မူဘာရက် ထွက်ပြေးခဲ့ရတာတွေ ရှိတယ်။ သူတို့တွေဟာ လူထုဆန္ဒပြပွဲနဲ့ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကာကွယ်ကို မရတော့တဲ့အချိန်မှာ ပြုတ်ကျသွားခဲ့ကြတာဖြစ်တယ်။

အီရန်မှာရော ဒီအဖြစ်မျိုး ရှိလာနိုင်သလားမေးရင် မရှိသေးဘူးလို့ပဲ ဆိုရမယ်။ ဒါပေမယ့် တဖြည်းချင်း ကျိုးပဲ့လာမှုကနေ ရုတ်တရက် ပြိုကျသွားတဲ့အဖြစ်မျိုး ရှေ့မှာ နမူနာတွေ ရှိထားနှင့်ခဲ့ပြီ ဖြစ်တယ်..။

# CWM ref: Bowen: Authoritatian regimes die gradually then suddenly, but Iran is not there yet. Latest news from Reuters, BBC World, CNN.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now