ဆောင်းပါး

အားကြီးသူ အနိုင်ယူသောခေတ် (သို့မဟုတ်) မာဒူရို သန်းခေါင်ယံ စစ်ဆင်ရေး

မဲခေါင် 11 Jan - 2026
~ CWM ~ ၂၀၂၆ ကတော့ ဂျိမ်းစ်ဘွန်းအက်ရှင်ကားတကားလို စတင်လိုက်ပါပြီ။ ရဟတ်ယာဉ်တွေ၊ ဒုံးကျည်တွေ၊ အသေခံပြောက်ကျားတပ်ဖွဲ့ဝင်တွေ၊ လက်နက်ဆန်းတွေ၊ လင်းထိန်ဖြာထွက်လာတဲ့ ပေါက်ကွဲမှုတွေ၊ မီးခိုးလုံးတွေနဲ့ ဖွင့်လှစ်လိုက်တာပါ။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ(၃)ရက်။ နံနက် အရုဏ်မကျင်းမီအချိန်။ ကင်မရာက အနီးကပ်အရုပ် ပြလိုက်ချိန်မှာ ထွက်ပေါ်လာသူက မီးခိုးရောင်ဆွယ်တာဝတ်စုံ၊ မျက်မှန်အမည်းနဲ့ လက်ထိပ်ခတ်ခံထားရတဲ့ ဗင်နီဇွဲလားခေါင်းဆောင် မာဒူရို။ ရဟတ်ယာဉ်ဟာ ကာရစ်ဘီယံပင်လယ်ပြင်ပေါ်မှာ ပျံသန်းနေတယ်။ အမှောင်နောက်ခံထဲမှာ ၂နာရီကြာ အက်ရှင်အဖွင့်ခန်းက တဖြေးဖြေး မှိန်ဖျော့သွား..။ တကယ်တော့ ဒါဟာ ရုပ်ရှင်ကား တကားမဟုတ်ပါ။ အပြင်မှာ တကယ်ဖြစ်သွားတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်အဖွင့်ခန်းနဲ့ တူတဲ့ ဇာတ်ဝင်ခန်းတခုပါ။ အမေရိကန် Delta Force တပ်တွေဟာ

~ CWM ~

၂၀၂၆ ကတော့ ဂျိမ်းစ်ဘွန်းအက်ရှင်ကားတကားလို စတင်လိုက်ပါပြီ။ ရဟတ်ယာဉ်တွေ၊ ဒုံးကျည်တွေ၊ အသေခံပြောက်ကျားတပ်ဖွဲ့ဝင်တွေ၊ လက်နက်ဆန်းတွေ၊ လင်းထိန်ဖြာထွက်လာတဲ့ ပေါက်ကွဲမှုတွေ၊ မီးခိုးလုံးတွေနဲ့ ဖွင့်လှစ်လိုက်တာပါ။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ(၃)ရက်။ နံနက် အရုဏ်မကျင်းမီအချိန်။ ကင်မရာက အနီးကပ်အရုပ် ပြလိုက်ချိန်မှာ ထွက်ပေါ်လာသူက မီးခိုးရောင်ဆွယ်တာဝတ်စုံ၊ မျက်မှန်အမည်းနဲ့ လက်ထိပ်ခတ်ခံထားရတဲ့ ဗင်နီဇွဲလားခေါင်းဆောင် မာဒူရို။ ရဟတ်ယာဉ်ဟာ ကာရစ်ဘီယံပင်လယ်ပြင်ပေါ်မှာ ပျံသန်းနေတယ်။ အမှောင်နောက်ခံထဲမှာ ၂နာရီကြာ အက်ရှင်အဖွင့်ခန်းက တဖြေးဖြေး မှိန်ဖျော့သွား..။

တကယ်တော့ ဒါဟာ ရုပ်ရှင်ကား တကားမဟုတ်ပါ။ အပြင်မှာ တကယ်ဖြစ်သွားတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်အဖွင့်ခန်းနဲ့ တူတဲ့ ဇာတ်ဝင်ခန်းတခုပါ။ အမေရိကန် Delta Force တပ်တွေဟာ ဇန်နဝါရီ(၂)ရက် ညသန်းခေါင်းယံအချိန်မှာ လက်တင်အမေရိက ဗင်နီဇွဲလားနိုင်ငံထဲကို ဝင်

ရောက်ပြီး သမ္မတ နီကိုလပ်စ် မာဒူရို နဲ့ သူ့ဇနီးကို ဖမ်းဆီးခေါ်ဆောင်သွားကြတာပါ။ ဒီမြင်ကွင်းကို မြင်လိုက်ကြရသူတိုင်းက မင်သက်မိသွားကြပါတယ်။ ပါးစပ်အဟောင်းသားနဲ့ ထိတ်လန့်တုန်လှုပ်သွားကြပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင်တယောက်ကို တခြားနိုင်ငံ တနိုင်ငံက ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို ဝင်ဖမ်းလို့ ရသတဲ့လား။ အဖြစ်အပျက်က မြန်ဆန်သလို အံ့အားသင့်စရာလည်း ကောင်းလှတယ်။ ဇန်နဝါရီ(၃)ရက်၊ သန်းခေါင်ယံအလွန် အမေရိကန်ရဟတ်ယာဉ်တွေ ဗင်နီဇွဲလားနယ်မြေထဲဝင်ရောက်၊ စစ်ရေးပစ်မှတ်တွေကို အလစ်အငိုက် တိုက်ခိုက်ဖျက်ဆီး၊ သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်း.. ။ ဒီအဖြစ်အပျက်ဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းဆန်ပေမယ့် တကယ်ဖြစ်ခဲ့တယ်။ သမ္မတ မာဒူရို နဲ့ သူ့ဇနီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။

တကမ္ဘာလုံး မင်သက်မိသွားကြတယ်။

အမေရိကန်ရဲ့ စစ်အင်အားနဲ့ စစ်ရေးမဟာဗျူဟာကိုလည်း အထိတ်တလန့်ဖြစ်သွားကြတယ်။

အမေရိကန်ဟာ ဗင်နီဇွဲလားကို ဝင်ရောက်သိမ်းပိုက်ခြင်း မရှိခဲ့ဘူး။ အခု စစ်ဆင်ရေးမှာ အမေရိကန်စစ်သား တစ်ယောက်မှ မသေဘူး။ ရန်သူကို အမြန်ဆုံး အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ခေါင်းဆောင်ကို လက်ရဖမ်းဆီးခဲ့တယ်။ ခေါင်ထိ အကုန်လုံးယူ။ ဗင်နီဇွဲလားကို ပေးဆပ်ရမှုအနည်းဆုံးနဲ့ ခေါင်းဆောင်အပြောင်းအလဲ(regime change)ဖြစ်အောင် လုပ်ခဲ့တယ်။

ရုရှားက သုံးနှစ်လောက် စစ်တိုက်ပြီး စစ်သားပေါင်း သိန်းချီသေဆုံးရတဲ့ ယူကရိန်းစစ်ပွဲမှာ ခုချိန်ထိ ဇီလန်းစကီးကို မဖမ်းဆီးနိုင်သေးသလို ကာလရှည် စစ်ပွဲ ဆင်နွှဲနေရချိန်မှာ အမေရိကန်က မာဒူရိုကို ဖမ်းပြီး( regime change) ကို အလွယ်တကူ လုပ်ပြလိုက်တယ်။ အမေရိကန်စစ်ဆင်ရေးက သေသပ်တယ်။ လပေါင်းအတန်ကြာ အချိန်ယူလေ့ကျင့် ပြင်ဆင်တယ်။ ရဟတ်ယာဉ်နဲ့ လေယာဉ် (၁၅၀)စစ်ဆင်ရေးမှာ ပါဝင်တယ်။ ဗင်နီဇွဲလားရဲ့ အဓိကကျတဲ့ စစ်ရေးပစ်မှတ်တွေကို လက်ဦးမှုရယူ တိုက်ခိုက်ဖျက်ဆီးလိုက်တယ်။ ရုရှားနဲ့တရုတ်က အကောင်းဆုံးဆိုတဲ့ ရေဒါဆက်သွယ်ရေးစနစ်တွေ ဖြတ်တောက်လိုက်တယ်။ အချိန်(၂)နာရီအတွင်း စစ်ဆင်ရေးပြီးဆုံးအောင် လုပ်ဆောင်ခဲ့တယ်။ ပစ်မှတ် သမ္မတ နဲ့ ဇနီးကို အိမ်တော်ထဲ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်ခဲ့တယ်။ missiom accomplished.

ဥပဒေကြောင်းအရ ပြောရမယ်ဆိုရင်တော့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာပေါ့။ အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင်တယောက်ကို သူ့နိုင်ငံထဲ ဝင်ဖမ်းတယ်ဆိုတာ အရပ်စကားနဲ့ ပြောရရင် ပိုင်နက်ကျူးလွန်မှု၊ လက်ရောက်မှုပဲ။ ဘယ်သူ့မေးမေး ဒါ ဥပဒေချိုးဖောက်မှုပဲ။ ကုလသမဂ္ဂကလည်း နိုင်ငံတကာဥပဒေချိုးဖောက်မှုလို့ ပြစ်တင်ရှုတ်ချတာပဲ။ တရုတ်တို့ ရုရှားတို့ကတော့ ပြောမနေနဲ့တော့။ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်မှု၊ ကြီးနိုင်ငယ်ညှဉ်း ဗိုလ်ကျစိုးမိုးမှုလို့ ဝေဖန်ပြစ်တင်ကြတာပဲ။

အမေရိကန်ရဲ့ လုပ်ရပ်ဟာ လက်တင်အမေရိကမှာ ဒါ ပထမဦးဆုံးအကြိမ်တော့မဟုတ်ဘူး။ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ဂျော့ဒဗလျူဘုရှ်လက်ထက်မှာ ပနားမားကို ဝင်သိမ်းတုန်းကလည်း တကြိမ် လုပ်ခဲ့ပြီးပြီ။ အဲဒီတုန်းကလည်း မူးယစ်ဆေးဝါးအကြမ်းဖက်မှုနဲ့ အလိုရှိနေတဲ့ ပနားမားခေါင်းဆောင် နိုရီယေးဂါးကို ဝင်ဖမ်းသွားပြီး အမေရိကန်နိုင်ငံ၊ မီယာမီမှာ တရားစီရင်ခဲ့တယ်။ အဲဒီတုန်းကလည်း ဖမ်းဆီးတဲ့ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တာ Delta Force ပဲ။ နိုရီယေးဂါးက အဖမ်းမခံဘဲ ခရစ်ယာန်ဘုရားကျောင်းတခုထဲ ဝင်ပုန်းနေလို့ Delta Force တပ်ဖွဲ့ဝင်တွေဟာ ဘုရားကျောင်းအနီး လယ်ကွင်းမှာ ရဟတ်ယာဉ်ဖောက်၊ ရော့ခ်သီချင်းတွေ ဆူဆူညံညံဖွင့်၊ သံချပ်ကာကား အင်ဂျင်သံတွေ ဆူဆူညံညံပေးပြီး ကြွက်ခြောက်သလို ခြောက်ပြီး ဖမ်းခဲ့ရတယ်။ အမေရိကန်တပ်ဖွဲ့ဟာ ခရစ်ယာန်ဘာသာရေးဆိုင်ရာ ဘုရားကျောင်းထဲကို ဝင်ခွင့်မရှိလို့ ဝင်လို့မရဘူး။ ဒါ့ကြောင့် နိုရီယေးဂါးကို ခုလို ခြောက်လှန့်သံပေး ဖမ်းဆီးခဲ့ရတာ။ ဒီအဖြစ်အပျက်က နှစ်ပေါင်း ၃၆ နှစ်ကြာခဲ့ပြီ ဖြစ်တယ်။ ခုတကြိမ်မှာလည်း အမေရိကန် အထူးတပ်တွေဟာ မာဒူရိုကို ဖမ်းဆီးရာမှာ အောင်အောင်မြင်မြင် ဖြစ်ခဲ့တယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ အမေရိကန်ဟာ ဗင်နီဇွဲလားကို စစ်ပွဲဆင်နွှဲနေတာ မဟုတ်သလို ကျူးကျော်သိမ်းပိုက်နေတာလည်း မဟုတ်ဘူးတဲ့။ ဒါဟာ မူးယစ်ဆေးဝါး အကြမ်းဖက်မှု၊ အမေရိကန်ိုင်ငံထဲကို မူးယစ်ဆေးတင်သွင်းမှုနဲ့ အလိုရှိနေတဲ့ တရားခံတဦးကို ဝင်ရောက်ဖမ်းဆီးတဲ့ (law enforcement operation) စစ်ဆင်ရေးသာဖြစ်တယ်လို့ ဆိုတယ်။ မာဒူရိုတို့ ဇနီးမောင်နှံကို ဖမ်းဆီးရမိလာပြီး နောက်တနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားကို တရားဥပဒေစိုးမိုးတဲ့ ကြားကာလတခုအထိ အမေရိကန်က အုပ်ချုပ်သွားမယ်လို့ ဆိုတယ်။

မာဒူရိုတို့ ဇနီးမောင်နှံကို ဖမ်းဆီးသွားတဲ့ အမေရိကန်ရဲ့ သန်းခေါင်ယံစစ်ဆင်ရေး နောက်ဆက်တွဲဇာတ်လမ်းတွေက မပြီးဆုံးသေးပါဘူး။ ဒီလုပ်ဆောင်ချက်အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဂူတာရက်စ်က အမေရိကန်ဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ပဋိဉာဉ်တွေကို ချိုးဖောက်ခဲ့တယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပြီး လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တရုတ်နိုင်ငံကိုယ်စားလှယ်က အမေရိကန်ဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တယ်လို့ ဝေဖန်ရှုတ်ချခဲ့ပြီး ဖမ်းဆီးထားတဲ့ ဗင်နီဇွဲလားခေါင်းဆောင် မာဒူရိုနဲ့ ဇနီးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။

စစ်ဆင်ရေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ဂရင်းလန်ကျွန်းကို အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအရ စစ်ရေးနည်းနဲ့ လိုအပ်ရင်သိမ်းယူမယ်လို့ ပြောခဲ့သလို၊ ကိုလံဘီယာကိုလည်း မူးယစ်ဆေးဝါး တင်ပို့မှုနဲ့ အရေးယူကောင်း ယူမယ်လို့ အရိပ်အမြွက်​ပြောခဲ့ပြီး ကျူးဘား၊ မက္ကဆီကိုတို့ကိုလည်း ခြိမ်းခြောက်စကားတွေ ပြောဆိုသွားခဲ့တယ်။

အမေရိကန်အနေနဲ့ ဗင်နီဇွဲလားကို မူးယစ်အကြမ်းဖက်မှု ခေါင်းစဉ်နဲ့ ပိတ်ဆို့အရေးယူနေခဲ့တာတော့ ကြာပါပြီ။ ဒေါ်နယ်ထရမ့်ဟာ ဗင်နီဇွဲလားခေါင်းဆောင် မာဒူရိုကို ဖမ်းဆီးရမိရင် ဒေါ်လာ သန်း(၅၀)အထိ ချီးမြှင့်မယ်လို့ ကြေညာထားခဲ့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက စပြီး ဗင်နီးဇွဲလား ကမ်းလွန်၊ ကာရစ်ဘီယံပင်လယ်ပြင်မှာ မူးယစ်ဆေးဝါးလှေ(Drug boat) လို့ ခေါ်တဲ့ မူးယစ်မှောင်ခိုလှေတွေကို အမေရိကန်က ပစ်ခတ်နှစ်မြှုပ်နေခဲ့တယ်။ ဒီလို ပစ်ခတ်နှစ်မြှုပ်မှုကြောင့် မူးယစ်ဆေးဝါးလှေများနဲ့ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တယ်။ ဗင်နီဇွဲလားရဲ့ ရေနံတင်ပို့ရောင်းချမှုကို ပိတ်ဆို့တားမြစ်ထားပြီး ကာရစ်ဘီယန်ပင်လယ်အတွင်း တွေ့ရှိရတဲ့ ဗင်နီဇွဲလားရေနံတင်သင်္ဘောတစ်စီးကိုလည်း နယူးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။

တကယ်တော့ ထရမ့်အစိုးရဟာ ဗင်နီဇွဲလားကို စစ်ရေးအရ ဝိုင်းပတ်ပိတ်ဆို့ထားတာ ကြာပါပြီ။

ဒီ သန်းခေါင်ယံစစ်ဆင်ရေးမတိုင်မီ သုံးလလောက်ကတည်းက ကမ္ဘာ့အကြီးဆုံး အမေရိကန် လေယာဉ်တင်သင်္ဘော Gerald Ford ဟာ ဗင်နီဇွဲလားနဲ့ ကျည်တကမ်းအကွာကို ရောက်ရှိနေပြီဖြစ်တယ်။ ဗင်နီဇွဲလားကမ်းလွန်၊ ကာရစ်ဘီယံပင်လယ်ထဲ အမေရိကန်က စစ်အင်အားတိုးချဲ့ပြင်ဆင်နေချိန်မှာပဲ ခေါင်းဆောင်မာဒူရိုကို နိုင်ငံက ထွက်သွားဖို့ တောင်းဆိုခဲ့တယ်။ မာဒူရိုက ဒေါ်နယ်ထရမ့်ဟာ ဗင်နီဇွဲလားရဲ့ ကြွယ်ဝတဲ့ ရေနံအရင်းအမြစ်ကို သိမ်းပိုက်ဖို့ရည်ရွယ်ချက်နဲ့ ဗအစိုးရကို ခြိမ်းခြောက်နေတာလို့ ဆိုတယ်။

ဒီအခြေအနေကြားကပဲ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ(၂)ရက် သန်းခေါင်ယံအချိန်မှာ ရုတ်တရက် အထူးလျှို့ဝှက်စစ်ဆင်ရေးနဲ့ ဗင်နီဇွဲလားခေါင်းဆောင် မာဒူရို နဲ့ ဇနီးတို့ကို ကာရာကက်မြို့ သမ္မတနန်းတော်ထဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်။ စစ်ရေးပြင်ဆင်နေတာကတော့ ကာလအတန်ကြာနေပါပြီ။ ဒါပေမယ့် ဗင်နီဇွဲလားကို မြေပြင်တပ်တွေ စေလွှတ်ပြီး တိုက်မှာလားလို့ ထရမ့်ကို မေးတဲ့အခါ ထရမ့်က တိုက်ချင်တိုက်မယ်၊ မတိုက်ချင်မတိုက်ဘူးလို့ မယုတ်မလွန် ဖြေကြားခဲ့တယ်။ တကယ်တော့ မူးယစ်ဆေးဝါးအကြမ်းဖက်မှု ​ခေါင်းစဉ်နဲ့ ဗင်နီဇွဲလားကို အမေရိကန်က ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ပြီး သမ္မတမာဒူရိုနဲ့ ဇနီးကို ဖမ်းဆီးသွားခဲ့တာပါပဲ။

ထရမ့်ဟာ မာဒူရိုကို လက်ရဖမ်းဆီးပြီးပြီးချင်းမှာပဲ ဗင်နီဇွဲလားမှာ အမေရိကန်ကုမ္ပဏီတွေ ရေနံတူးဖော်လုပ်ကိုင်နိုင်ကြပြီလို့ မီဒီယာတွေကို ပြောဆိုသွားခဲ့တယ်။ ဒါဟာ ထရမ့်ရဲ့ ဗင်နီဇွဲလားစစ်ဆင်ရေး ရည်ရွယ်ချက်ပါပဲ။

တကယ်တော့ ထရမ့်ရဲ့ ရည်ရွယ်ချက်က ဗင်နီဇွဲလားထက် ပိုပါတယ်။ အနောက်ဘက် မိုးကုပ်စက်ဝိုင်းတခုလုံးကို အမေရိကန်ဩဇာလွှမ်းမိုးထားရေး( Monroe Doctrine) “မွန်ရိုးအခြေခံမူ” ကို တဖန်ဆန်းသစ်လိုက်တဲ့ ( Donroe Doctrine) ” ဒွန်ရိုးအခြေခံမူ” ပါ။ ဒါဟာ တကမ္ဘာလုံးကို ခြေဆန့်အာဏာသက်ရောက်ဖို့ ကြိုးစားလာနေတဲ့ တရုတ်ရဲ့ ဩဇာကို ရိုက်ချိုးဖို့ ကြိုးစားတာလည်း ဖြစ်တယ်။

တရုတ်ဟာ ဗင်နီဇွဲလားကို သူ့ရဲ့ ဩဇာနယ်ပယ်အောက် ရောက်ရှိလာဖို့ ကြိုးစားနေခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီဖြစ်တယ်။ ဆိုရှယ်လစ်ခေါင်းဆောင် ဟူဂို ချားဗက်စ် လက်ထက် ၁၉၉၉ ခုနှစ် ကစပြီး တရုတ်နဲ့ ဗင်နီဇွဲလားအကြား ကုန်သွယ်ရေးစာချုပ်အများအပြား ချုပ်ဆိုခဲ့ပြီး ဟူဂိုချားဗက်စ်က တရုတ်ကို (အမေရိကန်ဩဇာလွှမ်းမိုးမှုကို ကာကွယ်ပေးတဲ့ ) မဟာတံတိုင်း(Great wall) အဖြစ် တင်စားခဲ့တယ်။

အမေရိကန် မဟာဗျူဟာ နဲ့ နိုင်ငံတကာလေ့လာရေး ဗဟိုဌာန (CSIS) ရဲ့ ခန့်မှန်းချက်အရ ဗင်နီဇွဲလားဟာ ၂၀၀၇ ခုနှစ်ကစပြီး တရုတ်ဆီက ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ(၆၂)ဘီလျံ ရရှိခဲ့တယ်လို့ သိရတယ်။ ဒါဟာ လက်တင်အမေရိကတခုလုံးကို တရုတ်က ထုတ်ပေးထားတဲ့ ချေးငွေပမာဏအားလုံးရဲ့ ၅၃% ရှိတယ်လို့ ဆိုတယ်။ ဗင်နီဇွဲလားပြီးရင် တရုတ်ဆီက ထောက်ပံ့ငွေ အများဆုံးရရှိထားတာက ဘရာဇီး၊ အီကွေဒေါ နဲ့ အာဂျင်တီးနားတို့ပါ။

ဟူဂို ချားဗက်စ် လက်ထက်ကတည်းက တရုတ်နဲ့ သဘောတူညီချက်အရ ဗင်နီဇွဲလားက တရုတ်ကို တနေ့ ရေနံစည်(၁)သန်း တင်ပို့ပေးရမယ်။ အပြန်အလှန်အားဖြင့် တရုတ်က ဗင်နီဇွဲလားကို နိုင်ငံရေးကျောထောက်နောက်ခံပေးရမယ်။ ၂၀၁၃ခုနှစ် မာဒူရိုလက်ထက်မှာ မူလကတိအတိုင်း တရုတ်နဲ့ သဘောတူညီချက်တွေကိုဆက်လက်အကောင်အထည်ဖော်ခဲ့တယ်။ ၂၀၁၆ မှာ တရုတ်ရဲ့ ချေးငွေတွေ ရုတ်တရက် ရပ်ဆိုင်းသွားတယ်။ ဗင်နီဇွဲလားဟာ တင်နေတဲ့ တရုတ်ကြွေးမြီတွေကို ဈေးကွက်ပေါက်ဈေးနဲ့မဟုတ်ဘဲ ရေနံတင်ပို့ပြီး ဆပ်နေရတယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ ဗင်နီဇွဲလားက တရုတ်ကို တရက်လျှင် ရေနံစိမ်းစည်ပေါင်း (၄၇၀၀၀၀) ရောင်းချပေးနေတယ်လို့ vortexa စွမ်းအင်သုတေသနအဖွဲ့ က ဆိုတယ်။

မာဒူရိုကို အမေရိကန်က ဖမ်းသွားပြီဆိုတော့ တရုတ်အနေနဲ့ ဗင်နီဇွဲလားက ရဖို့ရှိတဲ့ အကြွေးတွေ ရဖို့ခက်သွားသလို ဆက်လက်ပြီး ရေနံတင်သွင်းဖို့လည်း အခက်တွေ့သွားတယ်။ ” ဒေါ်လာ (၆၀)ဘီလျံဆိုတဲ့ အကြွေးပမာဏဟာ နည်းနည်းနောနောတော့ မဟုတ်ဘူး။ ဒီထက်ပိုဆိုးတာက ဒီအကြွေးတွေ ဘယ်တော့ပြန်ကြေမလဲ၊ ပြီးတော့ ရေနံတွေက ( ပြိုင်ဘက် အမေရိကန် လက်

ထဲ) ရောက်သွားပြီဆိုတဲ့ အချက်ပါ” လို့ စင်ကာပူ နန်ယန်တက္ကသိုလ် ကမ္ဘာ့ရေးရာနဲ့ ပြည်သူ့မူဝါဒ ဌာန တွဲဖက်ပါမောက္ခ ဒိုင်လန်လော့ က ဆိုတယ်။

” တရုတ်ဟာ အနောက်ဘက် မိုးကုပ်စက်ဝိုင်းမှာ နိုင်ငံရေးအရ အားထားရတဲ့ မဟာမိတ်တဦးကို လက်လွှတ်ဆုံးရှုံးလိုက်ရတာလည်း ဖြစ်တယ်” လို့လည်း သူကဆိုတယ်။

ဗင်နီဇွဲလားဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလကစပြီး ရေနံတင်ပို့ရောင်းချမှုမှာ ဒေါ်လာအစား ယွမ်ကို အသုံးပြုတဲ့စနစ် စတင်ကျင့်သုံးခဲ့တယ်။ ထရမ့်ရဲ့ ဗင်နီဇွဲလားစစ်ဆင်ရေးဟာ နိုင်ငံတကာငွေကြေးစနစ်မှာ ဒေါ်လာအစားထိုးဖို့ ကြိုးစားနေတဲ့ တရုတ်ရဲ့ စိတ်ကူးကိုလည်း ရိုက်ချိုးခဲ့တယ်။

တဆက်တည်းမှာပဲ တရုတ်ရဲ့ ခါးပတ်နဲ့ လမ်းများ (Belt and Road Initiative) စီမံကိန်းအဖြစ် လက်တင်အမေရိကမှာ အကောင်အထည်ဖော်နေတဲ့ နိုင်ငံတကာစီမံကိန်းတွေရဲ့အနာဂတ်က မရေမရာဖြစ်သွားတယ်။ တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လက်တင်အမေရိကနိုင်ငံများနဲ့ တရုတ်ကြား ကုန်သွယ်မှုပမာဏဟာ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ (၅၁၈.၄) ဘီလျံရှိတယ်လို့ သိရတယ်။ ခုလို အခြေအနေမျိုးမှာ လက်တင်အမေရိကနိုင်ငံတွေအနေနဲ့ တရုတ်နဲ့ ဆက်ပြီး လက်တွဲရမလား။ နောက်ဆုတ်ရမလား စဉ်းစားစရာ ဖြစ်လာတယ်။

ဒီရက်ထဲမှာ အမေရိကန်က အိုက်စလန်ဟာ အမေရိကန်ရဲ့ အစိပ်အပိုင်းတခုဖြစ်ပြီး လိုအပ်ရင် စစ်ရေးအရ သိမ်းပိုက်သွားမယ်ဆိုတဲ့အတွက် ဒိန်းမတ်နဲ့ ဥရောပနိုင်ငံတွေ ပြာယာခတ်နေကြတယ်။ ထရမ့်က အာဏာရယူတဲ့နေ့ကတည်းက စတင်ပြီး အိုက်စလန်ကို ရယူသွားမယ်လို့ ထပ်တလဲလဲ ပြောနေခဲ့တယ်။ တဆက်တည်းမှာပဲ ကိုလံဘီယာကိုလည်း ဗင်နီဇွဲလားလိုပဲ မူးယစ်ဆေးတင်ပို့နေတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပြီး အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်။ Might is Right (အားရှိသူ အမှန်) ဆိုတဲ့ ခေတ်ထဲမှာ အနောက်မိုးကုပ်စက်ဝိုင်း(western hemisphere) တခုလုံးကို အမေရိကန်ဩဇာအောက်မှာ ရှိနေရမယ်ဆိုတဲ့ (Donroe Doctrine)ကို ထရမ့်က အကောင်အထည်ဖော်ဖို့ ကြိုးစားနေပြီလို့ ဆိုရမယ်။

( မွန်ရိုးအခြေခံမူ Monroe Doctrines က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ကျော်(၁၈၂၃ခုနှစ်)မှာ အမေရိကန်သမ္မတ ဂျိမ်းစ်မွန်ရိုးက ချမှတ်ခဲ့တဲ့ အနောက်မိုးကုပ်စက်ဝိုင်းကို ဥရောပက ဝင်ရောက်မစွက်ဖက်ရေး မူဝါဒ ဖြစ်တယ်။ အခု ဒေါ်နယ်ထရမ့်က မွန်ရီုးအခြေခံမူကို သူ့မူအဖြစ် ပုံစံပြောင်းဖို့ ကြိုးစားနေတဲ့အတွက် Donroe Doctrines လို့ ခေါ်နေကြတာပါ။)

ဗင်နီဇွဲလား သန်းခေါင်ယံစစ်ဆင်ရေးဟာ မာဒူရိုနဲ့ သူ့ဇနီးကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်တခုသာ မဟုတ်ပါဘူး။ နောက်ကွယ်မှာ ဒီထက်ပိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေသလို ရှုပ်ထွေးနေဆဲ နောက်ဆက်တွဲဖြစ်ရပ်တွေကိုလည်း ဆက်ပြီး စောင့်ကြည့်ကြရပါဦးမယ်..။

#CWM ref: What the US capture of Maduro means for China’s interests in Venezuela and beyond, CNA and other sources.
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now