~ လင်းမောင် ~
မြန်မာနိုင်ငံသည် ရာဇဝတ်မှုဆိုင်ရာ အမြတ်ထုတ်ခံရဆုံး၊ သဘာ၀ရင်းမြစ်ဆိုင်ရာ အမြတ်ထုတ်ခံရဆုံး သော ဗဟိုချက်ဖြစ်လာနေသည်။ စစ်အာဏာသိမ်းခြင်းနှင့် အစိုးရအုပ်ချုပ်မှုယန္တရားကြီး ပြိုလဲ သွားခြင်းကို စနစ်တကျ စီမံအသုံးချကာ တရုတ်နိုင်ငံသားများ စီမံလုပ်ကိုင်သည့် ကျားဖြန့် ငွေလိမ်စင်တာကြီးများ နေရာအနှံ့ မှိုလိုပေါက်လာနေသည်နှင့်တစ်ပြိုင်နက် အလွန်များပြားလွန်းသည့် မြန်မာရေ၊ မြန်မာလျှပ်စစ်မီးရင်းမြစ်များကိုလည်း တရုတ်ကမြိန်ရှက်စွာ အဓမ္မစားသုံးနေတော့သည်။ အဆိုပါ အမြတ်ထုတ်နေမှုကြီးသည် Chinese actors ဟုခေါ်သော တရုတ်အစိုးရအဖွဲ့တွင်း အရေးပါသောအကြီး အကဲများ စနစ်တကျတွက်ချက်ထားသည့် မဟာဗျူဟာ တစ်ရပ်သာဖြစ်ကာ တစ်ဖက်တွင် လူသိရှင်ကြား ရှုတ်ချဝေဖန်မှုများ ဟန်ပြ ထုတ်ပြန်နေသော်လည်း တစ်ဖက်တွင် သွယ်ဝိုက်ကာ ရင်းမြစ်ကြွယ်၀လှသည့် မြန်မာနိုင်ငံထံမှ အရင်းအမြစ်များကိုဂုတ်သွေးစုပ် အမြတ်ထုတ်မှု၊ အခြေခံအဆောက် အအုံကြီးများအား ထိန်းချုပ်မှုများဖြင့် စိတ်ကြိုက် ခြယ်လှယ်နေတော့သည်။
တရုတ်ကျားဖြန့်စစ်ဆင်ရေး လက်တံအကျယ်
မြန်မာဆိုက်ဘာလိမ်လည်မှု တစ်နည်းအားဖြင့် ကျားဖြန့်လုပ်ငန်းတွင် တရုတ်ပါဝင်နေသည့်ပမာဏ သည် မကြုံစဖူးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလက တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဒုဝန်ကြီး Liu Zongyi မှတ်ချက်ပေးပြောဆိုမှုတွင် တရုတ်ဂိုဏ်းပေါင်း ၃၆ ဂိုဏ်း လုပ်ကိုင်သည့်ကျားဖြန့်လုပ်ငန်းများတွင် ပျမ်းမျှအားဖြင့် အဓမ္မပြန်ပေးဆွဲ စေခိုင်းခံနေရသူပေါင်း ၁၀၀၀၀၀ ရှိသည်ဟု ပါရှိခဲ့သည်။ အဆိုပါကျားဖြန့်စီမံကိန်းများသည် မြန်မာနိုင်ငံတွင် ဗဟိုချက်အဖြစ် အခြေစိုက်ကာ ကမ္ဘာတစ်ခုလုံးကို လိမ်လည်နေသည့်အဆင့်သို အသွင်ပြောင်းရောက်ရှိခဲ့ပြီဖြစ်သည်။ လူမှောင်ခို ကူးခြင်းများ၊ အဓမ္မအလုပ်စေခိုင်းမှုများဖြင့် နိုင်ငံတကာဆိုက်ဘာလုံခြုံရေးကို မကြုံစဖူး ခြိမ်းခြောက် နေပြီဖြစ်သည်။
အဓိကအားဖြင့် ကျားဖြန့်စင်တာများသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ထူထောင်ထားကြ သည်။ အထူးသဖြင့် မြ၀တီရှိ KK Park နှင့် ရွှေကုက္ကိုလ်မြို့သစ်တို့တွင် အကြီးမားဆုံးကျားဖြန့်စင်တာ များရှိသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အဆိုပါရပ်ဝန်းများတွင် ကျားဖြန့်အဆောက်အအုံ များတိုးချဲ့လာခြင်းမှာ ထိတ်လန့်ဖွယ်ရာ များပြားလာသည်။ လွန်ခဲ့သည့် ၄ နှစ်အတွင်း တစ်လလျှင် ဆောက်လုပ်ရေးမြေ ၁၃ . ၅ ဧကပဏမအတွင်း ကျားဖြန့်အဆောက်အအုံများ တိုးပွားလာခြင်းမှာ ၁၀ လုံးမှ အလုံး ၃၀ အထိ တိုးလာခဲ့သည်။ ထိုဒုစရိုက်ရပ်ဝန်းကြီးမှ တစ်ကမ္ဘာလုံးအား ပတ်လိမ်လည်မှု ဖြင့် ငွေဒေါ်လာ ဘီလီယံပေါင်းများစွာကို ရယူနေကြသည်။ ၂၀၂၄ ခုနှစ်တစ်နှစ်တည်း အမေရိကန်နိုင်ငံ မှ ကျားဖြန့်လိမ်လည်ခံရငွေပင်လျှင် ဒေါ်လာ ၁၆ . ၆ ဘီလီယံ ရှိခဲ့သည်။
ဆင်းရဲမွဲတေသူများကြားမှ အရင်းအမြစ် အမြတ်ထုတ်နေခြင်း
မြန်မာနိုင်ငံစီးပွားရေးချွတ်ခြုံကျခြင်းက တရုတ်အတွက် ဂုတ်သွေးစုပ်ကာ အမြတ်ထုတ်နိုင်ရေး ပြီးပြည့်စုံသော အခြေအနေများကို ပေးစွမ်းသည်။ ၂၀၂၃-၂၄ အတွင်း မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု နှုန်းသည် ကိုဗစ်-၁၉ ကပ်ဘေးမတိုင်ခင်ကာလများကထက် များစွာမြင့်တက်သွားသည်။ လူဦးရေ၏ ၃၂ ရာခိုင်နှုန်းရှိသော မြန်မာပြည်သူပေါင်း ၇ သန်းသည် ထိုနှစ်ပိုင်းအတွင်း ဆင်းရဲမွဲတေမှုစာရင်းဝင်သူများ အဖြစ် ထပ်တိုးလာသည်။ ဆင်းရဲမွဲတေမှုသတ်မှတ်မျဉ်း၏ မဆိုစလောက်သော အပေါ်နားလေတွင်သာ သတ်မှတ်ခံရသူများသည်လည်း ၂၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ လူဦးရေ၏ ၃၂ ရာခိုင်နှုန်းက ဆင်းရဲမွဲ တေသူများဖြစ်ကာ ကျေးလက်ဒေသများတွင် လျှပ်စစ်မီးမရှိဘဲ အမှောင်ထဲနေရသည့် ဘ၀များက အဆိုးရွားဆုံးဖြစ်လာသည်။ ကျေးလက်နေပြည်သူ ၈၀ ရာခိုင်နှုန်း လျှပ်စစ်မီးမရပေ။ အာရှတွင် မြန်မာ သည် လျှပ်စစ်မီးရရှိမှုနှုန်း အနိမ့်ကျဆုံး နိုင်ငံများထဲ ထိပ်ဆုံးမှပါဝင်သည့် နိုင်ငံဖြစ်နေသည်။ သို့သော် မြန်မာပြည်မှ ထုတ်သည့်လျှပ်စစ်မီးများသည် လျှပ်စစ်ဓာတ်အားများစွာ အသုံးပြုရသည့် ကျားဖြန့် စင်တာများ၊ တရုတ်မိုင်းတွင်းလုပ်ကွက်များသို့မူ ထိန်ထိန်းလင်းဖြာရောက်ရှိနေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က လျှပ်စစ်အသုံးပြုမှုစွဲအားသည် အမြင့်ဆုံး ၃၉၉၇ မဂ္ဂါဝပ်ရှိခဲ့သည်။ လျှပ်စစ်ထုတ်လုပ်မှုတွင် သဘာ၀ဓာတ်ငွေ့ဖြင့် ထုတ်လုပ်မှုကအများဆုံးအဖြစ် ၅၇ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်မှ ထုတ်လုပ်မှု ၃၉ ရာခိုင်နှုန်းရှိသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလက မြန်မာ့လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုသည် ယခင်ပုံမှန်အားဖြင့် တစ်ရက် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လွှတ်ပေးရာမှ ၂၂၀၀ မဂ္ဂါဝပ် သာ ထုတ်လုပ်ပေးနိုင်တော့သည်။ ၂၀၂၄ နှစ်ကုန်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ၌ လျှပ်စစ် မီးရနိုင်မှုမှာ လူဦးရေ၏ ၄၈ ရာခိုင်နှုန်းသာရှိတော့သည်။ အာရှတွင် လျှပ်စစ်မီး မရဆုံးနိုင်ငံဖြစ်လာ သည်။ ရန်ကုန်အပါ မြို့ကြီးများတွင်ပင် လျှပ်စစ်မီးပေးနိုင်မှုသည် တစ်နေ့လျှင် ၄ နာရီပေး ၈ နာရီ ဖြတ် သည့် အဆင့်ရောက်သွားသည်။ လျှပ်စစ်မီးမရခြင်းက မြန်မာပြည်သူသန်းပေါင်းများစွာ၏ နေ့စဉ်ဘ၀ ရှာဖွေစားသောက်နိုင်မှုကိုပါ ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသည်။ ကျန်းမာရေးဝန်ထမ်းများသည်ပင် မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာ ပစ္စည်းထားသိုရာ အအေးခန်းများတွင် မီးမရ သဖြင့် ဒုက္ခအကြီးအကျယ်ရောက်ကုန်သည်။
မြန်မာစွမ်းအင်အခြေခံအဆောက်အအုံများကို ထိန်းချုပ်ထားသည့် တရုတ်
တရုတ်၏ မတရားအမြတ်ထုတ်မှုများသည် မြန်မာနိုင်ငံတွင် အခြေစိုက်ကာ ကျားဖြန့်လုပ်ငန်းတစ်ခုမျှ ဖြင့် အမြတ်ထုတ်ခြင်းမဟုတ်သေးဘဲ မြန်မာရေအားလျှပ်စစ်ထုတ်လုပ်မှု အခြေခံအဆောက်အအုံများ ကိုပါ ထိန်းချုပ်ထားသည်။ တရုတ်ကျောထောက်နောက်ခံပြု ရေးအားလျှပ်စစ်စီမံကိန်းများထဲမှ တာပိန် ရေအားလျှပ်စစ်စက်ရုံနှင့် ရွှေလီရေအားလျှပ်စစ်စက်ရုံတို့မှ ထွက်သည့် လျှပ်စစ်ဓာတ်အားများသည် ရင်းမြစ်ကိုလိုနီပြုခံရခြင်းဖြင့် မြန်မာနိုင်ငံသားများအတွက် မည်သည့်အကျိုးတရားမျှ မရပေ။ တရုတ် အကျိုးစီးပွားအတွက်သာ ထူထောင်ခဲ့သော ရေအားလျှပ်စစ်စီမံကိန်းများသာဖြစ်ခဲ့သည်။
တာပိန်ရေအားလျှပ်စစ်စက်ရုံသည် ၂၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သော်လည်း မြန်မာပြည်အတွက် ၈ ရာခိုင်နှုန်းသာ မီးပေးမည်ဟု ပြဌာန်းထားသည်။ သို့သော် မည်သည့်မီးပေးအခြေခံအဆောက်အအုံ တစ်ခုမျှ မဆောက်ပေးသေးပေ။ တရုတ်ဘက်မှ ရယူသည့် လျှပ်စစ်မီးစျေးနှုန်းမှာ ပြောမရုံလောက် သည့် အပေါဆုံးစျေးဖြစ်သော တစ်ယူနစ် မြန်မာငွေ ၁၈ ကျပ်နှုန်းသာ ရသည်။ မြန်မာစစ်ကောင်စီ၏ တရုတ်ဆီမှ ယူထားသော အကြွေးများလောင်းရိပ်အောက်၌ မည်သို့မျှ မတတ်နိုင်ပေ။ စစ်ကောင်စီ သည် ပြည်တွင်း ဖိနှိပ်မှုတွင် သုံးစွဲသည့် စစ်ရေးကုန်ကျစားရိတ်များကြောင့် တရုတ်အပေါ် အကြွေး များစွာ တင်ရှိခဲ့ခြင်းဖြစ်သည်။ ရွှေလီရေးအားလျှပ်စစ်စီမံကိန်းသည်လည်း တာပိန်ကဲ့သို့ပင်ဖြစ်ကာ မြန်မာနိုင်ငံအတွင်း တရုတ်ကြေးနီထုတ်စီမံကိန်းများအတွက်သာ အသုံးချသည်။ တရုတ်ကုမ္ပဏီ ထိန်းချုပ်မှု တစ်ခုတည်းအောက်တွင်ရှိသော ရွှေလီရေးအားလျှပ်စစ်စီမံကိန်းဖြစ်သည်။
တရုတ်၏ လုပ်နေကြဖြစ်သော တွက်ချက်ပြီးသား မဟာဗျူဟာတွင် မြန်မာပြည်သူပြည်သားများ လျှပ်စစ်မီးမရနိုင်ချိန် နိုင်ငံရေးမတည်ငြိမ်ခြင်းကသာ ၎င်းတို့ လုပ်ချင်သလိုလုပ်နိုင်စေသော အခင်း အကျင်းကို ဖြစ်ပေါ်စေသဖြင့် အလွန်ပေါသည့်စျေးဖြင့် မြန်မာ့လျှပ်စစ်မီးများကို အမြတ်ထုတ်ရယူ သုံးစွဲနေခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဆည်ပေါင်းများစွာကို တရုတ်က ဆောက်လုပ်ထားပြီး ထိုဆည်များမှ ထွက်သည့် ရေအားလျှပ်စစ်များအားလုံးသည် တရုတ်သို့သာ တိုက်ရိုက်သွယ်တန်း ရောက်ရှိသည်ချည်းသာဖြစ်သည်။
သဘာ၀ပတ်ဝန်းကျင်နှင့်ရေအရင်းအမြစ် ယို့ယွင်းပျက်စီးခြင်း
မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းများချဲ့တွင်ရာတွင် ရေဘေးကပ်ဆိုးကို မြန်မာနိုင်ငံသားများ ရေရှည် ခါးစည်းခံရစေသည်။ ရေအရင်းအမြစ်များကို ယို့ယွင်းပျက်စီးစေသည်။ ၂၀၂၄ ခုနှစ်တစ်ခုတည်းတွင် မြန်မာနိုင်ငံမှ တရုတ်တို့မြေရှားသတ္တု မက်ထရစ်တန်ချိန်ပေါင်း ၃၁၀၀၀ ထုတ်လုပ်ရယူခဲ့သည်။ မြန်မာ သည့် ကမ္ဘာ့မြေရှားသတ္တု စတုတ္ထမြောက်အများဆုံး ထုတ်လုပ်ရာနိုင်ငံဖြစ်လာသည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ၈ နှစ်တာ၌ မြန်မာမှတရုတ်တို့ ထုတ်ယူသည့် မြေရှားတန်ကြေးသည် ဒေါ်လာ ၄ . ၂ ဘီလီယံဖိုးရှိခဲ့သည်။ ထုတ်ယူထားသော ဒြပ်စင်အားလုံး၏ ၈၄ ရာခိုင်နှုန်းသည် တရုတ်ပိုင်အဖြစ်သာ အဆုံး သတ်သည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်တို့ပြည်ပမှတင်သွင်းသည့် မြေရှားသတ္တုအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် မြန်မာမှ တင်သွင်းသော မြေရှားသတ္တုများပင်ဖြစ်သည်။ ထိုထုတ်လုပ်မှုများ အတွက် ရေအရင်းအမြစ်များစွာကို အသုံးပြုရသည်။ ထိုအဆိပ်သင့်ရေဆိုးများ ယိုစိမ့်ခြင်းက မြန်မာ ပြည်သူတို့၏ အသက်သွေးကြောဖြစ်သော ရင်းမြစ်များကို ပျက်စီးစေသည်။ ရေရှားပါးလာမှုနှင့် သီးနှံ စိုက်ပျိုးမြေများ နည်းပါးလာရသည်။
ကချင်ပြည်နယ်တွင် စိမ်းလန်းသည့် တောအုပ်များသည် ကျောက်ပေါက်မာအရွတ်များပြည့် နှက်နေ သည့် လကမ္ဘာမျက်နှာပြင်အသွင်ပြောင်းသွားပြီဖြစ်သည်။ မိုင်းတွင်းများ၊ အဆိပ်သင့်မြေများ၊ အဆိပ် သင့်ရေများဖြင့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးမရတော့ပေ။ ဒေသခံများစွာ အရေပြားရောဂါများ ခံစား လာရကြောင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ကိုယ်တွင်းအင်္ဂါပျက်စီးမှုများဖြစ်ပေါ်လာ သည်။ အဆိပ်ရည်များစိမ့်ထွက်မှုသည် မြေအောက်ရေရင်းမြစ်ထဲသို့ပါ ရောက်ရှိသဖြင့် ကာလရှည် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုးကို ဆိုက်စေပြီဖြစ်သည်။
စကစနှင့်တရုတ်တို့၏ ရင်းမြစ်ပူးပေါင်းအမြတ်ထုတ်မှု
တရုတ်အစိုးရသည် မြန်မာနိုင်ငံမှ ကြွယ်၀သည့် သဘာ၀ရင်းမြစ်များကို ဆက်လက်အမြတ်ထုတ် နိုင်ရေးကြောင့် မြန်မာအာဏာသိမ်းစစ်တပ်နှင့် သဟာဇာတရှိသော ပူးပေါင်းထောက်ပံ့မှုများ လုပ်ဆောင်ပေးသည်။ ၂၀၂၁ တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းအပြီး နိုင်ငံတကာမှ စစ်အစိုး ရအား အထီးကျန်စေသော ပိတ်ဆို့အရေးယူမှုများစွာ လုပ်ဆောင်ခဲ့သည်။ သံတမန်ဆက်ဆံရေးများ လည်း ဖြတ်တောက်ခဲ့ကြသည်။ သို့သော် တရုတ်က စစ်ကောင်စီအား လက်နက်များဝယ်ယူမှုအတွက် ဒေါ်လာ ၂၆၇ သန်းဖိုး ထောက်ပံ့ကူညီပေးသည်။ စစ်ကောင်စီအား လက်နက် ဒေါ်လာ ၄၀၆ သန်းဖိုး ထောက်ပံ့ပေးခဲ့သည့် ရုရှားပြီးလျှင် တရုတ်သည် ဒုတိယအထောက်အပံ့အပေးဆုံးဖြစ်သည်။ မကြာ သေးမီကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ စကစအား နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင်သော စစ်ရေးအုပ်ချုပ်မှုအစိုးရအဖွဲ့အဖြစ် အသိအမှတ်ပြုရေးအတွက် ဦးတည်ထားသည့် ရွေးကောက်ပွဲသစ်အတွက် ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့မည်ဟု ကတိပြုခဲ့သေးသည်။
အကျိုးလိုသဖြင့် ညောင်ရေလောင်းခြင်းသာဖြစ်သည်။ မြန်မာ့ သဘာ၀ရင်းမြစ်များ ဆက်လက် အမြတ်ထုတ်နိုင်ရေး၊ ခါးပတ်လမ်းစီမံကိန်းကြီးအတွက် မြန်မာနိုင်ငံဖြတ်ကာ ရင်းနှီးမြှုပ်နှံထားမှုများ အပေါ် အကာအကွယ်ရစေရေးအတွက် မြန်မာစကစကို ထောက်ပံ့ပေးနေခြင်းသာဖြစ်သည်။ မိမိတို့ အမြတ်ထုတ်မှုများစွာ လုပ်ဆောင်ရာ၌ လွယ်ကူချောမွေ့စေသော ကြိုးဆွဲရုပ် စစ်အစိုးရ မပြုတ်ကျမှ သာ ဆက်လက်မင်းမူနိုင်မည်ဖြစ်သောကြောင့် အကာအကွယ်ပေးနေခြင်းဖြစ်သည်။ စစ်အစိုးရသည် နိုင်ငံတကာမှ တရားဝင်အစိုးရဟု မသတ်မှတ်ခြင်းနှင့် ပိတ်ဆို့အရေးယူမှုများကြောင့် ဝင်ငွေများ မရှိ ချိန် ကျားဖြန့်ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များကို ထဲထဲဝင်ဝင် ပါဝင်ရှာဖွေသည်။ တရုတ် မိုင်းတွင်းများ၊ ရေအားလျှပ်စစ်စီမံကိန်းများအား အကာအကွယ်ပေးနေသည်နှင့်တစ်ပြိုင်နက် ကျားဖြန့် လုပ်ငန်းများကိုလည်း ၎င်းတို့နှင့် တစ်ဂိုဏ်းတည်ဖြစ်သော ဒေသခံလက်နက်ကိုင်အဖွဲ့များ၊ နယ်ခြား စောင့်တပ်များအား အစောင့်အရှောက်ပေးစေခြင်းဖြင့် အမြတ်ထုတ်သည်။
ကျားဖြန့်တိုက်ဖျက်မှုစစ်ဆင်ရေးဆိုသည်နှင့် ဆန့်ကျင်ဘက်
တရုတ်အစိုးရက ယခုနောက်ပိုင်း ကျားဖြန့်တိုက်ဖျက်မှုစစ်ဆင်ရေးကြီး မည်သို့ အရှိန်မြင့်လုပ်ဆောင် နေသည်ဟု လူသိရှင်ကြား လွန်လွန်ကျူးကျူး ထုတ်ပြန်နေသည်။ တိုက်ဖျက်နေသည်ဟု အသံကောင်း ဟစ်နေချိန်မှာပင် ကျားဖြန့်လုပ်ငန်းများ လည်ပတ်မှုစနစ်ကို ပိုကောင်းမွန်စေရန် အားဖြည့်ပေးနေသည်။ ၂၀၂၃ ခုနှစ်အောက်တိုဘာနောက်ပိုင်း မြန်မာကျားဖြန့်ရပ်ဝန်းမှ တရုတ်နိုင်ငံသား ၅၃၀၀၀ ကို ပြန်လွှဲပေး ခဲ့ကြောင်း မီဒီယာများတွင် အကျယ်တဝင့်တင်ပြပြီး နိုင်ငံများအကြား မည်သို့ ပူးပေါင်းဆောင်ရွက် သည်ဆိုခြင်းကို မီးမောင်းထိုးဖော်ပြနေသည်။ ထိုစစ်ဆင်ရေးက ရည်ရွယ်ချက် ၂ မျိုးသာရှိသည်။ ၎င်းတို့ တရုတ်နိုင်ငံသားများစွာကို ကျားဖြန့်ရပ်ဝန်းက လူမှောင်ခိုတင်သွင်းမှုအား ရပ်တန့်စေလိုခြင်း နှင့် ထိုင်းနှင့်မြန်မာနိုင်ငံအပေါ် ပထဝီနိုင်ငံရေးအခင်းအကျင်းအရ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိရေးအတွက် သာဖြစ်သည်။
ထိုကျားဖြန့်တိုက်ဖျက်ရေး မူလရည်မှန်းချက်သည် တရုတ်မှ ဓားစာခံများကို ကယ်ထုတ်လိုရင်းသာ ဖြစ်ကာ ၂၀၂၅ ခုနှစ် မတ်လအတွင်းအထိ ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ရပ်ဝန်း၌ လူမှောင်ခိုကူးခံရပြီး အဓမ္မစေခိုင်းခံနေရသူပေါင်းက ၁၀၀၀၀၀ အထိ ကျန်ရှိနေသေးသည်။ တယ်လီဖုန်းလမ်းကြောင်း အချက်အလက် စစ်ဆေးလေ့လာသူများက တရုတ်၏ ကျားဖြန့်စစ်ဆင်ရေး လုပ်ဆောင်နေမှု အကျယ် တဝင့် ထုတ်ပြန်ပြနေချိန် နေပြည်တော်ရှိ စကစ ခေါင်းဆောင်များနှင့် မြ၀တီရှိကျားဖြန့်စင်တာများမှ ဖုန်းဆက်သွယ်ပြောဆိုနေမှုများ ကြိမ်ဖန်များစွာ ရှိနေသည်ဟု ထောက်ပြကြသည်။ စစ်အစိုးရပါ ကျား ဖြန့်လုပ်ငန်းတွင် ဆက်လက်ပါဝင်နေမြဲဖြစ်ကာ တရုတ်လက်လှမ်းသိပ်မမီနိုင်သည့် နေရာများသို့ နေရာ ပြောင်းပြီး ကမ္ဘာကို ငွေလိမ်ယူသည့်လုပ်ငန်းများ ဆက်လုပ်နေကြခြင်းသာဖြစ်သည်။ တရုတ်က ကျားဖြန့်နှိမ်နင်းသည်ဟု အသံကောင်းဟစ်သော်လည်း အဓိကကျားဖြန့်လုပ်နေသူ စကစအပေါ် စီးပွား ရေးနှင့် စစ်ရေးအထောက်အပံ့များပေးနေခြင်းဖြင့် အားပေးအားမြှောက်ပြုနေခြင်းက ထင်သာမြင်သာ ရှိသည်။
မြန်မာ၏ အုပ်ချုပ်ရေးပြိုလဲမှုကို တရုတ်အသုံးချခြင်း
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရအား စစ်အာဏာသိမ်းလိုက်ပြီးနောက် အုပ်ချုပ်ရေးပြိုလဲသွားချိန်၌ တရုတ်သည် ကမ္ဘာက သိပ်မမြင်နိုင်တောသည့် မြန်မာ့သဘာ၀ရင်းမြစ်များကို အမြန်ဆုံး၊ အမြင့်ဆုံး ထုတ်လုပ်အမြတ်ထုတ်ရန် အချက်ဖြစ်လာသည်။ ပြည်တွင်းစစ်ကြီးကြောင့် စစ်ကောင်စီလည်း ထိန်း ချုပ်နယ်မြေများစွာကို တော်လှန်အင်အားစုထံ လွှဲပေးနေရချိန် အဆိုပါ ဥပဒေသက်ရောက်မှုမရှိသာ နယ်မြေများအတွင်းသို့ အစိုးရချင်း မျှတသည့် စည်းမျဉ်းစည်းကမ်းသဘောတူညီချက်မျိုး ယူရန်မလို သော တရားမဝင် တရုတ်ကုမ္ပဏီများစွာ ထပ်တိုးဝင်ရောက်လာသည်။ ဒေသတွင်း ထိန်းချုပ်သူများ၊ အုပ်စိုးသူများနှင့် အများပြည်သူအတွက်ဟု ဟန်ပြကာ ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ ရင်းမြစ်ကြွယ်၀ ရာဒေသများသို့ နောက်ထပ် ၄၀ ရာခိုင်နှုန်းကျော် လုပ်ကွက်ခွဲတမ်းရယူမှုအဖြစ် တရုတ်ကုမ္ပဏီများ ထပ်မံဝင်ရောက်လာသည်။
ထိုသို့ တရားမဝင် တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း ခြေကုပ်ပိုယူနိုင်မှသာလျှင် မြန်မာ့ အဖိုးတန် ရင်းမြစ်များကို အလွဲသုံးစား အမြတ်ထုတ်နေခြင်းမရှိဟု ပိုမို ငြင်းဆိုနိင်မည်ဖြစ်သည်။ ထို့ကြောင့် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တပ်များကို အဆိုပါ တရုတ်တရားမဝင် ကုမ္ပဏီများက လာဘ်ထိုး ကာ ရင်းမြစ် ထုတ်လုပ်မှုများ မဟာဒယား လုပ်တော့သည်။ စစ်ကိုင်းတိုင်းဒေသရှိ မိုင်းတွင်းလုပ်ငန်း များကို အကာအကွယ်ပေးရန် ဒေါ်လာ ၂၄ သန်းတန်သော မြန်မာကျပ်ငွေပေးပြီး လာဘ်ထိုးထားမှု လည်း ရှိသည်။ မြန်မာစစ်ကောင်စီနှင့်ချိတ်ဆက်နေသည့် မြန်မာခရိုနီများနှင့်လည်း တရုတ် တရား မဝင်ကုမ္ပဏီများက ဆက်သွယ်ချိတ်ဆက်ထားသည်။ နယ်ခြားစောင့်တပ်များကိ လုံခြုံရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးအလုပ်များတွင် စောင့်ရှောက်စေခိုင်းကြသည်။
မြန်မာအကျပ်အတည်းကို အသုံးချပြီး အရင်းအမြစ် ကိုလိုနီပြုခြင်း
တရုတ်၏ အရင်းအမြစ်ကိုလိုနီပြုခြင်းအကျင့်စရိုက်ကို မြန်မာမှ မြေရှားသတ္တုများအား ရမ္မက်လောဘ ကြီးစွာ ထုတ်ယူနေခြင်းက ပုံဖော်ပြသနေသည်။ တရုတ်နိုင်ငံသည် ကမ္ဘာတွင် မြေရှားသတ္တုအရန် ထားရှိမှု ၉ ရာခိုင်နှုန်းသာ ပိုင်ဆိုင်သော နိုင်ငံဖြစ်ပါလျှက် မြန်မာနိုင်ငံမှ တူးဖော်သည့် မြေရှားသတ္တု ၈၄ ရာခိုင်နှုန်းကို တင်သွင်းရယူမှုတွင် ပေးရသည့်စျေးနှုန်းမှာ လက်ရှိ မြေရှားစျေးထက် ၇ ဆမက နည်းကာ လွန်စွာအမြတ်ထုတ်နေခြင်းဖြစ်သည်။ မြေရှားသတ္တုသည် လျှပ်စစ်ကားများ၊ ပြန်လည်အသုံးပြုနိုင် သော စွမ်းအင်နည်းပညာများအတွက် မရှိမဖြစ် သတ္တုဖြစ်သည်။ မြန်မာနိုင်ငံမှ အဓိကတင်သွင်းသည့် မြေရှားသတ္တုရိုင်းများကို သန့်စင်ခြင်းလောက်သာ လုပ်ရုံဖြင့် ကမ္ဘာ့မြေရှားထောက်ပံ့ရေးကွင်းဆက် ကြီး၏ အကြီးမားဆုံး ထုတ်လုပ်တင်ပို့သူလည်းဖြစ်လာကာ တရုတ်နိုင်ငံအတွင်း သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုကိုလည်း မဖြစ်စေဘဲ ကိုယ်ကျိုးများစွာ ရယူခြင်းသာဖြစ်သည်။
တရုတ်၏ မြန်မာနိုင်ငံမှ မြေရှားသတ္တုထုတ်ယူနေမှုသည် မကြုံစဖူးသော အဆင့်ရောက်နေပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ မရှိမဖြစ်အရေးပါသော လေးလံသတ္တုမြေရှားဒြပ်စင် ထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းမှာ မြန်မာမှ ထုတ်လုပ်ရယူခြင်းဖြစ်သည်။ ဒိုင်စပရိုစီယံ၊ လစ်သီယံ၊ တာဘီယံကဲ့သို့သော ဒြပ်စင်များ ပါဝင်သည်။ မြန်မာပြည်သူများ လျှပ်စစ်မီးမရ၊ သန့်စင်သော ရေ ရှားပါးလာခြင်းနှင့် ဒုက္ခများနေချိန် လူသားအရင်းအမြစ်ချို့တဲ့နေကြမှုနှင့် သဘာ၀အရင်းအမြစ်များ ပေါကြွယ်၀နေမှုအကြား တရုတ်သည် စနစ်တကျဖြင့် တွက်ချက်အမြတ်ထုတ်မှုများကို အမြင့်ဆုံး အရှိန်တင်လုပ်ဆောင်နေခြင်းဖြစ်သည်။
အရင်းအမြစ်အလွဲသုံးစားမှုမှ လူသားတန်ဖိုး
ကျားဖြန့်ဆိုက်ဘာငွေလိမ်မှုအော်ပရေးရှင်းများနှင့် သဘာ၀အရင်းအမြစ်များ အမြတ်ထုတ်ခြင်းတို့ ကြားတွင် လူသားများခံစားရမှုက ကြမ်းတမ်းဆိုးရွားလွန်သည်။ ကျားဖြန့်စင်တာများသည် လျှပ်စစ် မီးအားကို များစွာ အသုံးပြုရသည်။ အဲကွန်း၊ ပါဝါဆာဗာများ၊ လုံခြုံရေးစနစ်များကြောင့် လျှပ်စစ်မီး စွဲအား များစွာသုံးနေချိန် မြန်မာပြည်သူများဘ၀သည် လျှပ်စစ်မီးမရနိုင်ဘဲ လောင်ကြွမ်းနေရသည်။ သောက်သုံးရေနှင့်စိုက်ပျိုးရေးအတွက် အသက်သွေးကြောဖြစ်သည့် ရေအရင်းအမြစ်များသည်လည်း တရုတ်မိုင်းတွင်းများကြောင့် အဆိပ်သင့် ပျက်စီးကုန်ပြီဖြစ်သည်။
ကျားဖြန့်စင်တာများတွင် လူမှောင်ခိုကူးခံရ၊ အဓမ္မခိုင်းစေခံနေရသူများဘ၀က ကြောက်မက်ဖွယ်ရာ ဆိုးရွားနိမ့်ကျနေသည်။ တစ်နေ့ အလုပ်ချိန် ၁၇ နာရီအထိ လုပ်ရသည်။ သတ်မှတ်လိမ်လည်ငွေမပြည့် မီပါက လျှပ်စစ်ကျဉ်စက်ဖြင့် တို့ပြီး နှိပ်စက်ညှင်းပန်းသည်။ မြန်မာတွင် လျှပ်စစ်မီးမရခြင်းနှင့် အကြပ် အတည်းများစွာဖြစ်နေချိန် တရုတ်ကျားဖြန့်ရာဇဝတ်ကွန်ရက်များနှင့် ၎င်းတို့အခြေစိုက်ရာ ဒေသရှိ လက်နက်ကိုင်များ ပေါင်းစားပြီး အကျိုးအမြတ်များစွာ ရယူနေကြသည်။ တရုတ်နိုင်ငံတွင် ထိုအခြေ အနေများကို ဇာတ်လမ်းဆင်ပြီး ရိုက်ကူးခဲ့သော ကျားဖြန့်ဒုက္ခ ရုပ်ရှင် အလွန်အောင်မြင်ခဲ့သည်။ တရုတ်နိုင်ငံခြားခရီးသွားများ မြန်မာ၊ ထိုင်းနှင့်အိမ်နီးချင်းနိုင်ငံများသို့ မသွားနှင့်ဟု တရုတ်အစိုးရက စေတနာရှေ့ထားတင်ပြသလိုနှင့် နောက်ကွယ်တွင် ၎င်းတို့သည်သာ ကျားဖြန့်ဆိုသော ရာဇဝတ်မှုကြီး ကို မြေတောက်မြှောက်ပေးနေခြင်းသာဖြစ်သည်။
မဟာဗျူဟာမြောက် သက်ရောက်မှုများနှင့် နိုင်ငံတကာ တုံ့ပြန်မှု
တရုတ်၏ ချည်းကပ်မှုက နှစ်ဖက်သွားဓားကဲ့သို့ပင်။ ကျားဖြန့်တိုက်ဖျက်ရေးလုပ်ဆောင်ချက်များ အားတက်သရောဟန်လုပ်ပြနေချိန် နောက်ကွယ်မှ ထိုလုပ်ငန်းများ ဆက်လက်ကြီးထားလာစေမည့် ပတ်ဝန်းကျင်ကို ထောက်ပံ့ပေးနေသည်။ သို့မှသာ နိုင်ငံတကာ၏ ဝေဖန်မှုမှ ရှောင်လွှဲနိုင်မည်ဟု ယုံ ကြည်လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြည်တွင်းမှ တရုတ်နိုင်ငံသားများအား နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအား မိမိတို့မည်မျှ တိုက်ဖျက်နေသည်ကို သရုပ်ပြသည့်သဘောဖြင့် ကျားဖြန့် နှိမ်နင်း ရေးလုပ်ငန်းစဉ်များ လုပ်ပြနေခြင်းဖြစ်သလို တစ်ဖက်တွင်လည်း မြန်မာနိုင်ငံထံမှ အရင်းအမြစ်များစွာ ကို ပိုမိုအမြတ်ထုတ်ရယူနေခြင်း၌ နိုင်ငံရေးအရ ကူညီနေသယောင် ဂိုက်ပေးထားခြင်းဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံအား တရုတ်လက်အောက်သို့ ဝပ်တွားမှုပိုမဆိုးသွား စေရန်၊ ပိုမိုမတည်ငြိမ်မှုများဖြင့် ဒုက္ခထပ်များစေမှုများမှ ရှောင်ကြဉ်ပြီး ယခုလို အရင်းအမြစ် အမြတ် ထုတ်ခံနေရမှုမှ ကယ်တင်နိုင်ရေးမှာ ကြီးမားသော စိန်ခေါ်မှုကြီး ဖြစ်လာနေပြီဖြစ်သည်။ တရုတ်သည် ရာဇဝတ်မှုဆိုင်ရာဟန်ပြစစ်ဆင်ရေးများနှင့် ပတ်ဝန်းကျင်ဖျက်ဆီးမှု နှစ်မျိုးလုံးမှတစ်ဆင့် လူသားများ အပေါ်ဒုက္ခများ ဆက်လက်ခံစားခိုင်းနေစဉ် အရေးကြီးသော အရင်းအမြစ်များအပေါ် ထိန်းချုပ်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နေသည်။ အရေးယူဆောင်ရွက်သွားနိုင်ရန်မှာလည်း ှတန်ကြေးက ကြီးမားမည်ဖြစ်သည်။
နိဂုံး
မြန်မာကျားဖြန့်စင်တာများအပေါ် တရုတ်၏ လက်မဲကြီးအုပ်ထားခြင်းက မြန်မာအုပ်ချုပ်ရေး ပြိုလဲ ခြင်းဆက်လက်ဖြစ်တည်စေခြင်းနှင့်အတူ မြန်မာ့သယံဇာတများအား ဆက်လက်အမြတ်ထုတ် ရယူနိုင် စေရေးအတွက်သာဖြစ်သည်။ ကျားဖြန့်နှိမ်နင်းပြနေချိန် ကျားဖြန့်နှင့်ငွေရှာနေသည့် မြန်မာစစ်ကောင်စီ ကို နောက်ကွယ်က ထောက်ပံ့နေသည်။ နိုင်ငံတကာမျက်နှာစာတွင် ဥပဒေလက်ကိုင်ထားဟန်ပြနေပြီး အရင်းအမြစ်ကြွယ်၀လှသည့် မြန်မာနိုင်ငံမှ သယံဇာတများ ခမ်းခြောက်သွားသည်အထိ ဂုတ်သွေးစုပ် နေဦးမည်သာဖြစ်သည်။ မြန်မာပြည်သူသန်းပေါင်းများစွာ လျှပ်စစ်မီးမရခြင်း၊ ဆင်းရဲမွဲတေနေရခြင်း၊ အဆိပ်သင့်သော ရေများကို သောက်နေရခြင်း၊ သဘာ၀ပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေရခြင်းများက နောက်ခံပန်းချီကားချပ်သဖွယ် အစီအရီပြသနေမှုတွင် ဇာတ်ဆရာက တရုတ်စီမံသည့် လုပ်ကွက်များ သာဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် အင်အားကြီးနိုင်ငံများက ပြည်တွင်းပဋိပက္ခများဖြစ်စေရန် အကွက်ကျကျစီမံဖန်တီးခြင်းဖြင့် နိုင်ငံတကာ၏ ဝေဖန်မှုမှ လွတ်ကင်းကာ မဟာဗျူဟာကျ အသာစီး ရယူနေမှုများ မည်မျှဆိုးရွားနေသည်ကို မြန်မာနိုင်ငံအဖြစ်က သက်သေတည်နေသည်။
အခြေအနေက မြန်မာနိုင်ငံတွင် ကျားဖြန့် ဓားစာခံများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ များ အားချင်းပေးနိုင်ရေ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် ဖြစ်တော့မည်ဖြစ်ကာ သဘာ၀ပတ်ဝန်းကျင်ရင်းမြစ်များ ဂုတ်သွေးစုပ်ခံနေရမှုမှ ကင်းလွတ်စေရန် အဖြေဝိုင်းရှာပေးရ တော့မည်ဖြစ်သည်။ ထိုအခြေအနေတွင်မှ ကြားဝင်ကူညီဆောင်ရွက်ပေးနိုင်ခြင်းမရှိလျှင် အရင်းရှင်စနစ်ဖြင့် အမြတ်ထုတ်နေသော တရုတ်၏ ညစ်ကျယ်သည့် မူဝါဒသည် ၎င်းတို့ တွင်တွင် သုံးနေသည့် နိုင်ငံများတည်ငြိမ်ရေး၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုသည့် အသံကောင်းဟစ်နေခြင်းများအောက်တွင်သာ တိပ်မြုပ်ဖုံးကွယ်နေပြီး ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ သဘာ၀ရင်းမြစ်များစွာ ထိုနည်းဖြင့် ထပ်မံ အမြတ်ထုတ်ခံရဦးမည်သာဖြစ်သည်။
#MeKongNews








