~ CWM ~
ကမ္ဘောဒီးယားသူဌေးကြီးလို့ ဆိုပေမယ့် သူက ကမ္ဘောဒီးယားနိုင်ငံမှာမွေးတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတော့ မဟုတ်ဘူး။ တရုတ်ပြည်မှာ မွေးတဲ့ တရုတ်လူမျိုးစစ်စစ်က ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားသူပါ။ သူ့အသက်က ခုမှ(၃၇)နှစ်ပဲ ရှိသေးတယ်။ ဒါပေမယ့် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုက ကမ္ဘာ့ထိပ်သီး ဘီလျံနာအဆင့် ရှိတယ်။ ဗြိတိန်နိုင်ငံမှာ နေအိမ် နဲ့ ရုံးခန်းရှိသလို အမေရိကန်နိုင်ငံမှာလည်း သူ့ရဲ့ ရုံးတွေ ရှိတယ်။ ကမ္ဘာကျော်သူဌေးကြီးတွေလို အကောင်းဆုံးနေအိမ်တွေ၊ ဇိမ်ခံရွက်လှေတွေသာမက တန်ဖိုးကြီးတဲ့ ပီကာဆို ပန်းချီကားတွေကိုပါ စုဆောင်းထားနိုင်တယ်။
ကမ္ဘောဒီးယားမှာတော့ သူက အချမ်းသာဆုံးသူဌေးကြီးပေါ့။ သူ့ရဲ့ ပင်မကုမ္ပဏီက Cambodia Prince Group ပါ။ သူ့ကုမ္ပဏီရဲ့ ဝက်ဆိုက်မှာတော့ သူ့အကြောင်းကို ခုလို ရေးသားဖော်ပြထားတာတွေ့ရတယ်။
“လေးစားအားကျဖွယ် စီးပွားရေးလုပ်ငန်းရှင်နှင့် ထင်ရှားသော လူမှုအကျိုးပြုသူတဦးဖြစ်ပြီး သူ၏ ခေါင်းဆောင်မှုနှင့် အမြော်အမြင်ကြောင့် Prince Group ကို နိုင်ငံတကာအဆင့်အတန်းမီ ကမ္ဘောဒီးယားထိပ်တန်း စီးပွားရေးလုပ်ငန်းစုတခု ဖြစ်စေခဲ့သည်” တဲ့။
ကမ္ဘောဒီးယား Prince Group ကုမ္ပဏီကို စတင်ထူထောင်တော့ သူ့အသက်က (၂၇)နှစ်ပဲ ရှိသေးတယ်။ ၂၀၁၅ခုနှစ်။ ဒီကုမ္ပဏီက အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို အဓိက လုပ်ကိုင်တယ်။ ၂၀၁၈ ခုနှစ်မှာ သူက ဘဏ်လုပ်ငန်းထူထောင်ခွင့်လိုင်စင် ရပြီး Prince Bank ကို စတင်ထူထောင်တယ်။ နောက်တော့ ကမ္ဘောဒီးယားရဲ့ တတိယမြောက် လေကြောင်းလိုင်းကို ထူထောင်ခွင့်ရပြီး ၂၀၂၀မှာ စတုတ္ထမြောက်လေကြောင်းလိုင်းကို ထူထောင်တယ်။ ဖနွမ်းပင်မှာ ကြယ်ငါးပွင့်ဟိုတယ်တွေ၊ ရှော့ပင်းမောလ်တွေ အများကြီး ပိုင်ဆိုင်တယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာသူဌေးကြီးတယောက်လို ချမ်းသာကြွယ်ဝနေတဲ့ ကမ္ဘောဒီးယားသူဌေးကြီး ချန်ကျီ ကို ပြီးခဲ့တဲ့အပတ်က အမေရိကန်တရားရေးဌာနက ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ပစ်မှတ်သားကောင်တွေဆီက ခရစ်ပ်တိုငွေကြေး ဘီလျံများစွာကို ကမ္ဘောဒီးယား ငွေလိမ်ခြံဝင်းတွေကတဆင့် လိမ်လည်ရယူခဲ့မှုနဲ့ တရားစွဲဆိုခဲ့တယ်။ အမေရိကန် ဘဏ္ဍာရေးဌာနဟာ သူနဲ့ ဆက်စပ်ပြီး ဘစ်ကွိုင်(bit coin) တန်ဖိုး ဒေါ်လာ(၁၄)ဘီလျံ ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့တယ်။
ကမ္ဘောဒီးယားသူဌေးကြီး ချန်ကျီနဲ့ပတ်သက်လို့ သူ ဘယ်ကလာသလဲ။ ဘယ်လိုချမ်းသာလာတာလဲ။ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာတွေကို ဘီဘီစီက ခုလို ရေးသားဖော်ပြထားတယ်။
ဖူကျန်းမှ ကမ္ဘောဒီးယားသို့
ချန်ကျီကို တရုတ်နိုင်ငံအရှေ့တောင်ပိုင်း၊ ဖူကျန်းပြည်နယ်မှာ မွေးဖွားခဲ့တယ်။ သူ့ရဲ့ စီးပွားရေးလုပ်ငန်းအစက အင်တာနက်ဂိမ်းကုမ္ပဏီ သေးသေးလေးဖြစ်ပြီး သိပ်လည်း မအောင်မြင်ခဲ့ဘူး။ ၂၀၁၀ အကုန် ၂၀၁၁ မှာ ကမ္ဘောဒီးယားကို သူရွှေ့ပြောင်းခဲ့ပြီး အိမ်ခြံမြေလုပ်ငန်း စတင်လုပ်ကိုင်ခဲ့တယ်။ အဲဒီအချိန်က ကမ္ဘောဒီးယားမှာ အိမ်ခြံမြေလုပ်ငန်း ခေတ်ကောင်းနေချိန်ပေါ့။
သူ ကမ္ဘောဒီးယားကို ရောက်လာချိန်ဟာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ခေတ်ကောင်းချိန်နဲ့ တိုက်ဆိုင်နေတယ်။ အထူးသဖြင့် အာဏာရှိသူတွေနဲ့ နိုင်ငံရေးအဆက်အသွယ်ကောင်းသူတွေက အစိုးရမြေတွေကို လက်သိပ်ထိုးရောင်းချချိန်နဲ့ တရုတ်ပြည်က ရင်းနှီးမြှုပ်နှံငွေတွေ အလုံးအရင်း ဝင်ရောက်လာချိန်နဲ့ တိုက်ဆိုင်နေတယ်။
တချို့က တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့ Belt and Road Initiative ခါးပတ် နဲ့ လမ်းများ အစီအစဉ် အစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံလုပ် ဆောက်လုပ်ရေးပစ္စည်းတွေ အလုံးအရင်း တင်သွင်းလာပြီး တချို့က တသီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူများအဖြစ် ရောက်ရှိလာကြတယ်။ အလားတူ ကမ္ဘောဒီးယားထဲကို တရုတ်ခရီးသွားတွေ အများဆုံး ဝင်ရောက်လာချိန်ဖြစ်တယ်။
ပြင်သစ်ကိုလိုနီခေတ် အထပ်နိမ့်အဆောက်အအုံတွေနဲ့ မြို့တော် ဖနွမ်းပင်ရဲ့ မြင်ကွင်းဟာ ရုတ်ချည်းပြောင်းလဲသွားပြီး အာရှရဲ့ မိုးမျှော်တိုက်မြင့်တွေ၊ မှန်နဲ့ စတီးတာဝါတွေပြည့်နှက်နေတဲ့ တောအုပ်တခုအဖြစ် ပြောင်းလဲသွားတယ်။
အလားတူ တခါတုန်းက တိတ်ဆိတ်ခြောက်သွေ့နေတဲ့ ပင်လယ်ကမ်းခြေ ” ဆီဟာနောက်ဗေးလ်” ကလည်း ကြောက်ခမန်းလိလိ ပြောင်းလဲသွားတယ်။ ဒီနေရာဟာ တရုတ်လူမျိုးတွေရဲ့ အားလပ်ရက် အပန်းဖြေလာရောက်တဲ့နေရာတခုသာမက တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေ၊ တရုတ်လောင်းကစားသမားတွေရဲ့ ဦးတည်ရာဖြစ်လာတယ်။
ဇိမ်ခံဟိုတယ်တွေ၊ လူနေတိုက်ခန်းတွေနဲ့အတူ ကာစီနိုရုံအသစ်တွေ ပေါ်လာတယ်။ ဒီနေရာမှာ ငွေရှာလို့ အင်မတန်ကောင်းခဲ့တယ်။
ချန်ကျီရဲ့ ကြွယ်ဝမှုဟာ အဲဒီအချိန်က စခဲ့တယ်။
၂၀၁၄ ခုနှစ်မှာ သူဟာ ကမ္ဘောဒီးယားမှတ်ပုံတင်ကိုင်ဆောင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်လာတယ်။ ဒါကြောင့် သူ့နာမည်နဲ့ မြေတွေ ဝယ်ယူလာနိုင်တယ်။ ဒါပေမယ့် ဒီအတိုင်းတော့ မရဘူး။ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အလှူငွေအဖြစ် အစိုးရကို ဒေါ်လာ ၂၅၀၀၀၀ ပေးသွင်းရတယ်။
များပြားလှတဲ့ ငွေတွေကို ချန်ကျီ ဘယ်ကရလာသလဲဆိုတာ ဘယ်သူမှမသိကြဘူး။ ၂၀၁၉ ခုနှစ်က ဗြိတိသျှပိုင် Isle of Man ကျွန်းမှာ ဘဏ်အကောင့်ဖွင့်ဖို့ လျှောက်ထားတော့ အမည်မဖော်တဲ့ သူ့ ဦးလေးတဦးက သူ့ကို အိမ်ခြံမြေလုပ်ငန်းရင်းနှီးမြှုပ်နှံဖို့ ဒေါ်လာ ၂ သန်း ပေးခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ ဒါပေမယ့် ဘာအထောက်အထားမှ ပြထားတာ မရှိဘူး။
အိမ်ခြံမြေလုပ်ငန်း Prince Group ကို ၂၀၁၅ ခုနှစ်မှာ ချန်ကျီ စတင်ထူထောင်တော့ သူ့အသက် (၂၇)နှစ်ပဲ ရှိသေးတယ်။
၂၀၁၈ ခုနှစ်မှာ စီးပွားရေးဘဏ်တည်ထောင်ခွင့်လိုင်စင်ရရှိခဲ့ပြီး Prince Bank (မင်းသားဘဏ်)ကို စတင်တည်ထောင်ခဲ့တယ်။ အဲဒီနှစ်မှာပဲ အနည်းဆုံးရင်းနှီးမြှုပ်နှံမှု ပမာဏ ၂.၅ သန်းရှိလို့ Cypriot passport ရရှိခဲ့ပြီး အီးယူကို ချဉ်းကပ်နိုင်ခဲ့တယ်။ နောက်တော့ ဗင်နော့တူ နိုင်ငံသားလက်မှတ်ကိုလည်း ရယူကိုင်ဆောင်ခဲ့တယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ တတိယ လေကြောင်းလိုင်းလုပ်ကိုင်ခွင့် ရရှိခဲ့ပြီးနောက် နဲ့ စတုတ္ထလေကြောင်းလိုင်းလုပ်ကိုင်ခွင့်ကို ၂၀၂၀ မှာ ရရှိခဲ့ပြီး Prince အိမ်ယာဆောက်လုပ်ရေးက ဆီဟာနောက်ဗေးလ်မှာ ဇိမ်ခံဟိုတယ်တွေနဲ့ ဖနွမ်းပင်မှာ အဆင့်မြင့် ရှော့ပင်းမောလ်တွေကို တည်ဆောက်ခဲ့တယ်။ Bay of Lights လို့ အမည်ပေးထားတဲ့ ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိ eco-city စီမံကိန်းကိုလည်း အကောင်အထည်ဖော်နေတယ်။
၂၀၂၀ ပြည်နှစ်မှာ ချန်ကျီဟာ ကမ္ဘောဒီးယားဘုရင်ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် (Neak Oknha) ဘွဲ့တံဆိပ် ချီးမြှင့်ခံရတယ်။ ဒီဘွဲ့တံဆိပ်ရဖို့ အစိုးရကို အနည်းဆုံး ဒေါ်လာ ၅၀၀၀၀၀ လှူဒါန်းရတယ်။
သူက ၂၀၁၇ ခုနှစ်ကစပြီး ပြည်ထဲရေးဝန်ကြီး ဆာခမ်းရဲ့ အကြံပေးအဖြစ် တာဝန်ယူခဲ့သလို သူ့သား ဆာဆိုခ ရဲ့ စီးပွားရေး (partner)လုပ်ဖော်ကိုင်ဖက်အဖြစ် လုပ်ကိုင်ခဲ့တယ်။ ကမ္ဘောဒီးယားမှာ အာဏာအရှိဆုံး ခေါင်းဆောင် ဟွန်ဆန်ရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သလို ၂၀၂၃ မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ သူ့သား ဟွန်မာနက်ရဲ့ အကြံပေးအဖြစ်လည်း ဆောင်ရွက်ခဲ့တယ်။
ကမ္ဘောဒီးယား မီဒီယာတွေမှာတော့ ချန်ကျီဟာ လူမှုအကျိုးပြုလုပ်ငန်းတွေကို စေတနာသဒ္ဒါထက်သန်စွာနဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်သူဌေးကြီးတဦးဖော်ပြကြတယ်။ ချန်ကျီဟာ ဆင်းရဲနွမ်းပါးတဲ့ ကမ္ဘောဒီးယားကျောင်းသားတွေကို စကောလားရှစ်ပေးခဲ့သလို ကိုဗစ်ကာလမှာလည်း ကမ္ဘောဒီးယားအစိုးရကို လှူဒါန်းထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် ချန်ကျီဟာ လူရှေ့သူရှေ့ထွက်ပြီး ထင်ထင်ပေါ်ပေါ်မနေဘဲ လျှို့ဝှက်သိုသိပ်စွာနဲ့ နောက်ကွယ်မှာပဲ အနေများတယ်။
“သူနဲ့အတူ အလုပ်လုပ်ဖူးသူတွေကို ကျနော် စကားပြောကြည့်တဲ့အခါ သူက အင်မတန် တည်ငြိမ်အေးဆေးပြီး စနစ်တကျ နေတတ်တာတွေ့ရတယ်” သူ့ကို သုံးနှစ်ကြာ စောင့်ကြည့် စုံစမ်းဖော်ထုတ်ရေးသားခဲ့ပြီး ပြီးခဲ့တဲ့နှစ်က RFA မှာ ထုတ်လွှင့်ခဲ့တဲ့ သတင်းထောက် ဂျက် အဒါမိုဗစ် ဒါဗီးစ်က ဆိုတယ်။
ချန်ကျီရဲ့ ဓနဥစ္စာနဲ့ အာဏာတွေ ဘယ်ကလာသလဲ
၂၀၁၉ မှာ ဆီဟာနောက်ဗီးလ်မှာ အိမ်ခြံမြေ ဘူပေါင်း ပေါက်ပါတယ်။ အွန်လိုင်းလောင်းကစားလုပ်ငန်းတခုကသာ တရုတ်ရာဇဝတ်ဂိုဏ်းသားတွေကို ဆွဲဆောင်နေပြီး ဒီဂိုဏ်သားတွေလည်း တဖွဲ့နဲ့ တဖွဲ့ အားပြိုင်နေကြတယ်။ ခရီးသွားတွေ ဆီဟာနောက်ဗီးလ်ကို မလာကြတော့ဘူး။
တရုတ်ရဲ့ ဖိအားပေးမှုနဲ့ အဲဒီအချိန်က ဝန်ကြီးချုပ် ဟွန်ဆန်က အွန်လိုင်းလောင်းကစားတွေကို ပိတ်လိုက်တယ်။ တရုတ်လူမျိုး ၄၅၀၀၀၀ မြို့က ထွက်ခွါသွားပြီး စီးပွားရေးလုပ်ငန်းတွေ ပျက်စီးသွားတယ်။ Prince Group ရဲ့ တိုက်ခန်းအများအပြား ဟောင်းလောင်းကျန်ခဲ့တယ်။ ဒါပေမယ့် ချန်ကျီ ဟာ သူ့ရဲ့ စီးပွားရေးကို ဆက်လက်ချဲ့ထွင်ပြီး စိတ်တိုင်းကျ ဆက်လက်သုံးဖြုန်းနိုင်ခဲ့တယ်။
ဗြိတိန်အာဏာပိုင်တွေရဲ့ အဆိုအရ ၂၀၁၉ မှာ သူဟာ လန်ဒန်မြောက်ပိုင်းမှာ ပေါင်(၁၂)သန်းတန် နေအိမ်တလုံးဝယ်ယူခဲ့ပြီး လန်ဒန်စီးပွားရေးရပ်ကွက်မှာ ပေါင် (၉၅)သန်းတန် ရုံးအဆောက်အဦးတခု ဝယ်ယူခဲ့တယ်လို့ သိရတယ်။ အမေရိကန်တွေရဲ့ အဆိုအရ ချန်ကျီနဲ့ အဖွဲ့ဝင်တွေဟာ နယူးယောက်မှာ အိမ်ယာတွေဝယ်ယူခဲ့ပြီး ကိုယ်ပိုင်လေယာဉ်၊ ဇိမ်ခံရွက်လှေနဲ့ ပီကာဆို ပန်းချီကားတွေအထိ ဝယ်ယူခဲ့တယ်လို့ ဆိုတယ်။
ဗြိတိန် နဲ့ အမေရိကန် အာဏာပိုင်တွေက ချန်ကျီရဲ့ ဓနဥစ္စာတွေဟာ ဒီနေ့ အာရှမှာ အမြတ်အစွန်းအကြီးမားဆုံး အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ ငွေမည်းခဝါချမှုတွေက လာတာဖြစ်တယ်လို့ ဆိုတယ်။
ဗြိတိန် နဲ့ အမေရိကန် က ချန်ကျီ ၊ Prince Group တို့နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီ ၁၂၈ ခုကို အရေးယူပိတ်ဆို့ထားပြီး လိမ်လည်မှုအင်ပါယာ(scam empire)မှာ ပါဝင်ကူညီနေကြတဲ့ နိုင်ငံ(၇)နိုင်ငံက လူပုဂ္ဂိုလ် (၁၇)ဦးကိုလည်း အရေးယူပိတ်ဆို့ထားတယ်။ အမေရိကန် နဲ့ ဗြိတိန်မှာရှိတဲ့ ချန်ကျီရဲ့ ပိုင်ဆိုင်မှုအားလုံးကိုလည်း ထိန်းချုပ်ထားလိုက်တယ်။ အရေးယူပိတ်ဆို့မှုကြေညာချက်မှာ ငွေကြေးစီးဆင်းမှုတွေရဲ့ မူလနေရာကို ခြေရာခံလို့မရအောင် ပိပိရိရိအသွင်ယူထားတဲ့ ကုမ္ပဏီတွေနဲ့ ခရစ်ပ်တိုငွေကြေး wallets တွေရဲ့အမည်စာရင်းတွေကိုပါ ဖော်ပြထားတယ်။
“ပရင့်စ်အုပ်စုရဲ့ နိုင်ငံတကာဖြတ်ကျော် ရာဇဝတ်ဂိုဏ်းဟာ sextortion လို့ခေါ်တဲ့ မသိနားမလည်သူတွေအပေါ် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုပြုပြီး ခြိမ်းခြောက်ငွေညှစ်မှု၊ ငွေဖြူငွေမည်း ခဝါချမှု၊ လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အကြီးစားလူကုန်ကူးမှု၊ ကမ္ဘောဒီးယားမှာရှိတဲ့ အနည်းဆုံး ၁၀ ခုရှိ ငွေလိမ်ခြံဝင်း(svam compound) တွေမှာ အလုပ်သမားများကို ကျွန်များသဖွယ် နှိပ်စက်ညှဉ်းပမ်းမှု စတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်” လို့ ကြေညာချက်မှာ ဖော်ပြထားတယ်။
လိမ်လည်လှည့်ဖျားမှု အင်ပါယာ
တရုတ်နိုင်ငံဟာ ၂၀၂၀ ကတည်းက Prince Group ရဲ့ လှုပ်ရှားမှုတွေကို တိတ်တဆိတ် ခြေရာခံ စုံစမ်းနေခဲ့တယ်။ ကုမ္ပဏီရဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေမှု စွပ်စွဲချက်နဲ့ အမှုတွေကိုလည်း အများကြီး ဖွင့်ထားတယ်။
ဘေဂျင်းမြူနီစပယ် ပြည်သူ့လုံခြုံရေးဗြူရိုဟာ ကမ္ဘောဒီးယားမှာရှိတဲ့ Prince Group ရဲ့ နိုင်ငံတကာအွန်လိုင်းလောင်းကစားဂိုဏ်းကို ဖော်ထုတ်ဖို့ အဖွဲ့တဖွဲ့ ဖွဲ့စည်းထားတယ်။
အမေရိကန်နဲ့ ဗြိတိန် အဓိက စောင့်ကြည့်နေတဲ့ Prince Group ရဲ့ စီးပွားရေးလုပ်ငန်းတခုက ဗီယက်နမ်နယ်စပ်အနီးမှာ အကောင်အထည်ဖော်နေတဲ့ Golden Fortune Science and Technology park စီမံကိန်းဝင်းပဲ ဖြစ်တယ်။
Prince Group ကတော့ သူတို့ဟာ ငွေလိမ်ဂိုဏ်း တွေနဲ့ ပတ်သက်မှုမရှိသလို Golden Fortune နဲ့လည်း မပတ်သက်ဘူးလို့ အရင်က ငြင်းထားပေမယ့် အမေရိကန် နဲ့ ဗြိတိန် စုံစမ်းစစ်ဆေးရေးက သူတို့ချင်း ဆက်စပ်မှု ရှိနေတယ်လို့ ဆိုတယ်။
သတင်းထောက် အဒါမိုဗစ် ဒါဗီးစ်ရဲ့ Goleden Fortune မှာ လုပ်ကိုင်ခဲ့သူတွေ အနီးအနားမှာနေထိုင်သူတွေကို တွေ့ဆုံမေးမြန်းချက်တွေအရ ခြံဝင်းအတွင်း အွန်လိုင်းလိမ်လည်မှုကျူးလွန်ဖို့ အဓမ္မစေခိုင်းခံရပြီး ထွက်ပြေးဖို့ကြိုးစားတဲ့ တရုတ်၊ ဗီယက်နမ်နဲ့ မလေးရှားအလုပ်သမားတွေဟာ ရက်ရက်စက်စက် ရိုက်နှက်ခံရတယ်လို့ သိရတယ်။
“ပရင့်စ်အုပ်စုရဲ့ ကမ္ဘာတဝန်းဖြန့်ကျက် လှုပ်ရှားမှုကို လူမသိသူမသိ လုပ်ဆောင်နိုင်တာဟာ ချန်ကျီရဲ့ ကြောက်စရာကောင်းတဲ့ အရည်အချင်းပဲ”လို့ သူကဆိုတယ်။
ခုတော့ အမေရိကန်နဲ့ ဗြိတိန်ရဲ့ လူသိရှင်ကြား အရေးယူပိတ်ဆို့မှုနဲ့အတူ ကမ္ဘာတဝန်းက စီးပွားရေးလုပ်ငန်းတွေက Prince Group နဲ့ သူတို့ မသက်ဆိုင်ဘူးလို့ ဆိုလာကြတယ်။
ကမ္ဘောဒီးယားဗဟိုဘဏ်ကလည်း မင်းသားဘဏ်( Prince Bank ) မှာ ငွေအပ်နှံထားသူတွေအားလုံး ငွေပြန်ထုတ်နိုင်ဖို့ အာမခံချက်ပေးကြောင်း ထုတ်ပြန်ခဲ့ရတယ်။ တောင်ကိုးရီးယားအာဏာပိုင်တွေကလည်း တောင်ကိုးရီးယားဘဏ်တွေမှာ အပ်နှံထားတဲ့ ဒေါ်လာ ၆၄ သန်းကို ထိန်းချုပ်ထားလိုက်တယ်။
ပရင့်အုပ်စုနဲ့ ဆက်စပ်ပတ်သက်နေတဲ့ စင်ကာပူနဲ့ ထိုင်းက လူပုဂ္ဂိုလ်(၁၈)ဦးကို စုံစမ်းစစ်ဆေးရာမှာ ပါဝင်ကူညီဖို့ အမေရိကန် နဲ့ ဗြိတိန်ကို ကတိပြုထားတယ်။
ကမ္ဘောဒီးယားအစိုးရကတော့ အမေရိကန် နဲ့ ဗြိတိန်အာဏာပိုင်တွေကို ခုလိုစွပ်စွဲတဲ့ကိစ္စမှာ လုံလောက်တဲ့အထောက်အထားရှိဖို့လိုတယ်လို့ တိုက်တွန်းရုံမှအပ အထွေအထူးပြောဆိုတာ မရှိဘူး။
ဒါပေမယ့် နှစ်ပေါင်းများစွာ ချန်ကျီနဲ့ အနီးကပ်နေလာတဲ့ ကမ္ဘောဒီးယားအစိုးရအတွက် ဒီကိစ္စကို မသိချင်ယောင်ဆောင် ရှောင်နေလို့တော့ မရဘူး။ “ငွေလိမ်လုပ်ငန်း” တွေနဲ့ပတ်သက်ပြီး အရေးတယူမရှိဘဲ နေလာခဲ့တဲ့ ကမ္ဘောဒီးယားဟာ တနေ့တခြား ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒီလုပ်ငန်းတခုတည်းကတင် ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေး ၅၀% ရှိတယ်လို့ တချို့က ခန့်မှန်းနေကြတယ်။
ချန်ကျီ ဘယ်ရောက်နေသလဲ
ပြီးခဲ့တဲ့အပတ်က အမေရိကန် နဲ့ ဗြိတိန်က အရေးယူပိတ်ဆို့ကြောင်း ကြေညာလိုက်ိန်ကစလို့ ချန်ကျီ ကို မမြင်ရ၊ မတွေ့ရတော့ပါဘူး။ တခါက ကမ္ဘောဒီးယားနိုင်ငံရဲ့ ဩဇာအာဏာအရှိဆုံးနဲ့ လျှို့ဝှက်သိုသိပ်စွာနေတတ်သူ စီးပွားရေးသမား တိုင်ကွန်း ချန်ကျီဟာ ခုတော့ လူမြင်ကွင်းက လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်တယ်။
# CWM. ref: The mysterious figure accused of masterminding a $14 bn crypto scam. Jonathan Head. BBC World








