~ လင်းမောင် ~
ယခုခေတ်သည် စစ်ရေးတွင်သာ ဩဇာလွှမ်းမိုးရေးအတွက် တိုင်းတာရာမဟုတ်ဘဲ ဒစ်ဂျစ်တယ် သတင်းအချက်အလက်မီဒီယာ လက်လှမ်းကျယ်စွာရောက်ရှိလွှမ်းမိုးရေးသည်လည်း အခရာကျလွန်း နေသည့် ခေတ်ဖြစ်သည်။ မကြာသေးမီက ဖော်ပြလာခဲ့သည့် တရုတ်၏ အမေရိကန်နှင့် ဖိလစ်ပိုင်အကြား ချည်နှောင်မှုများအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်သော လျှို့ဝှက် လူမှုကွန်ရက် လှုပ်ရှားမှုတစ်ရပ်သည် ပထဝီဝင်နိုင်ငံရေးစစ်ပွဲတွင် အနှောက်အယှက်များ ပိုမိုတိုးမြင့်လာစေသည်ကို သိမြင်ကြရသည်။ ရိုက်တာသတင်းဌာနမှ စုံစမ်းဖော်ထုတ်တင်ပြလာသည့် သတင်းတစ်ပုဒ်တွင် တရုတ် ကွန်မြူနစ်ပါတီ (CCP) ကြိုးကိုင်ခြယ်လှယ်စီမံမှုဖြင့် မနီလာအခြေစိုက် စျေးကွက်လုပ်ငန်းစု တစ်ခုဦး ဆောင်သော အွန်လိုင်းဝါဒဖြန့် စစ်ဆင်ရေးတစ်ရပ်အကြောင်း သိရှိကြရသည်။ InfinitUs Marketing Solutions အမည်ရ တရုတ်ပိုင် ကုမ္ပဏီသည် မနီလာတွင်အခြေစိုက်ကာ အမေရိကန်နှင့် ဖိလစ်ပိုင်တို့ မဟာဗျူဟာကျသည့် မဟာမိတ်ပြုထားမှုနှင့်ပတ်သက်သော ပြည်သူ့အမြင်ကဏ္ဍကို လိမ်လည် ဖော်ဆောင် အမြတ်ထုတ်ရန်လုပ်ကြံလာသည့် သတင်းအချက်အလက်စစ်ပွဲ (Info war) အကြောင်း ရိုက်တာက ဖော်ထုတ်ရေးသားခဲ့ခြင်းဖြစ်သည်။
Infinitus ကုမ္ပဏီ မည်သို့ ဆိုက်ဝါးထည့်ခြင်းများအကြောင်း ရိုက်တာက အသေးစိတ်တင်ပြခဲ့သည်။ ထိုကုမ္ပဏီသည် ဖေ့စ်ဘုတ်နှင့် X (ယခင်တွစ်တာ) လူမှုကွန်ရက်ပလက်ဖောင်းများပေါ်တွင် အကောင့် အတုများစွာကို ဖန်တီးစေကာ ဖိလစ်ပိုင် ဒစ်ဂျစ်တယ်မီဒီယာလောက၏ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသူ များအား အခကြေးငွေများပေးပြီး တရုတ်ထောက်ခံရေး၊ အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားလှုံ့ဆော်မှု များကို ခိုင်းစေခဲ့သည်။ ထို အကောင့်တုများသည် ဖိလစ်ပိုင်သားစစ်စစ်တို့၏အသံများအဖြစ် ဟန်ဆောင်ကာ အနောက်တိုင်းလုပ် COVID-19 ကာကွယ်ဆေးများကို အရှက်ခွဲခြင်း၊ အမေရိကန်-ဖိလစ်ပိုင်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ဝေဖန်ခြင်း၊ တောင်တရုတ်ပင်လယ်ရှိ ပေကျင်း၏အကျိုး စီးပွားကို မြှင့်တင်သည့်အကြောင်းအရာများအား ပုံကြီးချဲ့ ဝါဒဖြန့်ခြင်းများ လုပ်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှု၏ ရည်မှန်းချက်က ရှင်းလင်းလွန်းသည်။ အမြင်မတူ သဘောထားကွဲလွဲမှုများ ဖြန့်ကျက်ရန်၊ ယုံကြည်မှု ပျက်ပြားရန်၊ တရုတ်နိုင်ငံကို မျက်နှာသာပေးထောက်ခံသည့် ဖိလစ်ပိုင်ပထဝီနိုင်ငံရေး အခြေအနေ ဖြစ်လာရေး ပုံဖော်ရန်သာဖြစ်သည်။
အဆိုပါ အော်ပရေးရှင်းသည် သီးခြားသတ်သတ်တည်ရှိနေခြင်းမဟုတ်။ ပေကျင်းအစိုးရ၏ သတင်း အချက်အလက်များကို လက်နက်အဖြစ် အသုံးချနေသည့် ကြီးမားသော မဟာဗျူဟာလုပ်ငန်းစဉ်များ ထဲမှ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ ဖိလစ်ပိုင်သည် တရုတ်လိုချင်နေသော ထိုင်ဝမ်နှင့်နီးကပ်စွာ တည်ရှိနေသည့် အင်ဒို-ပစိဖိတ်ဒေသမှ မဟာဗျူဟာမြောက်အရေးပါသော နိုင်ငံဖြစ်သည်။ ဝါရှင်တန် နှင့်ပေကျင်းအစိုးရတို့ကြား စစ်ရေးလွန်ဆွဲမှုအတွက် အချက်အခြာကျနေသော နိုင်ငံလည်း ဖြစ်သည်။ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်နက်သတ်မှတ်ချက်အရ အငြင်းပွားမှုများနှင့်တင်းမာမှုများ တိုးပွားလာမှုနှင့် ထိုင်ဝမ်၏ အနာဂတ်အတွက် ဖိလစ်ပိုင်က အရေးပါနေသည်။ တရုတ်ခေါင်းဆောင် များသည် ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်အား ကျူးကျော်သိမ်းပိုက်ရန် မှာကြားထားပြီးဖြစ်ကြောင်းလည်း သိရသည်။ ထိုအရေးအောင်မြင်ရန် အိမ်နီးချင်းနိုင်ငံများအပေါ် ဥပမာအားဖြင့် ဖိလစ်ပိုင်အပေါ် အမေရိကန်၏ ဩဇာလွှမ်းမိုးနိုင်မှု လျော့ကျသွားရေးက တရုတ်တို့လိုအပ်သော မဟာဗျူဟာတစ်ရပ် အဖြစ် ရှိနေသည်။
လူမှုကွန်ရက်ဆိုသည်မှာ ထိုသို့သော ဩဇာလွှမ်းမိုးမှု စစ်ဆင်ရေးများတွင် ကုန်ကျစားရိတ် အသက်သာ ဆုံးနှင့် ပျံ့နှံ့ရောက်ရှိမှု အင်အားကြီးမားသည့် ပလက်ဖောင်းဖြစ်သည်။ သမားရိုးကျ ဝါဒဖြန့်ခြင်းများနှင့် မတူပေ။ ဒစ်ဂျစ်တယ်လှုပ်ရှားမှုများသည် မသိမသာဖြင့်သွားသည်။ ကူးစက်ပျံ့နှံ့မှု မြန်ဆန်ကြီးမား သလောက် လက်သည်ဖျောက်ရာတွင် လမ်းကြောင်းလိုက်ရန် ခက်ခဲသည်။ ပြည်တွင်းသြဇာလွှမ်းမိုးသူ များကို အသုံးချကာ စစ်မှန်သည်ဟုထင်ရသော အကောင့်များဖန်တီးခြင်းဖြင့် Infinitus မှတစ်ဆင့် တရုတ်၏လှုံ့ဆော်မှုသည် အော်ဂဲနစ်ဟောပြောချက်(အကောင့်စစ်၊ ဖိလစ်ပိုင်းသား စစ်စစ်တို့၏ အမြင်ပြောဆိုချက်များ)နှင့် တရုတ်၏ကြိုးကိုင်ခြယ်လှယ်မှုကြားရှိမျဉ်းကို မှုန်ဝါးစေရန်၊ အမြင်မရှင်း စေရန် ဖြစ်တည်စေသည်။
Infinitus ဆိုသည့် လက်တင်ဘာသာစကားအဓိပ္ပါယ်က အကန့်အသတ်မရှိ၊ အဆုံးမရှိဟု အဓိပ္ပါယ်ရသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အဆုံးမဲ့သော ရည်မှန်းချက်မှာ ဒစ်ဂျစ်တယ်မဟာဗျူတွင် တည်မှီနေသည်။ စကားလုံးအဓိပ္ပါယ်က အစတွင် သာမန်အခေါ်အဝေါ်လောက်သာဖြစ်သော်လည်း ပိုမိုနက်ရှိုင်းသည့် သက်ရောက်မှု သင်္ကေတအဖြစ် တာသွားသည်။ လျှို့ဝှက်ဒစ်ဂျစ်တယ်စစ်ဆင်ရေးမှ သည် ဒီမိုကရက်တစ်မဟာမိတ်များအကြား မတည်ငြိမ်မှုများကို ဖြစ်တည်စေရန် ရည်ရွယ်သည်။ ထို့ကြောင့် ဧပြီလက ဖိလစ်ပိုင်အထက်လွှတ်တော်တွင် Infinitus ကုမ္ပဏီလုပ်ရပ်များကို စိစစ်ရန် ကြားနာဆွေးနွေးခဲ့ကြသည်။ ဥပဒေပြုအမတ်များက တရုတ်သံရုံးမှ Infinitus သို့ ငွေပေးချေသည့် သက်သေများ၊ လူမှုကွန်ရက်ပေါ်ရှိ လိုရာဆွဲ ပို့စ်များကို မီးမောင်းထိုးဖော်ပြခြင်းဖြင့် လွှတ်တော်၌ တင်ပြခဲ့ကြသည်။
Infinitus မှ ဖြန့်သည့် သတင်းဦးအချက်အလက်ဦးများသည် ဝါဒဖြန့်ခြင်းသက်သက်ထက် ကျော်လွန် သည်။ နိဟောင်မနီလာ (Ni Hao Manila) ဆိုသော မီဒီယာတစ်ခုကိုပင် ဖန်တီးထူထောင်ပြီး ဖိလစ်ပိုင်သားများက ထူထောင်ကာ တရုတ်အကျိုးစီးပွားကိုဦးစားပေးကြည့်သည့် မီဒီယာအဖြစ် ပုံဖော်ထုတ်ပြန်သည်။ အဆိုပါမီဒီယာက အတုအယောင် profiles များနှင့်အတူ အမျိုးသားရေးဝါဒီ ဖိလစ်ပိုင် လွှတ်တော်အမတ်များကို ပစ်မှတ်ထားခြင်း၊ ပေကျင်း၏ ပထဝီနိုင်ငံရေး ရည်မှန်းချက်များအပေါ် မဟာမိတ်များအဖြစ် ပူးပေါင်းပါဝင်နေသည့် အတုအယောင်ဝါဒဖြန့်မှုများကို အဓိက လုပ်ဆောင်ခဲ့သည်။
ဖိလစ်ပိုင် အစိုးရတာဝန်ရှိအကြီးအကဲများသည် ပြည်ပဩဇာလွှမ်းမိုးသည့် လှုပ်ရှားမှုများအတွက် အသံများပိုကျယ်လောင်စွာ ဖော်ထုတ်လာကြသည်။ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီ စီနီယာ အရာရှိဟောင်းတစ်ဦးက လူမှုကွန်ရက်ဖြင့် ဝါဒသွပ်သွင်းခြင်းသည် အလွန်မြန်ဆန်းစွာဖြင့် အားသွင်း သည့်အလား အန္တရာယ်ကြီးသည်ဟု သတိပေးပြောဆိုခဲ့သည်။ နိုင်ငံ၏ တည်နေရာက မဟာဗျူဟာ ကျသဖြင့် အဓိက ပစ်မှတ်ဖြစ်လာရခြင်း၊ လူမှုကွန်ရက်များပေါ်၌ ဩဇာလွှမ်းမိုးသူများ၏ အားသည် လားရာကောင်းကို သွေဖယ်ကာ ခြယ်လှယ်ခံရရေးအတွက် ရေခံမြေခံကောင်းကို ဖြစ်စေသည်ဟု ၎င်းက ဆက်လက် သတိပေးခဲ့သည်။
တုံ့ပြန်မှုကို သတိကြီးကြီးထားနေကြသော်လည်း လွှတ်တော်အမတ်များအကြား စုံစမ်းဖော်ထုတ်ရန် နှင့် ပိုမိုပွင့်လင်းမြင်သာဖြစ်စေရန် တောင်းဆိုတိုက်တွန်းသူများနှင့် တရုတ်ကဲ့သို့သော စီးပွားရေးအရ အဓိက မိတ်ဖက်အဖြစ် ဆက်ဆံနေရသည့် နိုင်ငံကြီးနှင့် နိုင်ငံရေးဆက်ဆံမှု လဲပြိုမည်ကို စိုးရိမ်သည့် အမတ်များကတစ်ဖက် ကွဲလွဲကုန်တော့သည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အမျိုးသားလုံခြုံရေး တို့ကြား ဟန်ချက်ညီစေနိုင်ရေးဆိုသည်မှာ မည်သည့်အခါမျှ ရေရာနိုင်သည့် အရာမျိုးမဟုတ်ပေ။
အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်ပြုမှုသည် ဆယ်စုနှစ်ပေါင်းများစွာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒီမိုကရက်တစ်တန်ဖိုးများ မျှဝေမှုအရ အမြစ်တွယ်ခဲ့ပြီးသားဖြစ်သည်။ သို့သော် ယခု တရုတ်လုပ်ရပ် သည် ဒုံးကျည်များ၊ စစ်သင်္ဘောများမလိုဘဲ memes နှင့် hashtags များဖြင့်သာ ခြိမ်းခြောက်မှု ပုံစံ သစ်တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်သည်။ မစစ်ဆေးဘဲ ဆက်ထားမည်ဆိုလျှင် Infinitus ကုမ္ပဏီကဲ့ သို့သော ဒစ်ဂျစ်တယ်လှုပ်ရှားမှုများက အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ မဟာမိတ်ပြုမှုအား ထောက်ခံသူများနည်းပါးလာပြီး တိုက်စားခံရမည်ဖြစ်သည်။ နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်း အစပြုထူထောင်မှုများကို ပိုမိုအားနည်းလာစေမည်ဖြစ်သည်။ တရုတ်၏ ပိုင်နက်များရရှိရေး ရည်မှန်း ချက်များကိုလည်း ပိုမိုခိုင်မာလာစေနိုင်မည်ဖြစ်သည်။ ဝါရှင်တန် လှုပ်နှိုးခံလိုက်ရမှုဖြစ်သည်။ သံခင်းတမန်းခင်း ကောင်းမွန်ခဲ့သည့် ဓလေမပျက်ပြားစေရန် ဒစ်ဂျယ်တယ်အန္တရာယ် သတိထားမှုကို ပိုမိုမြှင့်တင်ရတော့မည်ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်စစ်စစ် တတ်မြောက်မှုကို ပံ့ပိုးကူညီခြင်း၊ အမှီအခိုကင်းသော သတင်းစာပညာကို ငွေကြေးထောက်ပံ့ခြင်းနှင့် မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများကို အမေရိကန်အနေဖြင့် မဖြစ်မနေလုပ်ဆောင်ရပေမည်။ မဟုတ်မမှန် သတင်းများကို ဖော်ထုတ်ရန်နှင့်တန်ပြန်ရေးတို့က အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ အဓိက အစိတ်အပိုင်းအဖြစ် မားမားမတ်မတ် ပေါ်ထွက်ရပ်တည်လာသင့်ပြီဖြစ်သည်။
Infinitus အရှုပ်တော်ပုံသည် ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများရှိ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ အတွက် အရေးတကြီးလိုအပ်မှုများကို မီးမောင်းထိုးပြနေသည်။ အစိုးရများသည် ဆိုက်ဘာလုံခြုံရေးအတွက် မဖြစ်မနေ ရင်းနှီးမြှုပ်နှံ့မှုများလုပ်ရမည်၊ ပြည်ပပိုင် မီဒီယာများကို ထိန်းညှိပေးရမည်၊ ခြယ်လှယ်ခံရခြင်းမှ အမှန်တရားကို နိုင်ငံသားများ သိမြင်နိုင်စေရေး လုပ်ဆောင်ပေးရမည်၊ လူမှုကွန်ရက် ဩဇာလွှမ်းမိုးသူများ၏ စျေးကွက်ဆွဲဆောင်မှုများအပေါ် ပွင့်လင်းမြင်သာဖြစ်စေရေး၊ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများနှင့် ချည်နှောင့်နေပါက တားဆီးနိုင်ခွင့် ရှိစေရန် လုပ်ပိုင်ခွင့်များ ချမှတ်ပေးထားရမည်ဖြစ်သည်။
ထို့ထက်ပိုလိုအပ်မှုများထဲ ဖေ့စ်ဘုတ်နှင့် X ကဲ့သို့သော လူမှုကွန်ရက်ပလက်ဖောင်းများကိုယ်တိုင်က ပိုကြီးမားသည့် တာဝန်ယူမှုကို ထမ်းရွက်ရမည်ဖြစ်သည်။ မသင်္ကာဖွယ်ရာ ဝါဒဖြန့်၊ မှားယွင်းအချက် အလက်များဖြင့် စည်းရုံးသည့် အကြောင်းအရာများအား ၎င်းတို့၏ algorithms စနစ်များက အလိုအလျှောက် ရောက်ရှိပျံ့နှံ့မှုများကို လျော့ချ ထိန်းချုပ် ကန့်သတ်ပေးထားရမည်ဖြစ်သည်။ ပြည်ပသရုပ်ဆောင်များ ယခုလိုစနစ်များတွင် ပါဝင်လာသည်ဆိုလျှင် ပထဝီနိုင်ငံရေးအခင်းအကျင့် အကျိုးဆက်များပါသည်မှာ သေချာသောကြောင့်ဖြစ်သည်။
CCP မှ Infinitus ကို အခကြေးငွေပေးခြင်းနှင့် အမေရိကန်-ဖိလစ်ပိုင်ချည်နှောင်မှုအား ဒစ်ဂျစ်တယ် စစ်ခင်းလိုက်ခြင်းမှာ ၂၁ ရာစုအတွင်း နယ်စပ်များဖြတ်ကျော်ပြီး တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ စစ်တလင်းများတွင် လူသားများဖြင့် တိုက်ခိုက်ခြင်းများမလိုတော့ဘဲ ထိရောက်စွာ ဖျက်လိုဖျက်ဆီး လုပ်နိုင်သည်ကို မီးမောင်းထိုးပြနေသည်။ ဖိုက်ဘာအော့ပ်တစ် ကေဘယ်များ၊ ဆိုရှယ်မီဒီယာ feeds များ၊ ကူးစက်ထင်မှားစေသည့် ဗီဒီယိုများဖြင့်ပင် ကျည်တစ်တောင့်မလိုဘဲ စစ်ရေးအသာယူမှုများကို တရုတ်တို့ လုပ်ပြနေပြီဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများအနေဖြင့် အသစ်အဖြစ် တည်ရှိလာသော ယခုလိုခြိမ်းခြောက်မှုများအား တွန်းလှန်နိုင်ရေး အကောင်းဆုံးသော၊ အတောင့်တင်းဆုံးသော ခံစစ်သည် ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပွင့်လင်းမြင်သာခြင်းသာ ဖြစ်သည်။
Infinitus အမည်အဓိပ္ပါယ်မှာ အဆုံးမဲခြင်းဟု ပြန်ဆိုကောင်းရနိုင်သည်။ သို့သော် ကမ္ဘာကြီးက ပြည်ပစွက်ဖယ်ခြယ်လှယ်လာမှုများဝင်လာလျှင် ကန့်သတ်နယ်နိမိတ်စည်းမျဉ်းများကို မဖြစ်မနေ ရှင်းလင်းစွာဖြင့် တားဆီးကာရန်ပေးရမည်သာဖြစ်သည်။ မဟာမိတ်များ၏ ဂုဏ်သိက္ခာ၊ နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်မှုများအတွက် အမှန်တရားသည်သာ မှီခိုအားထားရာ ဖြစ်ပေသည်။
#MeKongNews








