~ CWM ~
ကျားဖြန့် ဆိုတဲ့ ဝေါဟာရက ခုတော့ အတော်လေးယဉ်ပါးနေတဲ့ ဝေါဟာရ ဖြစ်လို့နေပါပြီ။ ဒီဝေါဟာရက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကမှ မီဒီယာတွေပေါ် ရောက်လာခဲ့တာပါ။ “ကျားဖြန့်” က တရုတ်စကားပါ။ (Zhapian) လို့ အသံထွက်ပြီး လိမ်လည်မှု၊ငွေကြေးလိမ်လည်မှု၊ ဖြားယောင်းသွေးဆောင်မှုလို့ အဓိပ္ပါယ်ရတယ်။ လတ်တလော လူတိုင်းနားလည်နေတာကတော့ ” ကျားဖြန့်” ဟာ အွန်လိုင်းကတဆင့် လိမ်လည်မှုကျူးလွန်တဲ့ဂိုဏ်း ဆိုတာပါ။ ဒီ ကျားဖြန့် လိမ်လည်မှုတွေကို အဓိက ဘယ်သူတွေက ဦးဆောင်သလဲဆိုရင် တရုတ်လူမျိုးတွေပါ။ တရုတ် ရာဇဝတ်ဂိုဏ်းသားတွေပေါ့။ ကျားဖြန့်တွေ ဘယ်မှာ နာမည်ကြီးသွားခဲ့သလဲဆိုရင် တရုတ်-မြန်မာ နယ်စပ် ကိုးကန့်ဒေသမှာပါ။ လောက်ကိုင်အပါအဝင် မြန်မာနယ်စပ်မြို့တွေကို ခြေကုပ်ယူပြီး တရုတ်ရာဇဝတ်ဂိုဏ်းသားတွေက ကျားဖြန့်စင်တာတွေ ထူထောင်ကြတယ်။ ခြံကြီးဝင်းကျယ် လုံခြုံရေးအထပ်ထပ်၊ သံဆူးကြိုးအထပ်ထပ်ကာရံထားတဲ့ အဆောက်အဦးတွေထဲမှာ ကျားဖြန့်ဂိုဏ်းတွေ လှုပ်ရှားကြတယ်။
တရုတ်ရာဇဝတ်ဂိုဏ်းတွေကို နယ်စပ်အခြေစိုက် ကိုးကန့်စစ်ခေါင်းဆောင်တွေက ဦးဆောင်တယ်။ တရုတ်နိုင်ငံသားအများအပြားဟာ ကျားဖြန့်တွေရဲ့ အွန်လိုင်းကတဆင့် စည်းရုံးသိမ်းသွင်းမှုနဲ့ မြန်မာနယ်စပ်ရောက်ရှိလာပြီး နောက်ဆုံးမှာ ပြန်လမ်းမဲ့ဘဝနဲ့ အသက်ဆုံးရှုံးသွားရတဲ့ဖြစ်ရပ်တွေ အများကြီးပေါ်ပေါက်ခဲ့တယ်။
ဒါကြောင့်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ ကိုးကန့် MNDAA တပ်တို့ရဲ့ ထိုးစစ်နဲ့အတူ တရုတ်လုံခြုံရေးတပ်တွေက ကိုးကန့်စစ်ခေါင်းဆောင် မြီရှောက်ချန်နဲ့ မိသားစုကို မြန်မာနိုင်ငံထဲဝင်ပြီး လက်ရဖမ်းဆီးခဲ့တယ်။ မြီရှောက်ချန်က ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပြီး သူ့သားတွေကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ(၂၉)ရက်မှာ တရုတ်တရားရုံးက သေဒဏ်အပြစ်ပေးခဲ့တယ်။
၂၀၂၃ ခုနှစ်အတွင်း တရုတ်-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းလိုက်တဲ့အခါ ကျားဖြန့်လှုပ်ရှားမှုတွေဟာ မြဝတီ၊ ရွှေကုက္ကိုဘက်ကို ရွှေ့ပြောင်းလာခဲ့တယ်။ ကရင်ပြည်နယ် ရွှေကုက္ကိုဟာ တရုတ်ကျားဖြန့်ဂိုဏ်းများနဲ့ တရားမဝင်လောင်းကစားလုပ်ငန်းများရဲ့ နိဗ္ဗာန်ဘုံဖြစ်လာတယ်။
အံ့အားသင့်စရာကောင်းတာက အွန်လိုင်းကတဆင့် သားကောင်တွေကို မြူဆွယ်လှည့်ဖျားပြီး ကျားဖြန့်ရာဇဝတ်လုပ်ငန်းထဲ သွပ်သွင်းခံရသူတွေထဲမှာ တရုတ်နိုင်ငံသားတွေသာမက တကမ္ဘာလုံးက၊ နိုင်ငံအများအပြားက လူပေါင်းစုံ ပါဝင်နေကြတာပါ။ တရုတ်-ထိုင်းရဲတွေ ပူးပေါင်းပြီး ကျားဖြန့်နှိမ်နင်းရေးပြုလုပ်တော့ ရွှေကုက္ကိုမှာ အဓမ္မထိန်းသိမ်းခံထားရပြီး ကျားဖြန့်ရာဇဝတ်လုပ်ငန်း လုပ်ကိုင်ပေးနေသူ နိုင်ငံခြားသားတွေ ထောင်သောင်းချီပြီး တွေ့ခဲ့ရတယ်။ ဒီနိုင်ငံခြားသားတွေ မြန်မာနိုင်ငံ၊ ရွှေကိုက္ကိုထဲ ဘယ်လို ရောက်လာကြသလဲ။ သူတို့ကို ဘယ်သူတွေက ဖြားယောင်းခေါ်ဆောင်လာသလဲ ဘယ်သူမှ မသိကြဘူး။
ပြီးခဲ့တဲ့နှစ်က မြဝတီ၊ ရွှေကုက္ကိုက တရားမဝင် လောင်းကစားလုပ်ငန်းနဲ့ အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်လှည့်ဖျားတဲ့ ကျားဖြန့်ဂိုဏ်းတွေကို တရုတ်နဲ့ ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပေမယ့် ရွှေကုက္ကိုဟာ ခုချိန်ထိ ခေါင်းထောင်နေဆဲပဲလို့ မကြာမီက အေအက်ဖ်ပီသတင်းတပုဒ်မှာ ဖော်ပြလာတာ တွေ့ရတယ်။
အေအက်ပီရဲ့ သတင်းထဲမှာ ဒရုန်းကတဆင့် ရိုက်ကူးထားတဲ့ ထိုင်း-မြန်မာနယ်စပ်က ရွှေကုက္ကိုမြို့သစ်ရဲ့ ခေတ်မီတိုက်တာအဆောက်အဦးတွေကို မြင်ကြရတယ်။ ဒီနေရာမှာ လုံခြုံရေးအထပ်ထပ်၊ သံဆူကြိုးအထပ်ထပ်ကာရံထားတဲ့ ကျားဖြန့်စင်တာ ခြံဝင်းတွေရှိနေပြီး သူတို့အဓိက အသုံးပြုကြတာက အီလွန်မတ်စ်ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကွန်ယက်လို့ သိရတယ်။ တရုတ်ရာဇဝတ်ဂိုဏ်းသားတွေက စတားလင့်ဂြိုလ်တုအင်တာနက်အသုံးပြုပြီး အွန်လိုင်းငွေကြေးလိမ်လည်မှု၊ ဝက်သတ်လုပ်ငန်း pig butchering လို့ ခေါ်တွင်တဲ့ အတုအယောင် ရင်းနှီးမြှုပ်နှံမှု အပါအဝင် တရားမဝင်လုပ်ငန်းမျိုးစုံကို ဒေသခံပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်နေခဲ့တယ်။
၂၀၂၃ ခုနှစ်က တရုတ်၊ထိုင်း၊မြန်မာ ပူးပေါင်းမှုနဲ့ ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်စဉ် အဓမ္မအလုပ်စေခိုင်းခံထားရသူ (၇၀၀၀၀)ကို လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ရွှေကုက္ကိုကို တရုတ်၊ ထိုင်း ရဲတပ်ဖွဲတွေ ဝင်ရောက်ပြီး စီးနင်းရှာဖွေမှုတွေပြုလုပ်ခဲ့ပေမယ့် ခုချိန်ထိ ရွှေကုက္ကိုက ခြံဝင်းကြီးတွေမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ၁၀၀၀၀၀ အထိ ရှိနေသေးတယ်လို့ ဆိုတယ်။
အေအက်ဖ်ပီရဲ့ သတင်းအရ ရွှေကုက္ကိုမြို့သစ် ခေါင်မိုးတွေပေါ်မှာ စတားလင့် ဂြိုလ်တုစလောင်း ၈၀ ကျော် တွေ့ခဲ့ရတယ်လို့ ဆိုတယ်။ စတားလင့်ဟာ မြန်မာနိုင်ငံမှာ တရားဝင်လိုင်စင်မရှိသေးတဲ့ အင်တာနက်ကွန်ယက်ဖြစ်ပြီး အမေရိကန်ကွန်ဂရက် စီးပွားရေးကော်မတီက ဒီကိစ္စနဲ့ပတ်သက်လို့ စတားလင့်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုတယ်။ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့အဆိုအရ အမေရိကန်နိုင်ငံသားများဟာ အရှေ့တောင်အာရှ အွန်လိုင်းငွေလိမ်ဂိုဏ်းများလက်ချက်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၁၀ ဘီလျံနစ်နာဆုံးရှုံးခဲ့ရတယ်လို့ ဆိုတယ်။
မနှစ်က ရွှေကုက္ကိုမှာ ကျားဖြန့်တွေကို နှိမ်နင်းမှုတွေရှိခဲ့ပေမယ့် ခုချိန်မှာ အဆောက်အဦးသစ်တွေ ရွှေကုက္ကို၊ ကေကေပတ်ခ်မှာ အရင်ကထက် တိုးပွားလာနေတယ်လို့ အေအက်ဖ်ပီက ဖော်ပြထားတယ်။ ထိုင်းနိုင်ငံရဲ့တဖက်ခြမ်း သောင်ရင်းမြစ်ကမ်းပေါ်မှာ ခန့်မှန်းခြေ ကျားဖြန့်စင်တာ(၂၇)ခုနဲ့ အဆောင်လို့ယူဆရတဲ့အဆောက်အဦးတွေကို ဂြိုလ်တုဓါတ်ပုံမှာတွေ့မြင်ရတယ်။ ကေကေပတ်ခ်ထဲ ဝင်တဲ့ လုံခြုံရေးတခါးပေါက်တွေကို ချဲ့ထွင်ထားပြီး လမ်းအသစ်တွေ၊ အဝိုင်းပတ်တွေ ထပ်ဖောက်ထားတယ်လို့ဆိုတယ်။ သောင်ရင်းမြစ်ကို ဖြတ်ပြီး ရွှေကုက္ကို နဲ့ ထိုင်းကို ကူးလူးဆက်သွယ်ဖို့ အနည်းဆုံး ဆိပ်ခံတံတား ငါးခုကိုလည်းတွေ့ရတယ်လို့ ဆိုတယ်။
တရုတ် ကျားဖြန့်ဂိုဏ်းတွေရဲ့ အဓိက ကျက်စားရာနေရာဟာ ကမ္ဘောဒီးယား နဲ့ မြန်မာနယ်စပ်တလျှောက်မှာပဲ ဖြစ်တယ်။ အွန်လိုင်းကတဆင့် သားကောင်တွေကို အလုပ်အကိုင်ကောင်း၊ လစာကောင်းရမယ်လို့ မြှူဆွယ်ပြီး နောက်ဆုံးမှာ အဓမ္မအလုပ်စေခိုင်းခံဘဝရောက်ကြပြီး နှိပ်စက်ညှဉ်းပန်းမှုကနေ အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်တွေ အများကြီးကြားထဲမှာပဲ နောက်ထပ် မြှူဆွယ်ဖျားယောင်း ခံရသူတွေလည်း ရှိနေသေးတယ်။
မကြာမီရက်ပိုင်းအတွင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတပုဒ်မှာ အသက်(၂၆)နှစ်အရွယ်ရှိ ဘီလာရုစ် မိုဒယ် အဆိုတော်အမျိုးသမီး ဗီရာ Kravtsova ဟာ ထိုင်းနိုင်ငံကို မိုဒယ်အလုပ် လုပ်ဖို့ ရောက်ရှိရာကနေ ပျောက်ဆုံးသွားပြီး မြန်မာနိုင်ငံက ကျားဖြန့်စင်တာတခုမှာ အသတ်ခံလိုက်ရတယ်လို့ သိရတယ်။ ဘီလာရုစ်ရုပ်သံမှာ the voice အဆိုတော်အဖြစ် ထင်ရှားခဲ့တဲ့ ဗီရာဟာ မြန်မာနိုင်ငံဘက်က ကျားဖြန့်ဂိုဏ်းတခုမှာ dating girl အဖြစ် အဓမ္မ စေခိုင်းခံရပြီး မိဘများနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ သူမကို ပြန်ပေးဆွဲဖမ်းဆီးခဲ့သူတွေက ဒေါ်လာ ၅၀၀၀၀၀ တောင်းဆိုခဲ့ပြီး နောက်ပိုင်းမှာ အသတ်ခံလိုက်ရကာ ကိုယ်တွင်းအင်္ဂါတွေ ရောင်းစားခံလိုက်ရတယ်လို့ ရုရှားအွန်လိုင်းသတင်းမီဒီယာတခုမှာ ရေးသားဖော်ပြထားတယ်။
ဘီလာရုစ် မိုဒယ် မြန်မာဘက်ခြမ်းက ကျားဖြန့်စင်တာမှာ အသတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာချိန်မှာပဲ ကမ္ဘောဒီးယားမှာလည်း တောင်ကိုးရီးယား ကောလိပ်ကျောင်းသားတဦး ကျားဖြန့်တွေရဲ့ ညှဉ်းပမ်းနှိပ်စက်မှုနဲ့ သေဆုံးသွားတဲ့ သတင်းတပုဒ် ထွက်ပေါ်လာတယ်။ သတင်းတွေအရ ကမ္ဘောဒီးယားနိုင်ငံထဲမှာ ကျားဖြန့်ဂိုဏ်းတွေရဲ့ လက်အောက်မှာ အလုပ်လုပ်နေကြတဲ့ တောင်ကိုးရီးယားနိုင်သား ၁၀၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ဆိုတယ်။ လတ်တလောမှာ ကျားဖြန်တွေနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားမှာ ဖမ်းဆီးခံထားရတဲ့ တောင်ကိုးရီးယားနိုင်ငံသား(၆၇)ယောက်ရှိတယ်လို့ ဆိုတယ်။ တောင်ကိုးရီးယားအစိုးရကတော့ သူ့နိုင်ငံသားတွေကို ကမ္ဘောဒီးယားနိုင်ငံက နေရာအချို့ကို မသွားဖို့ တားမြစ်ထားတယ်။
ခုလို အရှေ့တောင်အာရှမှာ ကျားဖြန့်တွေ ပြန်လည်ခေါင်းထောင်လာနေချိန်မှာပဲ အမေရိကန်အစိုးရက ကမ္ဘောဒီးယား ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ချန်ကျိ( Chen Zhi)ကို ကြီးမားတဲ့ ခရစ်ပ်တိုငွေကြေးလိမ်လည်မှု၊ အတင်းအဓမ္မအလုပ်စေခိုင်းမှုမှာ ပူးပေါင်းပါဝင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုတို့နဲ့ တရားစွဲဆိုလိုက်ပါတယ်။
ချန်ကျိဟာ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးလုပ်ငန်းစု Prince Holding Group ရဲ့ ဥက္ကဌဖြစ်ပြီး တရုတ်နိုင်ငံမှာမွေးဖွားတဲ့ တရုတ်နိုင်ငံသားတဦးဖြစ်တယ်။ အသက်(၃၈)နှစ်အရွယ်ရှိ ချန်ကျိဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ဖခင် ဟွန်ဆန်ရဲ့ အကြံပေးလည်း ဖြစ်တယ်။ ချန်ကျိကို အလုပ်သမားများအပေါ် အကြမ်းဖက်မှု၊ နိုင်ငံခြားသားအရာရှိများကို လာဘ်ပေးမှု၊ အခြားစီးပွားရေးလုပ်ငန်းခေါင်စဉ်နဲ့ လုပ်ကိုင်နေတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်း၊ ခရစ်ပ်တို ငွေကြေးတူးဖော်မှုလုပ်ငန်းက ရရှိတဲ့ငွေတွေကို ခဝါချမှုတို့နဲ့ ဘရွတ်ကလင်း ဗဟိုဥပဒေအကျိုးဆောင်တွေက တရားစွဲဆိုခဲ့တာဖြစ်တယ်။
” ချန်ဟာ တနေ့တခြားကြီးထွားလာနေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု အင်ပါယာရဲ့ နောက်ကွယ်က ဂိုဏ်းခေါင်းဆောင်ကြီးတဦးပါ” လို့ အမေရိကန်လက်ထောက်ဥပဒေအကျိုးဆောင်ဂျွန်အိုင်ဆင်ဘာ့ဂ်က ပြောဆိုခဲ့ပြီး ဥပဒေအကျိုးဆောင် ဂျိုးဆက် နိုဆယ်လာကတော့ ” သမိုင်းမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုထဲက တခုပါပဲ” လို့ ပြောသွားခဲ့တယ်။
အမေရိကန်ရှေ့နေများရဲ့အဆိုအရ ချန်ရဲ့ pig batchering scam က တနေ့ကို ဒေါ်လာ သန်း ၃၀ ရယူနိုင်ခဲ့တယ်လို့ ဆိုတယ်။ ချန်ဆီက သိမ်းဆည်းရမိခဲ့တဲ့ bitcoin ငွေကြေးပမာဏဟာ ဒေါ်လာ ၁၄ ဘီလျံကျော် ရှိတယ်လို့ သိရတယ်။
ခုချိန်ထိ ချန်က လွတ်မြောက်နေဆဲပဲဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ်(၄၀)အထိ ကျခံရနိုင်တယ်လို့ သိရတယ်။ တရားရုံးက ခွင့်ပြုရင် သိမ်းဆည်းထားတဲ့ ဘစ်ကွိုင် ၁၂၇၂၇၁ ကို အလိမ်ခံ သားကောင်တွေကို ပြန်ပေးမယ်လို့ ဆိုတယ်။ ဘစ်ကွိုင် တစ်ကွိုင်ရဲ့ လက်ရှိပေါက်ဈေးက ဒေါ်လာ ၁၁၃၀၀၀ ရှိပြီး အတက်အကျ အမြဲရှိနေတယ်။
ချန်အပေါ် တရားစွဲဆိုထားတဲ့အချက်တွေအရ Prince Holding Group ဟာ ကမ္ဘောနိုင်ငံအတွင်း အနည်းဆုံး ကျားဖြန့်ခြံဝင်း (၁၀)ခု တည်ဆောက်ထားပြီး နိုင်ငံအရပ်ရပ်က အလုပ်သမားများကို ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းမက်ဆေ့ ပလက်ဖောင်းတွေကတဆင့် သားကောင်ရှာဖွေဖို့ အတင်းအဓမ္မအလုပ်စေခိုင်းခဲ့တယ်လို့ သိရတယ်။
ပြီးခဲ့တဲ့နှစ်တွေက နှိမ်နင်းမှုတွေ ရှိနေပေမယ့် ” ကျားဖြန့်” လို့ ခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုဂိုဏ်းတွေဟာ ခုချိန်ထိ ခေါင်းထောင်နေဆဲပဲဖြစ်တယ်။ အထူးသဖြင့်တော့ အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေ၊ Scams center တွေဟာ မြန်မာ နဲ့ ကမ္ဘောဒီးယားနယ်စပ်တွေမှာ အခြေစိုက်ပြီး ဒေသခံပြည်သူ့စစ်တွေ၊ အာဏာပိုင်တွေနဲ့ ပူးပေါင်းလှုပ်ရှားနေကြတာ ဖြစ်တယ်။
#CWM ref: US charges Cambodia excutive in massive crypto scam, Nikkei Asia. Myanmar Scam cities Booming Despite crackdown- Using Musk’s Starlink.
#MeKongNews








