~ CWM~
ဒေါ်နယ်ထရမ့်က အဲယားဖို့စ် ဝမ်း လေယာဉ်ပေါ်မတက်ခင်မှာ “ဂါဇာစစ်ပွဲက ပြီးဆုံးသွားပါပြီ” လို့ သတင်းထောက်တွေကိုပြောလိုက်တယ်။
“ဒီတခါတော့ တကယ်ပြီးဆုံးပြီလို့ ထင်ပါတယ်။ လူတွေအားလုံး မောပန်းနေကြပီလေ။ ရာစုနှစ်တွေလည်း မနည်းတော့ပါဘူး” လို့ မေရီလန်း အင်ဒရူးစ် လေတပ်စခန်းကနေ မထွက်ခွါမီမှာ ပြောလိုက်တယ်။ တဆက်တည်းမှာ “ကျနော် ငြိမ်းချမ်းရေးအတွက် အများကြီး လုပ်နိုင်ခဲ့ပါပြီ” လို့လည်း ပြောသွားခဲ့တယ်။ ဂါဇာစစ်ပွဲသာ တကယ်ပြီးဆုံးသွားရင် ထရမ့်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးသွားတဲ့ စစ်ပွဲ(၈)ခု ရှိပြီဆိုတယ်။
“ကျနော် နိုဘယ်ဆုရဖို့ လုပ်နေတာမဟုတ်ပါဘူး။ လူ့အသက်တွေ သေဆုံးနေတာကို ရပ်တန့်ဖို့ လုပ်ဆောင်နေတာပါ” လို့လည်း ပြောသွားတယ်။
ဒီနေ့ဟာ အောက်တိုဘာ(၁၃)ရက်နေ့ဖြစ်ပြီး ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး အသက်ဝင်တာ သုံးရက်မြောက် ဖြစ်တယ်။ ဒေါ်နယ်ထရမ့်ဟာ မူလအစီအစဉ်အတိုင်း အစ္စရေးကို သွားမှာဖြစ်တယ်။ အစ္စရေးကတဆင့် အီဂျစ်မှာ နိုင်ငံ(၂၀)က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မှာဖြစ်တယ်။
ထရမ့်ရဲ့ Middle East Peace Plan (အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးစီမံချက်)က ဒီတခါ တကယ်အကောင်အထည်ပေါ်လာတော့မလား အားလုံးက စောင့်ကြည့်နေချိန်လည်းဖြစ်တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ(၉)ရက်က ထရမ့်ရဲ့ အဆိုပြုချက်နဲ့ ပထမဆင့် အပစ်အခတ်ရပ်စဲရေး နဲ့ ဓါးစားခံလွတ်မြောက်ရေး သဘောတူညီချက်ကို အစ္စရေး နဲ့ ဟားမတ်စ်ကိုယ်စားလှယ်တွေ သဘောတူခဲ့ကြတယ်။
ဒေါ်နယ်ထရမ့်အဆိုပြုတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်(၂၀)ရဲ့ ရှေ့ပြေးအဖြစ် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို နှစ်ဖက်အဖွဲ့တွေ စတင်အကောင်အထည်ဖော်ကြမှာ ဖြစ်တယ်။ ၂၀၂၃ အောက်တိုဘာ(၇)ကတည်းက ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓါးစားခံ (၂၅၁)ဦးအနက် နောက်ဆုံးလက်ကျန်(၄၈)ဦးကို လွှတ်ပေးရမယ်။ (၄၈)ဦးမှာ အသက်မသေဘဲ ကျန်နေသူက (၂၀)ဦးသာ ရှိပြီး ၂၆ ဦးက အသက်မရှိတော့ဘဲ ရုပ်အလောင်းဘဲ ပြန်ပေးမယ်ဆိုတယ်။ နှစ်ဦးကတော့ သေသလား ရှင်သလား မသိဘူးလို့ ဆိုတယ်။ အပြန်အလှန်သဘောအရ အစ္စရေးကလည်း ဖမ်းထားပြီး သေဒဏ်အပြစ်ပေးထားတဲ့ ပါလက်စတိုင်း (၂၅၀) နဲ့ အကျဉ်းသာ (၁၇၀၀) ကျော်ကို ပြန်လွှတ်ပေးရမယ်။ ဒီအစီအစဉ်ကို တနင်္လာနေ့ ည(၁၂)နာရီ မထိုးမီ အကောင်အထည်ဖော်ကြရမယ်။
အောက်တိုဘာ(၁၃) မနက်ခင်းဟာ စိတ်လှုပ်ရှားစရာကောင်းနေတယ်။ အစ္စရေးဘက်မှာ ပြန်လွတ်လာမယ့် ဓါးစားခံတွေကို ကြိုဆိုဖို့ တဲလ်အဗစ်က ဓါးစားခံရင်ပြင်မှာ လူတွေများကြီး စောင့်နေကြတယ်။ အစီအစဉ်အရ ဓါးစားခံတွေကို ပထမဦးဆုံး နိုင်ငံတကာကြက်ခြေနီ ကော်မတီ(ICRC)လက်ထဲ အပ်ရမယ်။ အဲဒီကတဆင့် အစ္စရေးအစိုးရကို လွှဲအပ်ရမယ်။ ခုလို ဟားမတ်စ်တွေဘက်က ဓါးစားခံတွေ ပြန်လွှတ်ပေးသလို အစ္စရေးစစ်တပ်ကလည်း သိမ်းပိုက်ထားတဲ့ ဂါဇာနယ်မြေထဲကနေ တစိပ်တပိုင်း ပြန်ဆုတ်ပေးရမယ်။ ပထမအဆင့်မှာ ထိန်းချုပ် နယ်မြေ ၅၁% ချန်ထားပြီး တဆင့်ချင်း နောက်ဆုတ်သွားဖို့ သဘောတူထားတယ်။
သမ္မတ ထရမ့်ကတော့ အစ္စရေးကို ရောက်လာပြီး လွတ်လာတဲ့ ဓါးစားခံတချို့နဲ့တွေ့မယ်။ အစ္စရေး ပါလီမန်မှာ စကားပြောမယ်။ ပြီးရင် အီဂျစ် ဆက်သွားပြီး အီဂျစ်မှာ နိုင်ငံ(၂၀)က ခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်။ အဓိက က ဂါဇာပြန်လည်ထူထောင်ရေး အစီအမံတွေပဲ ဖြစ်တယ်။
ထရမ့်အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်(၂၀)အရ ပထမဆင့် ဓါးစားခံလဲလှယ်ရေးပြီးဆုံးသွားရင် အစ္စရေးတပ်တွေက ထိန်းချုပ်ထားတဲ့ ဂါဇာနယ်မြေထဲကနေ တစိပ်တပိုင်း ပြန်နောက်ဆုတ်ပေးရမယ်။ အစ္စရေးတပ်ဆုတ်ခွါမှုကို အဆင့်သုံးဆင့်ထားပြီး လုပ်ဆောင်မယ်။ အပစ်အခတ်ရပ်စဲရေးကို တပ်ဖွဲ့ဝင်(၂၀၀)လောက်ပါဝင်တဲ့ နိုင်ငံစုံတပ်ဖွဲ့က စောင့်ကြည့်မယ်။ ဒီတပ်ဖွဲ့မှာ အီဂျစ်၊ ကာတာ၊ တူရကီ နဲ ယူအေအီးနိုင်ငံက စစ်သားတွေ ပါဝင်ပြီး အမေရိကန်စစ်တပ်က ကြီးကြပ်မှာဖြစ်တယ်။ အမေရိကန်စစ်သားတွေ ဂါဇာမှာ လုံးဝ အခြေချမှာမဟုတ်ဘူးလို့ ဆိုတယ်။ ပြီးရင် ဂါဇာအုပ်ချုပ်ရေးအဖွဲ့ကို ထူထောင်မယ်။ ဂါဇာကို စစ်မဲ့ဇုန်ထူထောင်ပြီး စစ်ရေးနဲ့ အကြမ်းဖက်လုပ်ဆောင်နိုင်တဲ့ ယန္တယားအာလုံးကို ဖျက်ဆီးသွားမယ်။ ဂါဇာကို ပါလက်စတိုင်းပညာရှင်တွေပါဝင်တဲ့ ယာယီအသွင်ကူးပြောင်းရေးကော်မတီ ဖွဲ့စည်းအုပ်ချုပ်မယ်။ ဒီအဖွဲ့ကို ထရမ့် နဲ့ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲပါဝင်တဲ့ “ငြိမ်းချမ်းရေး ဘုတ်အဖွဲ့” က ကြီးကြပ်မယ်။ အားလုံးအဆင်ပြေသွားရင် နောက်ဆုံးမှာ ဂါဇာကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ထံ ပြန်အပ်မယ်။ ဂါဇာရဲ့ အနာဂတ်အုပ်ချုပ်ရေးအဖွဲ့မှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ဟားမတ်စ် မပါရ။ ဟားမတ်စ်အဖွဲ့ဝင်တွေအနေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေမယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်။ မည်သည့် ပါလက်စတိုင်းနိုင်ငံသားတဦးတလေမှ အတင်းအဓမ္မ ဂါဇာက နှင်ထုတ်ခွင့်မရှိစေရ။
ထရမ့်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်က စာရွက်ပေါ်မှာ အဆင်ပြေပေမယ့် နှစ်ဖက် ညှိနှိုင်းလို့မရတဲ့ အဖုအထစ်တွေတော့ ရှိနေသေးတယ်။ ဟားမတ်စ်တွေက ပြီးခဲ့တဲ့အပတ်ကအထိ သူတို့ ဘယ်တော့မှ လက်နက်ချမှာမဟုတ်ဘူး။ ပါလက်စ်တိုင်းနိုင်ငံ ထူထောင်ခွင့်ရမှ လက်နက်စွန့်မယ်လို့ ဆိုနေတယ်။ အစ္စရေးဘက်ကလည်း ထရမ့်ရဲ့ အစီအစဉ်ကို လက်ခံတယ်ဆိုပေမယ့် ဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာအလွန်အုပ်ချုပ်ရေးမှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ပါဝင်မှုကို လိုလားဟန်မရှိဘူး။ နောက်ဆုံးတခုက အစ္စရေးတပ်တွေ ဘယ်အထိ နောက်ဆုတ်ပေးမလဲ။ တဆင့်ချင်း နောက်ဆုတ်သွားဖို့ ထရမ့်ရဲ့အစီအစဉ်အရ ပထမဆင့်မှာ ၄၀% ၊ ဒုတိယတဆင့်မှာ ၁၅% သတ်မှတ်ထားပေမယ့် ခုထိ ၅၁% ကို အစ္စရေးတပ်တွေ ထိန်းချုပ်ထားဆဲပဲ ဖြစ်တယ်။
အောက်တိုဘာ(၁၃)ရက်၊ ဟားမတ်စ် နဲ့ အစ္စရေးတို့ရဲ့ အကျဉ်းသားလဲလှယ်ရေးဟာ ဂါဇာစစ်ပွဲရဲ့ အဆုံးသတ်ဒရာမာလည်း ဖြစ်တယ်။
၂၀၂၃၊ အောက်တိုဘာလ(၇)ရက်က စတင်လိုက်တဲ့ ဂါဇာစစ်ပွဲဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ(၁၀)ရက်မှာ ပြီးဆုံးသွား(အမှန်တကယ်ပြီးဆုံးပြီလို့ မျှော်လင့်ရ)ပြီလို့ ဆိုရမယ်။ဒီစစ်ပွဲမှာ ဂါဇာနေ ပါလက်စတိုင်းပြည်သူ (၆၇၈၀၆) ဦး သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရတယ်။ သေဆုံးသူထက်ဝက်ဟာ အမျိုးသမီးနဲ့ ကလေးများ ပါဝင်ပြီး အရပ်သားအများစုဖြစ်တယ်။
ဂါဇာစစ်ပွဲဟာ နှစ် နှစ်တိတိ ကြာခဲ့တယ်။
ကမ္ဘာကြီးဟာ စစ်ပွဲကြီး တပွဲကို နှစ်နှစ်ကြာ စိတ်မချမ်းမြေ့ဖွယ်ရာ နဲ့ ထိုင်ကြည့်နေခဲ့ရတယ်။ လူတွေ သေကြတယ်။ တိုက်တာ အိုးအိမ် လူနေအိမ်ခြေတွေ ဖျက်ဆီးခံရတယ်။ နေရပ်စွန့်ခွါထွက်ပြေးကြရတယ်။ လူ (၂)သန်းဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတယ်။ လူလုပ်လက်နက်ကြောင့် သေဆုံးရတဲ့အဖြစ်၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးရတဲ့ဖြစ်အင် အနိဌာရုံဟာ ဂါဇာရဲ့ နေ့စဉ်ဘဝတွေ ဖြစ်ခဲ့တယ်။ စစ်ကို အနိုင်တိုက်ကြတယ်။ အမြစ်ပြတ်ချေမှုန်းကြတယ်။ သူသေကိုယ်သေ တိုက်ကြတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ(၇)ရက်မှာ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုဟာ ဂါဇာစစ်ပွဲရဲ့ အစလို့ ဆိုရင် ဒီတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အစ္စရေးပြည်သူ ၁၂၀၀ ကျော်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဓါးစားခံ (၂၅၁)ဦးတို့ရဲ့ ကံကြမ္မာနဲ့အတူ အစ္စရေးလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ဂါဇာပြည်သူ (၆၇၀၀၀)ကျော်နဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခံရပြီး အိုးအိမ်ပျက်စီး ပျောက်ဆုံးခဲ့ရတဲ့ ပါလက်စတိုင်းပြည်သူ နှစ်သန်းကျော်တို့ရဲ့ဘဝဟာ ထိုက်တန်ပါရဲ့လား။ စစ်ပွဲအားလုံးရဲ့ အဆုံးသတ်ဟာ အနိဌာရုံတွေပဲဖြစ်တယ်။
ဒေါ်နယ်ထရမ့်ကတော့ ” ဂါဇာစစ်ပွဲ တကယ်ပြီးဆုံးသွားပါပြီ” လို့ ဆိုလိုက်ပါပြီ။
စစ်ကြီး တကယ်ပြီးမပြီး ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် ” စစ်ပြီးဆုံးခြင်း” သတင်းစကားကတော့ လူသားအားလုံးကို ပျော်ရွှင်ဝမ်းမြောက်စေမယ့် မင်္ဂလာသတင်းစကားလို့ပဲ ဆိုပါရစေ။
#CWM ref: What we know about the Gazaceasefire agreement and hostage release and other news. BBCWorld.
#MekongNews








