~ လင်းမောင် ~
ခိုင်မာသော သတင်းရင်းမြစ်များအရ ထိုင်ဝမ်လက်နက်ကိုင်တပ်မှ တပ်သားများ အမေရိကန်နိုင်ငံအတွင်း စစ်ရေးမဟာဗျူဟာနှင့်နည်းစနစ်များ သင်တန်းတက်ရောက် သင်ကြားနေမှုအရ တရုတ်၏ ခြိမ်းခြောက်နေမှုအပေါ် ထိုင်ဝမ်ဘက်မှ အမေရိကန်သည် ပွင့်လင်းမြင်သာ၊ ပြတ်သားစွာ ရပ်တည်ကာကွယ်ပေးနေသည့် အချက်ပြမှုကို မြင်တွေ့နိုင်သည်။ ထိုင်ဝမ်၏ စစ်ရေးစွမ်းရည်များ မြှင့်တင်ပေးရန် အမေရိကန်၏ ကြိုးပမ်းမှုများသည် ပေကျင်းအစိုးရ အတွက်မူ စိတ်ရှုပ်စရာဖြစ်စေသည်။ ထိုင်ဝမ်လူမျိုးများအပေါ် စိတ်ပိုင်းဆိုင်ရာနှင့်သိမြင်နားလည်မှု ပိုင်းဆိုင်ရာ ခြယ်လှယ်ခြိမ်းခြောက်နေမှုများကို တရုတ်သည် စဉ်ဆက်မပြတ်လုပ်ဆောင်နေသော် လည်း အမေရိကန်၏ ပြောင်ပြောင်တင်းနင်း ထိုင်ဝမ်အပေါ် ထောက်ပံ့ပေးနေခြင်းများက ထိုင်ဝမ် ရေလက်ကြား၌ တရုတ်၏ ရန်လိုနေမှုများအား လျော့ကျသွားစေမည်ဖြစ်သည်။
ယခင်ကတည်းက အမေရိကန်နိုင်ငံအတွင်း ထိုင်ဝမ်စစ်သည်များ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ လုပ်ခဲ့သည့် သတင်းများအပေါ် အမေရိကန်အစိုးရက လျှို့ဝှက်ထားရှိသော်လည်း ယခုနှစ်အတွင်း မစ်ချီဂံပြည်နယ်အတွင်း Northern Strike စစ်ရေးလေ့ကျင့်မှု၌ ထိုင်ဝမ်စစ်သည် ၅၀၀ ကျော်ပါဝင် သည်ဟု လူသိရှင်ကြား အသိပေးသွားခဲ့သည်။ ဆက်လက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာမှ ကြီးမှူးထုတ်ဝေသည့် Star and Stripes သတင်းစဉ်တွင်ပါ ၂၀၂၁ ခုနှစ်ကတည်းက နှစ်စဉ် အမေရိကန် ၏ စစ်ရေးလေ့ကျင့်မှုများတွင် ထိုင်ဝမ်ပါဝင်နေကြဖြစ်သည်ဟုပါ ကြေညာခဲ့သည်။
ယခုနှစ်မေလအတွင်းက အမေရိကန်ရေတပ်ဗိုလ်ချုပ်ဟောင်း မာ့ခ်မောင့်ဂိုမာရီက အောက်လွှတ်တော် ရွေးချယ်ရေးကော်မတီထံ ထိုင်ဝမ်စစ်သားများသည် အမေရိကန်လက်နက်များကို ကိုက်စွဲကာ Strategic Competition အသွင်ဖြင့် လေ့ကျင့်ပေးမှုများအား တိုးမြှင့်လုပ်ဆောင်ပေးသွားမည်ဟု ပြောဆိုခဲ့သည်။ “ အင်အား ၅၀၀ လောက်ပေါ့။ ခုတော့ ၁၀၀၀ လောက်လိုတယ်။ သူတို့အတွက် အထောက်အပံ့ ဒေါ်လာဘီလီယံချီပေးမယ်ဆိုရင် အမေရိကန်ထုတ် လက်နက်ပစ္စည်းတွေကိုလည်း ဒေါ်လာ ဘီလီယံ ဆယ်ချီဖိုး ပေးရမှာပါ။ ဒါကြောင့်ပဲ သူတို့ကို ဒီမှာ စစ်သင်တန်းတွေပေးပြီး အလုပ် လုပ်နေရတာပါ” ဟု မောင့်ဂိုမာရီက ပြောဆိုခဲ့သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ကိုယ်တိုင်က ထိုင်ဝမ်တွင်ပင် အမေရိကန် စစ်သည်များ ရှိနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သေးသည်။ အမေရိကန်သည် ထိုင်ဝမ်အား လွတ်လပ် သည့် နိုင်ငံတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုပေးထားခြင်းမရှိသော်လည်း ပြင်ပမှ ခြိမ်းခြောက်မှု များအား ကာကွယ်ပေးမည်ဟု ခိုင်မာစွာ သန္နိဌာန်ချထားသည်။ အထူးသဖြင့် တရုတ်ရန်မှ အကာအကွယ်ပေးသွားရန်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း အမေရိကန် တပ်မတော်သည် ထိုင်ဝမ်အား ကာကွယ်ရေးပိုင်းချဉ်းကပ်မှု မူဝါဒဖြင့် စစ်ရေးလေ့ကျင့်ပေးမှုများ၊ လက်နက်များ ထောက်ပံ့ပေးခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး မိုက်ကယ်ချေ့စ်က အမေရိကန် သည် တရုတ်ရန်မှ ထိုင်ဝမ်ကာကွယ်မှု ပိုမိုတောင့်ခံနိုင်စေရန် အလိုရှိသည်ဟု ဆိုခဲ့သည်။ ထိုကြောင့် လေ့ကျင့်ထောက်ပံ့ပေးထားမှုများလုပ်ဆောင်ပေးနေရာတွင် လက်ရှိ၌ တရုတ်၏ ရန်လို ကျူးကျော် လာခြင်းကို ဆိုင်းငံ့အချိန်ဆွဲထားနိုင်ပြီဟု ပြောခဲ့သည်။ တန်ဖိုးနည်း၊ ရွေ့ပြောင်းနိုင်၊ ဖြန့်ဖြူးနိုင်၊ ခံနိုင်ရည်ရှိမှုနှင့် သေစေလောက်သည့် အင်အားအချိုးမညီသော စစ်ပွဲစွမ်းရည်များ ရရှိရန် ကြိုးပမ်းမှုတွင် ထိုင်ဝမ်စစ်တပ်အား ထောက်ပံ့ပေးထားနိုင်သည် ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။ “ လက်နက်ကိုင် ပဋိပက္ခအဆင့်မရောက်တဲ့ အောက်အဆင့်လောက်မှာ ထိုင်ဝမ်ဟာ ထိရောက်ပြီး မီးခိုးရောင်ဇုန်စစ်ရေးလှုပ်ရှားမှုတွေနဲ့ တားဆီးထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်” ဟုလည်း မိုက်ကယ်ချေ့စ်က ပြောဆိုခဲ့သည်။
ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အမေရိကန်မြေပေါ်တွင်ပင် ထိုင်ဝမ်စစ်သည်များကို နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ စစ်သင်တန်းပေးနေသည်ဆိုခြင်းက ပိုမို ပွင့်လင်းမြင်သာမှုရှိလာသလို ပုံမှန်အစီအစဉ်တစ်ရပ်အသွင်လည်း ဆောင်ခဲ့ပြီဟု တိုင်ပေအခြေစိုက် ပညာရှင် ထိုင်ဝမ်နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအသင်းမှ မက်စ်လို က သုံးသပ်ခဲ့သည်။” ဝါရှင်တန်ဟာ ထိုင်ဝမ်အရေးမှာ ပါဝင်ပတ်သက်နေမယ်ဆိုတာကို မကွယ်မဝှက်ဘဲ မြင်သာစေခဲ့တာပါ” ဆိုသည်။အမေရိကန်နှင့် ထိုင်ဝမ်တို့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုသည် တရုတ်၏ ကျူးကျော်မှုကို ဟန့် တားထားနိုင်ခြင်းနှင့် ထိုင်ဝမ်ပြည်သူများ၏ ယုံကြည့်မှုကိုလည်း မြင့်တက်လာစေသည်ဟု ၎င်းက ဆက်လက် သုံးသပ်ပြောဆိုသည်။
မျှော်လင့်ထားသည့်အတိုင်းပင် တရုတ်ဘက်မှ ယခုလို အမေရိကန်နှင့်ထိုင်ဝမ် ပွင်းလင်းမြင်သာစွာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်လာသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက အမေရိကန်နှင့်ထိုင်ဝမ်ကြား စစ်ဘက်ဆိုင်ရာ အရာရှိများ အပြန် အလှန်လဲလှယ်ပူးပေါင်းခြင်း၊ တရုတ်နိုင်ငံအတွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ စစ်ရေးအရ မည်သည့် ပူးပေါင်းပတ်သက်မှုကိုမဆို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချသတိပေးကာ ရန်စမှု၊ ပြဿနာကို မီးမွှေးမှုဟု ဝေဖန်ထုတ်ပြန်ခဲ့သည်။ တရုတ် စစ်တပ်မှ အကြီးအကဲ ဇန်ရှိုးဂန်က အမေရိကန်၏ ၎င်းတို့ အပေါ် ဆန့်ကျင်နေမှုသည် အနီးရောင်စည်းကို ကျော်သွားခဲ့ပြီဖြစ်ကာ စစ်သည်များကို ခေါ်ယူလေ့ကျင့် ပေးနေခြင်းသည် ဆိုးရွားသော မှားယွင်းအချက်ပြမှု၊ ထိုင်ဝမ်လွတ်လပ်မှုအပေါ် ထိပါးစေမှုဟု မကျေ မနပ် ထုတ်ပြန်ခဲ့ပြန်သည်။
ဝါရှင်တန်အခြေစိုက် ဘရွတ်ကင်းအင်စတီကျုမှ စီနီယာပညာရှင်အဖွဲ့ဝင် ရစ်ချက် စီ ဘုရှ်က ယခုလို ဖွင့်ချပြလာမှုသည် တရုတ်အတွက် ပြဿနာများစွာကို ဖြစ်တည်စေကာ ထိုင်ဝမ်အပေါ် ရန်လိုနေမှုများ လျော့ချနိုင်စေသလို ကျူးကျော်သိမ်းပိုက်လိုသော ရည်မှန်းချက်သည်လည်း စွန့်စားရာ ရောက်စေသည့် ရည်မှန်းချက်အဖြစ် ဝေဝါးသွားစေသည်ဟု သုံးသပ်ခဲ့သည်။ အမေရိကန်ဘက်မှလည်း ထိုင်ဝမ်ကို အချိုးကျသည့် ကာကွယ်မှုအစီအမံများ ရသွားခြင်းဖြင့် အားသာမှုရှိစေမည်ဟု ယုံကြည်နေသည်။ “အမေရိကန်ဟာ ထိုင်ဝမ်အပေါ် ထောက်ပံ့ပေးနေမှုတွေကို အရင်ကထက်ပိုပြီး လူသိရှင်ကြား ထုတ်ပြန်လာတယ်။ ရည်ရွယ်ချက်က ထိုင်ဝမ်အပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်အားလျော့စေဖို့ တရုတ်ရဲ့ ကြိုးပမ်းမှုတွေကို တန်ပြန်တာဖြစ်တယ်” ဟု ဘုရှ်က ဆိုသည်။
အမေရိကန်သည် ပြီးခဲ့သည့် နှစ်များအတွင်း ထိုင်ဝမ်၏ စစ်ရေးအခြေခံအဆောက်အအုံများကို စတင်အဆင့်မြှင့်တင်တိုးချဲ့ပေးနေသည်။ ထိုအရာကြောင့် ထိုင်ဝမ်ပြည်သူများ၏ ယုံကြည်ချက်များကို ပြန်လည်မြှင့်တင်ပေးနိုင်ခဲ့သည်။ “ တရုတ်ကွန်မြူနစ်တွေဟာ အချိန်တွေများစွာအကုန်ခံပြီး ဒီလိုခြိမ်း ခြောက်မှုတွေကို လုပ်ခဲ့ရပေမယ့် ခုတော့ ထိုင်ဝမ်က များစွာသောလူတွေဟာ သိပ်ဂရုစိုက်မနေကြ တော့ဘူး” ဟု ထိုင်ဝမ် Tiananmu မှ လင်ဟိုင်းဆန်က အခြေအနေအရွေ့တစ်ခုကို သုံးသပ်ပြခဲ့သည်။ အမေရိကန်၏ ထိုင်ဝမ်စစ်သားများအား ပြောင်ပြောင်တင်းတင်း လေ့ကျင့်သင်ကြားပေးလာမှုသည် ပေကျင်း၏ နိုင်ငံရေးနှင့် စစ်ရေးရှုမြင်သုံးသပ်မှုကိုပါ ဘာသာပြန်အခက်အခဲများ၊ ဝေဝါးမှုများ ဖြစ်စေ ပြီဖြစ်သည်။ ၁၀ ရက်ကြာ လက်တွေ့ ပစ်ခတ်လေ့ကျင့်သည့် Han Kuang စစ်ရေးပူးပေါင်းလေ့ကျင့်မှု တွင် အမေရိကန်မှ ထုတ်လုပ်ပေးအပ်ထားသည့် Abrams တင့်ကားများ၊ မြန်ဆန်စွာ ရွေ့လျားနိုင်စွမ်းရှိ လက်နက်ကြီးရော့ကက်စနစ်များကိုပါ ထိုင်ဝမ်စစ်သည်များ လက်တွေ အသုံးချ လေ့ကျင့်ခဲ့ကြသည်။
ဤအခြင်းအရာအားလုံးသည် စစ်ပွဲ၏ကုန်ကျစရိတ်များကို တိုးမြင့်စေမည်ဖြစ်သည်။ ကျူးကျော်မှုဆိုင်ရာ ကုန်ကျစရိတ်များသည် ကြိုတင်တွက်ဆထားသည့်တန်ဖိုးထက် ပိုလာမည်ကို တရုတ်ဘက်မှလည်း မမြင်လိုပေ။ အင်ဒို-ပစိဖိတ် ဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အယ်လီရက်တနာ က “တားဆီးတာဟာ အစစ်အမှန်ပါပဲ၊ ဟန့်တားမှုဟာ အားကောင်းနေပါတယ်၊ ကျွန်တော်တို့ ကြိုးစားနေတာက ပေကျင်းအစိုးရအတွက် ထိုင်ဝမ်အပေါ် ကျူးကျော်မှုဟာ ထင်သလောက်မလွယ်တဲ့ ပြဿနာတစ်ခုအဖြစ် ရှုမြင်စေချင်တာပါ။ ဒီနေ့က ဆုံးဖြတ်ချက်ချရမယ့် နေ့မဟုတ်သေးဘူးဆိုတာမျိုး ဖြစ်စေတယ်” ဟု ပြောသွားခဲ့သည်။
#MeKongNews








