~ လင်းမောင် ~
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ နယ်စွန်နယ်ဖျားဒေသများ၌ ဥပဒေမဲ့ ကျားဖြန်ငွေလိမ် ဂေဟစနစ်များစွာ ဖြစ်ထွန်းလာပြီး ဒုက္ခပေးမှုများ များစွာ ဖြစ်တည်လာသည်။ တရုတ်ကျောထောက် နောက်ခံ သို့မဟုတ် ပံ့ပိုးကူညီမှုပေးထားသည့် ကျားဖြန်လိမ်လည်ဂိုဏ်းများ အုံးအုံးထ ပေါက်ဖွားလာ မှုဟု စွပ်စွဲမှုများရှိနေပြီး ထို ဒုစရိုက်လုပ်ငန်းများသည် ဒေသဆိုင်ရာ လုံခြုံရေးကို ထိပါးစေရုံသာမက နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှု၊ အရှေ့တောင်အာရှတစ်လွှား စီးပွားရေးလုံခြုံမှုများကိုပါ ယိုယွင်းပျက် စီးစေတော့သည်။ ထိုအနေအထားက တရုတ်၏ ဒေသတွင်းရည်မှန်းချက်၊ တာဝန်ယူမှုများအတွက် အားချင်းမေးခွန်းထုတ်စရာများဖြစ်လာသည်။
ရာဇဝတ်ဂိုဏ်းများ ဖွဲ့စည်းခြင်း
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး နိုင်ငံရေးယိုယွင်သွားမှုက ကျားဖြန်စီးပွားရေး လည်ပတ်စီးဆင်းမှု များကိုပိုမိုချောမွေ့စေသည့် အခြေအနေများကို ဖန်တီးပေးသလိုဖြစ်ခဲ့သည်။ နယ်စပ်ဒေသများဖြစ် သော လောက်ကိုင်၊ ကိုးကန့်၊ မြ၀တီတို့တွင် သမိုင်းအစဉ်အဆက် စစ်ဘုရင်များ၊ တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားရာ တရုတ်နိုင်ငံသားများ တစ်နည်းအားဖြင့် တရုတ်-မြန်မာ ကျားဖြန် ကွန်ရက်များ၏ ဗဟိုချက်ဖြစ်လာသည်။ ထိုလုပ်ငန်းများလည်ပတ်ရန်အတွက် ဝန်ထမ်း လိမ်လည်စုဆောင်းခြင်း၊ အတင်းအကြပ် ခိုင်းစေခြင်း၊ များပြားလှသော ငွေများ လိမ်လည်နိုင်ရေး ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုကြသည်။ အရှေ့တောင်အာရှရှိ ပြန့်ကျဲနေသော ရွှေ့ပြောင်းလုပ်သား အသိုင်းအဝိုင်းများ၊ လူငယ်များ၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအထိ လိမ်လည် စုဆောင်းခံရသည့် ဓားစာခံများစာရင်းတွင် ပါဝင်ကြသည်။
တချို့သော လေ့လာဖော်ပြမှုများတွင် အဆိုပါကျားဖြန်လုပ်ငန်းများ၏ ဝင်ငွေသည် ဒေါ်လာ ဘီလီယံ ချီသည်ဟု ဆိုသည်။ ကျားဖြန်အဆောက်အအုံများအတွင်း ထောက်ခြောက်သဖွယ် ပိတ်မိနေသူများ လည်း ထောင်သောင်းချီ ရှိနေသည်။ ပိုမိုနက်ရှိုင်းသော ပြဿနာမှာ မြန်မာနိုင်ငံ ကျဆုံးနိုင်ငံဖြစ်နေ ခြင်းကြောင့်ပင် ထိုလုပ်ငန်းများ ဆက်လက်တည်ရှိနေနိုင်ခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် များ၊ စစ်ကောင်စီနှင့်ပတ်သက်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ ပြိုင်ဆိုင်မှုပြင်းလှသည့် နယ်စပ်ဇုန်များတွင် ထိုလက်နက်ကိုင်များကိုပင် ကျားဖြန်လုပ်ငန်းများမှ အကျိုးအမြတ် ပေးနိုင်သည်အထိ တာသွားနေသည်။
တရုတ်အစိုးရဘက်မှ ကျားဖြန်လုပ်ငန်းများ ၎င်းတို့ ကျောထောက်နောက်ခံနှင့် မြန်မာနိုင်ငံထဲ လည်ပတ်နေသည်ဆိုသော စွပ်စွဲမှုအား တွင်တွင်ငြင်းနေသော်လည်း ကျားဖြန်စီးပွားရေးလုပ်ကွက် များအတွင်း တရုတ်အစိုးရကိုယ်တိုင်၏ ခြေရာလက်ရာများ ပါဝင်နေသည်ဆိုခြင်းကို မျက်ကွယ်ပြု မရနိုင်ပေ။ အော်ပရေတာများ၊ ငွေကြေး မတည်ထောက်ပံ့သူများ၊ ထောက်ပို့စည်ရုံးမှုများစွာသည် တရုတ်ပြည်မကြီးအတွင်းမှ စီးပွားရေးဂေဟစနစ်များနှင့် ချိတ်ဆက် ပတ်သက်နေသည်။ စာရေးသား ပေးပို့သည့် messaging platforms များ၊ ငွေပေးချေမှု စနစ်များ၊ စောင့်ကြည့်ရေး ကိရိယာများသည် မူလ တရုတ် အပလီကေးရှင်းများအပေါ် မှီခိုအားထား လုပ်ဆောင်နေသည်ကလည်း ငြင်းမရသည့် အချက်ပင်ဖြစ်သည်။
ပေကျင်းအစိုးရသည် တရုတ်နိုင်ငံသားများအပေါ် ပြန်လည် ပစ်မှတ်ထား လိမ်လည်နေမှုများသော ကြောင့် ပြည်သူများဘက်မှ ဖိအားပေးမှုများအရ အဆိုပါကျားဖြန်လုပ်ငန်းများကို နှိမ်နင်းပြသည့် အကြိမ်များလည်း ရှိသည်။ သို့သော် ပိုမိုစိုးရိမ်စရာ ကောင်းသည်က ကျားဖြန်ဂေဟစနစ်ကပင် တရုတ် အစိုးရအတွက် ဘဏ္ဍာရေးပိုင်းနှင့် နိုင်ငံရေးပိုင်တွင် အကျိုးအမြတ်များစွာ ရှိနေစေသည်။
စီးပွားရေးမလုံခြုံခြင်းနှင့် မဟာဗျူဟာ ဖိအားပေးခြင်း
စည်းကမ်းမဲ့ ဒစ်ဂျစ်တယ်စနစ်များနှင့် လုံခြုံရေး အခင်းအကျင်းများကိုကြည့်လျှင် သွယ်ဝိုက်နေသော် လည်း ရှင်းလင်းစွာမြင်နေရသည်။ တရုတ်သည် ပြဿနာဖြစ်တည်စေမှုကိုရော ပြဿနာဖြေရှင်းနိုင် ဖွယ်ရှိမှုနှစ်မျိုးစလုံး၏ သော့ချက်များကို ကိုင်ထားသည်။ ထိုသို့ မီးစတစ်ဖက် ရေမုတ်တစ်ဖက် ပြဿနာကိုဖန်တီး၊ ထိုးပြဿနာကို ပြန်လည်ဖြေရှင်းပြနေမှုမှာ တောင်တရုတ်ပင်လယ် အငြင်းပွားမှု ကဲ့သို့သော မီးခိုးရောင်ဇုန်များကို ကိုယ်တိုင်ဖန်တီးတိုးချဲ့နေသည်မှာ မှန်သားပြင်ထဲ မြင်ရသလို ဖြစ်နေသည်။
ကျားဖြန်ကွန်ရက်များသည် ဒေသတွင်းဆုံးရှုံးနစ်နာမှုများကို ဖြစ်စေသည်သာမက ထိုင်း၊ လာအို၊ မလေးရှားစသည့် နိုင်ငံများသို့ နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများ ပျံ့နှံ့ရောက်ရှိစေသည်။ တရားဥပဒေ မစိုးမိုးနိုင်သည့် ဒေသများနှင့် နိုင်ငံအာဏာပိုင်များ၏ ရှုပ်ထွေးသော အခြေအနေများကြားတွင် ကျားဖြန်လုပ်ငန်းများက ဆိုးသထက်ဆိုးလာသည်။ ဒစ်ဂျစ်တယ်လိမ်လည်မှုဒဏ်များကြောင့် စီးပွားရေး ဆုံးရှုံးမှုများကလည်း တောင်လိုပုံလာသည်။ နိုင်ငံတော်အဖွဲ့အစည်းများအပေါ် ပြည်သူလူထု က မယုံကြည်မှုများလည်း မြင့်မားလာသည်။ တချို့သော နေရာဒေသများတွင် ဒေသဆိုင်ရာလူထုသည် ဒစ်ဂျစ်တယ် အခွင့်အလမ်းကောင်းကွက်များအား မမြင်တော့ဘဲ ထိုစနစ်သည် တိုင်းပြည်နှင့်နိုင်ငံတကာ စံနှုန်းများကို အကာအကွယ်မပေးနိုင်သော အားနည်းချက်များ တည်ရှိရာ စနစ်အဖြစ် မြင်လာကြသည်။ပထဝီနိုင်ငံရေးတင်းမာမှုများမှ စီးပွားရေးမတည်ငြိမ်မှုများစွာဖြစ်ပေါ်လာစေရန် ကျားဖြန်လိမ်လည်မှု လုပ်ငန်းများက တွန်းပို့သည်။ သက်ဆိုင်ရာအစိုးရအပေါ် ယုံကြည်မှု အပိုင်းပိုင်းပျက်ယွင်လာခြင်းမှ သည် ပြည်ပအားကိုးရသည့် ယန္တရားများ ပေါ်ထွက်လာသည်။ အထူးသဖြင့် နွားကွဲ ကျားဆွဲဆိုသလို ဖြစ်လာသောကြောင့် ပြည်ပအားကိုးရာတွင် အများစုမှာ တရုတ်အစိုးရအပေါ်သာ မှီခိုလာရတော့သည်။
ရာဇဝတ်မှုများမှသည် ပထဝီနိုင်ငံရေးကူးစက်မှု
တရုတ်ဦးဆောင်သော မြန်မာနိုင်ငံအတွင်းမှ ကျားဖြန်ကွန်ရက်များသည် ရာဇဝတ်မှု သက်သက်မဟုတ် ပေ။ ကျားဖြန်ကွန်ရက်သည် ဗျူဟာမြောက် လျစ်လျူရှုမှု၊ နိုင်ငံတော် ပြိုကွဲမှုနှင့် အရှေ့တောင်အာရှ၏ စီးပွားရေးနှင့် နိုင်ငံရေး လုံခြုံမှုအပေါ် တိုက်ရိုက်စိန်ခေါ်သည့် သြဇာလွှမ်းမိုးမှု ကွန်ရက်များ ပေါင်းစည်းခြင်းကို ကိုယ်စားပြုသည်။ မြန်မာကျားဖြန်စီးပွားရေးသည် အစိုးရမပါသော၊ ရာဇဝတ်ဂိုဏ်း များ၊ မီးခိုးရောင်ဇုန်များအဖြစ် အင်အားနှင့်ဩဇာ ကြီးထွားကာ အစိုးရများအကြား ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုပင် ပိုမိုအားနည်းစေရန် လုပ်ဆောင်သည့် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှု အလွှာသစ် ဖြစ်လာခြင်းသာလျှင် ဖြစ်သည်။ ပါဝါအားပြိုင်မှု၏ ဘာသာစကားသည် သံတမန်ရေးအရ ဟန်ချက်ညီမှု သို့မဟုတ် စစ်ရေးတည်ဆောက်မှုများအပေါ် မူတည်သည်။ ကျားဖြန်လုပ်ငန်းများက ထိုသို့ အားပြိုင်လာနိုင်သည့် ကောင်းခြင်းများ မဖြစ်တည်စေရေး တိတ်ဆိတ်စွာဖြင့် အစွမ်းပြ ဖြိုလှဲ နေခြင်းသာဖြစ်သည်။
ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါက စံနှုန်းသစ်တစ်ခုအနေဖြင့် ဖရဲပြိုလဲမှုများကိုသာ ဖြစ်တည်စေ မည်ဖြစ်သည်။ ရာဇဝတ်မှုများသည် သံတမန်ရေးရာ မောင်းနှင်တံ ဂီယာအဖြစ်ပင် အရိပ်ကွန်ရက်များလွှမ်းမိုးကာ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းများကို ဖယ်ရှားကာ ဖျက်ဆီးလိုက်မည်သာဖြစ်သည်။
ယင်းကို တန်ပြန်ရန် ဒေသဆိုင်ရာ သမားရိုးကျ ရဲမှုရေးရာ ကြပ်မတ်ခြင်းအဆင့်ကိုကျော်လွန်၍ ရွေ့လျားရမည်ဖြစ်သည်။ စီးပွားရေး မလုံခြုံမှုများ၊ ဗျူဟာမြောက် ပြိုင်ဆိုင်မှုနှင့် ဆက်စပ်နေသည့် ချိတ်ဆက်များကိုပါ ထဲထဲဝင်ဝင် ဝင်ရောက်မွှေနှောက် တိုက်ဖျက်ရမည်ဖြစ်သည်။ အဆိုပါ တန်ပြန် မဟာဗျူဟာကို အစိုးရ သို့မဟုတ် ပြည်နယ်များအပေါ် အုပ်စိုးထားသူများအပေါ်တွင်ပါ တာဝန်ခံခိုင်းရမည်ဖြစ်သည်။ နှုတ်ဆိတ်ကာ အဆိုပါကွန်ရက်များကို ဆက်လက်တည်တံ့စေရန် လမ်း ဖွင့်ပေးထားသူများကိုပါ အရေးယူနိုင်ရမည်ဖြစ်သည်။
#MeKongNews








