~ လင်းမောင် ~
မကြာသေးမီက အိန္ဒိယနှင့် တိုက်ပွဲများဖြစ်ပွားခဲ့မှုတွင် ပါကစ္စတန်စစ်တပ်သည် အိန္ဒိယမှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ကြားဖြတ်ပစ်ချခြင်း၊ တန်ပြန်တိုက်ခိုက်ခြင်းများတွင် ပစ်မှတ်ချိန်သား မကိုက်မှုများကြောင့် ကျရှုံးနစ်နာခဲ့ရသည်။ နှစ်နိုင်ငံဆက်ဆံရေးအရရော တန်ဖိုးသက်သာမှုအရပါ ပါကစ္စတန်သည် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် တရုတ်ထုတ် စစ်ရေးအသုံးအဆောင် လက်နက်များကိုသာ ဝယ်ယူခဲ့ရသည်။ တရုတ်ထုတ် စစ်လက်နက် အသုံးအဆောင်များကြောင့် ဒုက္ခများခဲ့ရသော နိုင်ငံများထဲတွင် ပါကစ္စတန်သာမက အာရှနိုင်ငံများ၊ အာဖရိက နိုင်ငံများ အများအပြား ပါဝင်သည်။ ဝယ်ယူခဲ့သော ပစ္စည်းတိုင်းတွင် အရည်အသွေး မပြည့်၀မှု၊ အားနည်းချက်၊ ချို့ယွင်းချက်များရှိနေခြင်းကြောင့် အဆိုပါနိုင်ငံများအားလုံး ထိခိုက်နစ်နာမှုများကာ မေးခွန်းထုတ်မှုများလည်း ကျယ်လောင်လာသည်။
ဘင်္ဂလားဒေ့ရှ် ကြည်း၊ ရေ၊ လေ တပ်အားလုံးသည်လည်း နှစ်ရှည်လများ တရုတ်ထုတ် စစ်လက်နက်ပစ္စည်းများစွာကို ဝယ်ယူအားဖြည့်ထားသော စစ်တပ်ဖြစ်သည်။ အမျိုးမျိုးသော တရုတ်စစ်လက်နက် အသုံးအဆောင်များတွင် အဆင့်မြှင့်တင်နိုင်စွမ်းမရှိသည့် ချို့ယွင်ချက်များ ရှိနေပြန်သည်။ တရုတ်ထုတ် K-8W လေယာဉ်မှ လက်နက်များတပ်ဆင်ပစ်ခတ်မှု စနစ်များသည်လည်း မည်သို့မျှ စစ်ဆင်ရေးတွင် အသုံးမပြုနိုင်ဖြစ်နေသည်။ နောက်ထပ် တရုတ်ထုတ် MBT2000 တင့်ကား အစီး ၄၀ သည်လည်း ရောင်းချပြီး သဘောတူထားသည့် ပြင်ထိန်းဝန်ဆောင်မှုများ မလုပ်ပေးနိုင်သဖြင့် ဒါကာ အစိုးရအတွက် ခေါင်းခြောက်စရာဖြစ်နေသည်။ တရုတ်မှ ဝယ်ထားသည့် BNS Abu Ubaidah နှင့် BNS Umar Farooq အမည်ရ တိုက်သင်္ဘော ၂ စီးသည်လည်း ယခုအထိ နည်းစနစ်ပိုင်း အခက်အခဲများကြောင့် ဆိပ်ကမ်း တွင်သာ ကပ်ထားရဆဲ ဖြစ်သည်။
အိမ်နီးချင်း မြန်မာ စစ်ကောင်စီသည်လည်း အဆင့်မြင့် စစ်ရေးပစ္စည်းများ ဝယ်ယူရန် မတတ်နိုင်ခြင်းကြောင့် တရုတ်ထုတ် စစ်လက်နက်ပစ္စည်းများကိုသာ တွင်တွင် ဝယ်သုံးနေရသည်။ တရုတ်မှ ဝယ်ထားသည်မှာ နှစ်အနည်းငယ်သာရှိသေးသော JF-17 တိုက်လေယာဉ် အများစုသည် မြေပြင်တွင်သာ ရပ်နားထားရပြီး စစ်ဆင်ရေးများတွင်း တိကျမှု မရှိခြင်း၊ နည်းစနစ်ချို့ယွင်းချက် များစွာရှိနေခြင်းကြောင့် တစ်ကြိမ်မျှ အသုံးမပြုနိုင်သေးပေ။ ၂၀၂၄ ခုနှစ်က စစ်ကောင်စီပိုင် MRTV ရုပ်သံသတင်းတွင် တရုတ်ဖိုက်တာဂျက်လေယာဉ် တစ်စီး နည်းစနစ်အမှားကြောင့် ပျက်ကျခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။ မြန်မာစစ်ကောင်စီလက်ထဲ တရုတ် ဖိုက်တာဂျက် လေယာဉ်များ လေကြောင်းဆိုင်ရာ ပြဿနာများရှိနေခဲ့သည်မှာ ထိုတစ်ခုတည်းမဟုတ်ပေ။ ၂၀၁၈ ခုနှစ်က တရုတ်ထုတ် Shaanxi Y8 ခေါ် F-7 ဖိုက်တာဂျက်လေယာဉ်တစ်စီး လယ်ကွင်းထဲ ပျက်ကျသဖြင့် မြန်မာစစ်သားများ ဒါဇင်ချီ သေဆုံးခဲ့ရသေးသည်။ မြန်မာမီဒီယာ The Irrawaddy ထုတ်ပြန်ခဲ့မှုတွင်လည်း မြန်မာစစ်ကောင်စီသည် တရုတ်ထံမှ လေယာဉ်များစွာကို ငွေကြေးများစွာ သုံးစွဲဝယ်ယူခဲ့သော်လည်း လေယာဉ်အားလုံးနီးပါးသည် ချို့ယွင်းချက်များစွာကြောင့် အသုံးမပြုနိုင်ဟု ဖော်ပြခဲ့သေးသည်။
အာရှနိုင်ငံများတွင်သာမက နိုင်ဂျီးရီးယား၊ ကင်ညာ အစရှိသော အာဖရိက နိုင်ငံများသည်လည်း တရုတ်ထုတ် စစ်လက်နက် အသုံးအဆောင်များကို အားထား ဝယ်ယူခဲ့မှုများရှိသလို နည်းပညာချို့ယွင်းချက် များစွာရှိနေသဖြင့် ဆုံးရှုံးနစ်နာမှုများစွာ ကြုံနေခဲ့ရသည်။
နိုင်ဂျီးရီးယားလေတပ်သည် တရုတ် Chengdu Aircraft Corporation ကုမ္ပဏီမှ F-7Ni လေယာဉ် ၁၂ စီးဝယ်ယူခဲ့သည်။ ပြင်ထိန်းပိုင်း ပြဿနာများကြောင့် ဝယ်ခဲ့သည့်လေယာဉ်များထဲမှ ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံဆီ ပြန်လည်ပို့ဆောင် ပေးထားရသည်။ လေယာဉ် စနစ်ချို့ယွင်းမှုများထဲတွင် လေယာဉ်တက်ရာ၌ အခက်အခဲ ချို့ယွင်းချက် များရှိနေခြင်းက အဓိက ပြဿနာဟု ဆိုသည်။ ဝယ်ယူပြီးနောက်ပိုင်း တရုတ် F-7 တိုက်လေယာဉ်များ ထိခိုက်ပျက်စီးမှု များစွာ ဖြစ်ခဲ့သည်။ မတော်တဆမှုအမျိုးမျိုးကြောင့် ဝယ်ထားသည့် ၆ စီးအနက် ၅ စီး မှာ ထိခိုက်ပျက်စီးခဲ့ပြီးဖြစ်သည်ဟု စစ်ရေးအတိုင်ပင်ခံ အဖွဲ့ Military Africa မှ ထုတ်ပြန်ခဲ့သည်။၂၀၁၈ ခုနှစ်က ဘိုကိုဟာရမ် သူပုန်အဖွဲ့နှင့် အပြင်းအထန်ဖြစ်ပွားသော စစ်ပွဲတွင် ညဘက်များ၌ အစိုးရတပ်များကို ကူညီရန် F-7 တိုက်လေယာဉ်များသည် မပျံသန်းနိုင်သည့် ပြဿနာကြောင့် သေဆုံးမှု များခဲ့သည်။ တရုတ် ဂျက်လေယာဉ်များအားလုံးတွင် စစ်ဆင်ရေး ထိရောက်နိုင်စွမ်း၊ ချောမွေ့စွာ မောင်းနှင့်ပျံသန်းနိုင်စွမ်း၊ ပြင်ထိန်းစနစ်အားနည်းချက်များစွာ ရှိနေသည်မှာ ငြင်းမရနိုင်ပေ။ အခြား အနောက်နိုင်ငံထုတ် အဆင့်မြင့်လက်နက်စနစ်များနှင့်ယှဉ်လျှင်လည်း တရုတ်ထုတ်များက အော်ပရေး ရှင်းစားရိတ်နှင့် ပြင်ထိန်းစားရိတ် လွန်စွာ မြင့်မားလွန်းသည်။
ကင်ညာ စစ်သားများစွာသည်လည်း တိုက်ပွဲများတွင် တရုတ်ထုတ် စစ်သည်တင်ဆောင် (APC) NORINCO VN-4 သံချပ်ကာကားများ အဆင့်မမီသဖြင့် သေဆုံးခဲ့ကြရသည်။ အဆိုပါ သံချပ်ကာ ကားများသည် တီထွင်ဖန်တီးထားသော ဖောက်ခွဲရေးပစ္စည်း (IED) များ၊ မြေမြှုပ်မိုင်းများ၊ RPG များ ဒဏ်ကို မကာကွယ်နိုင်ပေ။ ထို့ကြောင့် အဆိုပါ သံချက်ကာကားနှင့် လိုက်ပါသော ကင်ညာ စစ်သား ၃၀ ကျော် သေဆုံးခဲ့ရသည်။ ထူးခြားသည်မှာ တရုတ် APC သံချပ်ကာ ကားများ( NORINCO VN-4) နှင့် တီထွင်သူများ လိုက်ပါရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ ကင်ညာတာဝန်ရှိသူများသည်လည်း အဆိုပါ သံချပ်ကာကားများကို ဆက်သုံးရန်ကြောက်ရွံ့ကုန်တော့သည်။
ကင်ညာစစ်သားများ မကြာခဏဆိုသလို အဆိုပါ APC သံချပ်ကာကားများကြောင့် သေဆုံးနေရခြင်း အပေါ် အမေရိကန် မရိမ်းတပ် အရာရှိဟောင်း လုံခြုံရေး အတိုင်ပင်ခံ Andrew Franklin က ယခုလို သုံးသပ်ပြောဆိုသည်။ ကင်ညာ စစ်တပ်ထံ တရုတ်မှ ရောင်းချလိုက်သည့် သံချပ်ကာကားများသည် စစ်ပွဲသုံးမဟုတ်ဘဲ မြို့ပြ ဆန္ဒပြပွဲ များကို နှိမ်နင်းရာတွင်သာ သုံးသည့် အမျိုးအစားများဖြစ်သည်ဟု သုံးသပ် ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံသည်လည်း တရုတ်၏ စစ်ရေးလက်နက်အသုံးအဆောင်များကြောင့် ဒုက္ခတွေ့ရသည့် နိုင်ငံ ထဲတွင်ပါဝင်သည်။ အမေရိကန်ဒေါ်လာ ၁ . ၁ ဘီလီယံ တန်ဖိုးရှိ တရုတ်ရေငုပ်သင်္ဘောများ ဝယ်ယူရန် သဘောတူစာချုပ်ခဲ့သော်လည်း တရုတ်ထုတ် MWM 620 အင်ဂျင်အရည်အသွေးမှာ နိမ့်ပါးဆိုးရွားလွန်းသဖြင့် ဂျာမနီ ထုတ် MTU 396 အင်ဂျင်ထည့်သွင်း တည်ဆောက်ရန် စီစဉ်ခဲ့သည်။ သို့သော် ဂျာမနီဘက်က နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် တရုတ်ထုတ် ရေငုပ်သင်္ဘောအတွက် အင်ဂျင်မရောင်းနိုင်ဟု တုံ့ပြန်သဖြင့် စာချုပ်ဖျက်သိမ်းရမလို၊ ၇၀ ရာခိုင်နှုန်း ပေးချေပြီးသား ငွေကြေးများ အဆုံးခံရမလို ဖြစ်နေသည်။
နီပေါသည်လည်း တရုတ်ထံမှ ဝယ်ယူခဲ့သော လေယာဉ်တစ်စီးတွင် starter မပါသည်ကို နောက်ကျမှသိရသဖြင့် အရှက်ရကာ ပြန်လည်ရောင်းချလိုသည့် အနေအထား ရောက်နေရသည်။
နီပေါလေကြောင်းလိုင်းမှ တရုတ်လေယာဉ်များ ဝယ်ပေးသည့် နီပေါအစိုးရထံ မကျေနပ်မှုများဖြင့် စောဒကတက်မှုများလည်း ပြုလုပ်ခဲ့သည်။ အော်ပရေးရှင်းနှင့် ပြင်ထိန်းစနစ်တွင် အရှုံးများစွာ ပေါ်စေ သော တရုတ်လေယာဉ်များကို လုံး၀ ဆက်မသုံးသင့်ကြောင်း အဆိုပြုခဲ့သည်ဟု နီပေါလေကြောင်းလိုင်း အမှုဆောင် ဥက္ကဌ Madan Kharel က ထုတ်ဖော်ပြောဆိုသွားသည်။ နီပေါ စစ်တပ်သည် လေယာဉ်ဝယ်ယူမှုတွင်သာမက တရုတ်ထံမှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများဝယ်ယူမှု တွင်လည်း အရည်အသွေး ညံ့ဖျင်းလွန်းသောကြောင့် နိုင်ငံအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသေးသည်။
#MeKongNews








