~ CWM ~
(၁)
အံ့အားသင့်စရာ မဟုတ်ပေမယ့် အံ့အားသင့်စရာ သတင်းထူးတွေ ဒီရက်ထဲ ကြားရတယ်။
စစ်ပွဲကြီးတပွဲ ဖြစ်လာတော့မယ်ထင်ရတဲ့ အိန္ဒိယ နဲ့ ပါကစ္စတန်တို့ရဲ့ လေကြောင်းစမ်းသပ်စစ်ပွဲဟာ လေးရက်အကြာမှာ နှစ်ဖက် အပစ်အခတ်ရပ်စဲပြီဖြစ်ကြောင်း ကြေညာလိုက်ကြတယ်။ ကြားထဲ က ဝင်ညှိပေးလိုက်သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပါ။ (စောစောပိုင်းတုန်းက သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အိန္ဒိယ နဲ့ ပါကစ္စတန် စစ်ဖြစ်ကြတာ အမေရိကန်နဲ့ မဆိုင်ဘူး။ အမေရိကန်ကိစ္စလည်း မဟုတ်ဘူးလို့ ပြောခဲ့တယ်။)
ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ – “အမေရိကန်ပြည်ထောင်စုက တညတာလုံး စေ့စပ်ညှိနှိုင်းပေးခဲ့ပြီးတဲ့နောက် အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ အပြည့်အဝနဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲရေး သဘောတူညီကြပြီဖြစ်ကြောင်း ဝမ်းမြောက်စွာနဲ့ ကျွန်တော် ကြေညာအပ်ပါတယ်။ ကြီးမားတဲ့ ဉာဏ်ပညာနဲ့ တူညီတဲ့ အမြင်သဘောထားရှိတဲ့ နှစ်နိုင်ငံစလုံးကို ဂုဏ်ပြုကျေးဇူးတင်ပါတယ်” လို့ မေလ(၁၀)ရက်နေ့က ဖော်ပြခဲ့ပါတယ်။
မေလ(၆)ရက်မှာ စတင်ခဲ့ပြီး မေလ(၁၀)ရက်မှာ တစ်ဖက်နဲ့ တဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ သဘောတူလိုက်ကြတဲ့အတွက် ဒီသတင်းဟာ သက်ပြင်းချရတဲ့သတင်းပါ။ ပါကစ္စတန်က အိန္ဒိယ တိုက်လေယာဉ် (၅)စင်းကို ပစ်ချနိုင်ခဲ့ပြီး အိန္ဒိယက ပါကစ္စတန်ထဲက အကြမ်းဖက်ပစ်မှတ်တွေကို ဒုံးကျည်များနဲ့ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီးနောက် စစ်မီးတောက်လာတော့မယ့်အရေး စိုးရိမ်စရာတွေ ပြေပျောက်သွားခဲ့တယ်လို့ ဆိုရမယ်။ လေးရက်ကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြတာတောင်မှ လူပေါင်း(၇၀)ကျော် သေဆုံးခဲ့ရတယ်ဆိုရင် စစ်သာ တာရှည်သွားရင် ဆုံးရှုံးလိုက်မယ့် အသက်တွေ၊ နေအိမ်အဆောက်အဦးတွေ၊ ယန္တယားတွေ ဘယ်လောက်များလိုက်မလဲ။
စောစောစီးစီး အပစ်ရပ်ဖို့ သဘောတူလိုက်ကြတဲ့ ခေါင်းဆောင်တွေ ဉာဏ်ရှိတယ်လို့ ဆိုရမယ်။
(၂)
အံ့အားသင့်စရာလို့ ဆိုရမလား။ ၂၀၂၂ ခုနှစ် ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ချိန်က စလို့ တွေ့ဆုံဆွေးနွေးရေးအကြောင်း တခါမှ မပြောဖူးတဲ့ ရုရှားသမ္မတ ပူတင်က ယူကရိန်းသမ္မတ ဇီလန်းစကီးနဲ့ တွေ့ဆုံစကားပြောမယ်လို့ ပြီးခဲ့တဲ့ စနေနေ့က ထုတ်ဖော်ပြောကြားလိုက်တယ်။ ယူကရိန်းစစ်ပွဲဟာ သုံးနှစ်ကျော်ကြာလာခဲ့ပြီဖြစ်သလို ဒီစစ်ပွဲမှာ သေဆုံးရတဲ့ ရုရှားစစ်သည်အရေအတွက်ဟာ လေးသောင်းကျော်(၄၅၂၈၇) ရှိပြီလို့ သိရတယ်။ ဒီစစ်ပွဲမှာ မြောက်ကိုးရီးယားစစ်သည်အချို့နဲ့ တရုတ်စစ်သည်အချို့လည်း ပါဝင်တိုက်ခိုက်ပြီး သေဆုံးမှုတွေ ရှိခဲ့တယ်။
စစ်ပွဲ သုံးနှစ်ကျော် ကြာလာပြီးတော့မှ ရုရှားသမ္မတ ပူတင်က ယူကရိန်းသမ္မတ ဇီလန်းစကီးနဲ့ လူချင်းတွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ပြောလာတာကတော့ ထူးခြားနေတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာကြိုဆိုရမယ့်ကိစ္စတခုပါ။
ဖြစ်စဉ်ကို ပြန်ကြည့်လိုက်တော့ ဇီလန်းစကီးနဲ့ ဥရောပ လေးနိုင်ငံက ခေါင်းဆောင်တွေ ကိယက်ဗ်မြို့မှာ တွေ့ဆုံခဲ့ကြပြီး မေလ(၁၂)ရက်က စပြီး ရက်ပေါင်း(၃၀)အပစ်အခတ်ရပ်စဲရေးအဆိုပြုခဲ့ကြတာနဲ့ တိုက်ဆိုင်နေတယ်။ ဗြိတိန်ဝန်ကြီးချုပ် ကိုင် စတာမာ၊ ပြင်သစ်သမ္မတ မက်ခရွန်၊ ဂျာမနီခေါင်းဆောင် ဖရိုက်ဒရစ် မာ့ဇ်၊ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ် တို့ စနေနေ့က ကိယက်မြို့မှာ ဇီလန်းစကီးနဲ့ တွေ့ဆုံပြီး ရက်(၃၀)အပစ်အခတ်ရပ်စဲရေးအဆိုပြုကြတာပါ။
ဒီအဆိုပြုချက်ကို ရုရှားက မလိုက်နာဘူးဆိုရင် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုနဲ့ ရင်ဆိုင်ရမယ်လို့လည်း ဆိုတယ်။
ဥရောပခေါင်းဆောင်တွေရဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်နဲ့ သမ္မတပူတင်ရဲ့ ယူကရိန်းနဲ့တွေ့ဆုံညှိနှိုင်းမယ်လို့ ထုတ်ပြန်ကြေညာချိန်က တိုက်ဆိုင်နေသလို မရှေးမနှောင်းမှာ ထွက်ပေါ်လာတာဖြစ်တယ်။ တချို့က ဥရောပရဲ့ရာဇသံကြောင့် ပူတင်က ခုလို တွေ့ဆုံစကားပြောဖို့ ထုတ်ပြန်လာတာလို့ ဆိုတယ်။
ပူတင်က ဇီလန်းစကီးနဲ့ တွေ့ဆုံစကားပြောဖို့ အသင့်ပဲလို့ ဆိုလိုက်တဲ့အခါ ငြိမ်းချမ်းရေးပွဲစားကြီး ဒေါ်နယ်ထရမ့်က ဇီလန်းစကီးကို ချက်ချင်းပဲ “ပူတင်နဲ့ တွေ့ပါ။ သူနဲ့ မျက်နှာချင်းဆိုင်စကားပြောပါ။ အကျိုးအကြောင်းသိရတာပေါ့” လို့ တိုက်တွန်းတယ်။ ဇီလန်းစကီးက အပစ်အခတ်ရပ်စဲရေး ပူတင်ဘက်က သဘောတူမှ တွေ့ဆုံမယ်လို့ လုပ်နေသေးတယ်။ ထရမ့်က သဘောတူတူ မတူ အရင်တွေ့ဆုံပါလို့ တိုက်တွန်းတယ်။
ထရမ့်နဲ့ စကားပြောပြီးနောက်မှာတော့ ဇီလန်းစကီးက ပူတင်နဲ့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာ မေလ(၁၅) ရက်မှာ တွေ့ဆုံဖို့ သွားစောင့်နေမယ်လို့ ပြောဆိုလိုက်တယ်။
ဒီသတင်းဖြစ်စဉ်ဟာ ဒီရက်ထဲ ထူးခြားမှုလို့ ဆိုရမယ်။ သုံးနှစ်ကျော် စစ်တိုက်လာခဲ့ကြပြီး နှစ်ဖက် စစ်သည်၊ အရပ်သား သိန်းချီသေဆုံး၊ အခြေခံအဆောက်အအုံ၊ မြို့ပြရပ်ရွာအိုးအိမ် မရေမတွက်နိုင်အောင် ပျက်စီးဆုံးရှုံးခဲ့ပြီးချိန်မှာ ရုရှားသမ္မတပူတင်ဘက်က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာတာဖြစ်တယ်။ အမှန်တကယ် စစ်ရပ်စဲရေးမှာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာတော့ မရှိပါ။ အစ္စတန်ဘူလ်မှာ ဇီလန်းစကီး နဲ့ ပူတင် မျက်နှာချင်းဆိုင် တကယ်တွေ့ကြတော့မှာလား။ တွေ့ကြလို့ အပစ်အခတ်ရပ်စဲရေးကတဆင့် ရေရှည်စစ်ရပ်စဲရေးအထိ ဖြစ်လာမလား။ ဒီဆောင်းပါးရေးနေချိန်ထိတော့ မသိရသေးပါဘူး။
ဘာပဲဖြစ်ဖြစ် ကမ္ဘာမှာ စစ်ပွဲတွေ ရပ်ဆိုင်းသွားတော့မယ်ဆိုရင် ဒါဟာ လူသားတွေအတွက် သတင်းကောင်းပါ။
(၃)
နောက်ထပ် ဖြစ်စဉ်တခုက အားလုံးသိကြတဲ့အတိုင်း အမေရိကန် နဲ့ တရုတ်ရဲ့ ပြင်းထန်လှတဲ့ကုန်သွယ်ရေးစစ်ပါ။ ဒေါ်နယ်ထရမ့်က စတင်လိုက်တဲ့ သွင်းကုန်ခွန်(Tariff) တိုးမြှင့်ကောက်ခံရေး စစ်ပွဲဟာ တကမ္ဘာလုံးကို အနည်းနဲ့အများ ထိခိုက်မှု၊ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်စေခဲ့တယ်။ ထရမ့်ကြေညာလိုက် သွင်းကုန်ခွန်မြှင့်တင်ရေး စီမံချက်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးဈေးကွက်ထဲမှာ ကမောက်ကမ ဖြစ်ကုန်တယ်။
အမေရိကန်က တရုတ်သွင်းကုန်တွေအပေါ် အခွန် (၁၄၅%) ကောက်ခံမယ်လို့ ကြေညာလိုက်ချိန်မှာ တရုတ်ကလည်း အမေရိကန်ပို့ကုန်တွေအပေါ် အခွန်(၁၂၅%) ကောက်ခံမယ်လို့ တုန့်ပြန်ခဲ့တယ်။ ထရမ့်ရဲ့ သွင်းကုန်ခွန်မြှင့်တင်လိုက်မှုဟာ တရုတ်ကို ထိခိုက်မှုရှိသလို အမေရိကန်ကိုလည်း ထိခိုက်မှု ရှိလာတယ်။
ဒီအခြေအနေမှာ တရုတ် နဲ့ အမေရိကန် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ ဖြစ်လာတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အမေရိကန် ဘဏ္ဍာရေးအတွင်းရေးမှူး စကော့ ဘက်ဆင့် နဲ့ တရုတ်ကိုယ်စားလှယ် ဒု-ဝန်ကြီးချုပ် ဟေလီဖန်းတို့ မေလ(၁၁)ရက်က တွေ့ဆုံပြီးတဲ့နောက် နှစ်ဖက်သဘောတူညီချက်တရပ် ထွက်ပေါ်လာတယ်။
လာမယ့် မေလ(၁၄)ရက်က စပြီး ရက်(၉၀)အတွင်း နှစ်ဖက် ကုန်သွယ်ခွန်တွေကို (၁၁၅%)လျှော့ချကြမယ်လို့ သဘောတူညီခဲ့ကြတယ်။ အမေရိကန်ဘက်က (၃၀%) တရုတ်ဘက်က(၁၀%) ဆိုတော့ သိပ်များလှတယ်လို့တော့ မဆိုနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် နှစ်ဘက်တွေ့ဆုံ ဆွေးနွေးခြင်းမရှိဘဲ အပြန်အလှန် သွင်းကုန်ခွန်တွေ အဆမတန် မြှင့်နေကြတာနဲ့စာရင် ခုလို တွေ့ဆုံဆွေးနွေးအဖြေရှာကြတာဟာ ကောင်းသောလက္ခဏာပါ။
ပဋိပက္ခတွေဟာ နေရာအနှံ့မှာ ရှိနေပါတယ်။ တဦးနဲ့ တဦး တဖွဲ့နဲ့ တဖွဲ့ တအုပ်စုနဲ့ တအုပ်စု အယူအဆ၊ သဘောထား မတူညီရာက ပဋိပက္ခတွေ ဖြစ်လာကြတယ်။ အားလုံးက ကိုယ့်ဘက်က မှန်တယ်လို့ ထင်ကြသူတွေချည်းပါပဲ။ ဒီလို ပဋိပက္ခတွေကတဆင့် စစ်ပွဲကြီးတွေအထိ ဖြစ်ခဲ့တာလည်း သမိုင်းမှာ အများကြီးပါ။ ဒီနေရာမှာ ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကို ခေါင်းဆောင်တွေက ဘယ်လိုဖြေရှင်းကြသလဲ။ အရေးကြီးပါတယ်။ စဉ်းစားအမြော်အမြင်ရှိသူ၊ ဉာဏ်ကောင်းသူ (ခေါင်းဆောင်)တွေကတော့ အတတ်နိုင်ဆုံး ပဋိပက္ခကို အထိခိုက်အနည်းဆုံးနည်းနဲ့ ဖြေရှင်းတတ်ကြပြီး လူမိုက်တွေကတော့ ရက်စက်တဲ့နည်းနဲ့ အနိုင်ယူချေမှုန်းဖြေရှင်းဖို့ ကြိုးစားတတ်ကြတာတွေ့ရတယ်။
ဘာပဲဖြစ်ဖြစ် ဒီရက်ထဲ ကြားရတဲ့သတင်းတွေက ထူးခြားနေတယ်လို့ ဆိုရမယ်။
Ref: photo credit: Reuters,BBC.CNA








