~ CMW ~
ခေတ်ကောင်းစဉ်ချိန်ခါက မြန်မာပြည်ရဲ့ အနောက်မြောက်ဒေသကို (အကြောင်းအားလျော်စွာ) နှစ်ကြိမ်တိုင်တိုင် ရောက်ဖြစ်ခဲ့တယ်။ အနောက်မြောက်ရဲ့ တံခါးပေါက်က ” ကလေးမြို့” ပါ။ ကလေးမြို့က ဒီဒေသမှာတော့ အင်မတန်အချက်အချာကျတဲ့ နေရာမှာရှိတယ်။ ကလေးမြို့ရဲ့ အနောက်ဘက်ကို ထွက်သွားရင် သိပ်မကြာခင်မှာ ချင်းတောင်တန်းပေါ် ရောက်ရှိသွားပါလိမ့်မယ်။
ချင်းတောင်တန်းပေါ်ရောက်လို့ သိပ်မကြာခင်မှာ တောင်ဘက်ကို ဆင်းသွားတဲ့ ဖလမ်း၊ ဟားခါးလမ်း။ မြောက်ဘက်ကို တက်သွားတဲ့ တီးတိန်လမ်းခွဲ ရှိပါတယ်။ တီးတိန်လမ်းဘက် မရောက်ဖြစ်ခဲ့ပေမယ့် ဖလမ်း၊ ဟားခါးလမ်းကိုတော့ ဖြတ်သန်းဖြစ်ခဲ့တယ်။ လမ်းတွေက အတော်အသင့် ကောင်းနေပါပြီ။ တချို့နေရာတွေမှာ ကျဉ်းနေသေးပေမယ့် တချို့နေရာတွေမှာတော့ ကားနှစ်စီး လွတ်လွတ်လပ်လပ် ပြည်မမှာ မောင်းသလို မောင်းသွားလို့ ရတဲ့အခြေအနေပါ။
မြို့တော် ဟားခါးအထိ ပင်မဓါတ်အားလိုင်းရောက်ရှိနေပြီး အလွန်အင်မတန် သာယာကြောင်း ရောက်ဖူးသူတွေ သိကြပါလိမ့်မယ်။ နောင် သုံးလေးနှစ်အကြာ ကိုဗစ်ကပ်ဘေးလည်း ပေါ်မလာခဲ့ရင် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်မယ့် နေရာသစ်တွေပါ။ ခုတော့ ဘယ်အခြေဆိုက်လို့ ဆိုက်နေပြီ မသိရတော့ပါ။ နေ့စဉ်နီးပါး ကြားနေရတဲ့သတင်းတွေ၊ ဗီဒီယို၊ ဓါတ်ပုံတွေမှာတော့ ချင်းမြို့အတော်များများ မီးလောင်ပျက်စီးနေတာ စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်နေရတယ်။
ပြောချင်တာ ချင်းပြည်နယ်အကြောင်း မဟုတ်ပါဘူး။ အချက်အချာကျတဲ့ ကလေးမြို့ကနေ မြောက်ဘက်ကို ကဘော်လွင်ပြင်လမ်းအတိုင်း တက်သွားရင် ရောက်ရှိမယ့် တမူးမြို့နဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အကြောင်းပါ။ ကဘော်ချိုင့်ဝှမ်းလွင်ပြင်အတိုင်း တမူးမြို့ကိုတက်သွားတဲ့လမ်းကို အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းလို့ ခေါ်တယ်။ တမူးကနေ မုံရွာအထိ အိန္ဒိယအစိုးရရဲ့ အကူအညီနဲ့ ဖောက်ထားတဲ့လမ်းပါ။ ချင်းတောင်တန်းပေါ် တက်သွားတဲ့လမ်းနဲ့ မတူတာက တမူးလမ်းက ပိုကောင်းပြီး လမ်းတလျှောက် တောင်တန်းတွေပေါ် ဖြတ်မသွားရဘဲ မြေပြန့်အတိုင်း သွားရတာပဲဖြစ်တယ်။ ဒီလမ်းကြောင်းကို မလာခင် ချင်းတောင်တန်းခရီးကိုသာ သွားဖူးခဲ့တော့ ကလေးမြို့ကအထွက် တောင်ပေါ်လမ်းကိုပဲ သွားရဦးမယ် ထင်ခဲ့တယ်။ ထင်သလိုမဟုတ်ဘဲ စိုက်ခင်းတွေ၊ လယ်ကွင်းတွေ တမျှော်တခေါ်မြင်ရတော့ အံ့အားသင့်နေမိတယ်။ တကယ်တော့ ဒီလမ်းကြောတလျှောက်က ကဘော်ချိုင့်ဝှမ်း ဆိုတာ နောင်မှ သိရတယ်။ တမူးက အိန္ဒိယနယ်စပ်မြို့ပါ။ အိန္ဒိယဘက်ခြမ်းမှာ မိုရေးမြို့ ရှိပြီး ဒီဘက်မှာက တမူးမြို့။ ကျောချင်းကပ်၊ ရင်ချင်းအပ်ထားတဲ့ မြို့တွေပါ။ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အင်မတန်အရေးတဲ့ မြို့ဖြစ်သလို နယ်စပ်ကုန်သွယ်ရေးနဲ့ ကြွယ်ဝစည်ပင်လာတဲ့ မြို့လို့ ဆိုရမယ်။
အိန္ဒိယဘက်ခြမ်းက မဏိပူရပြည်နယ်ပါ။ မဏိပူရကို မြန်မာတွေက “ကသည်း” လို့ ခေါ်ကြတယ်။ ရှေးခေတ်ကတည်းက ” ကသည်း” တွေက ဒီဒေသမှာ နေထိုင်ကြတယ်။ ” ကသည်း” နဲ့ မြန်မာက ခွဲခြားလို့မရအောင် အသားအရေ၊ ရုပ်ဆင်းပုံစံ တူကြတယ်။ တစ်ဖက်ခြမ်းက အိန္ဒိယနိုင်ငံဖြစ်သွားလို့ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေနဲ့ အိန္ဒိယလူမျိုးတွေလို့ ထင်စရာရှိပေမယ့် ဒေသခံတွေက မြန်မာနဲ့ ခွဲမရအောင် တူနေတယ်။
အိန္ဒိယအရှေ့မြောက်ဒေသက ကုန်းတွင်းပိတ်ပြည်နယ်တွေဖြစ်ပြီး များသောအားဖြင့် ဆင်းရဲကြပါတယ်။ အိန္ဒိယတိုက်၊ အိန္ဒိယနိုင်ငံတခုလုံးခြုံပြီးတော့သာ အိန္ဒိယကို ဖွံ့ဖြိုးတိုးတက်တယ်ဆိုပေမယ့် ဒီဒေသတွေက အိန္ဒိယပြည်မလောက် တိုးတက်မှု မရှိဘူး။ တမူး နန်းဖာလုံဈေးထဲ ဝင်ကြည့်ရင် လိမ္မော်သီး၊ ပန်းသီးကအစ တရုတ်ပြည်က ဝင်လာတဲ့ အဝတ်အထည်တွေ၊ အသုံးဆောင်တွေ အများကြီးတွေ့ရတယ်။
ဘယ်သူတွေ လာဝယ်ကြသလဲဆိုတော့ မဏိပူရဘက်က ကသည်းတွေ လာဝယ်ကြတာ။ ဆိုရရင် ဒီဒေသက မြန်မာဘက်က ကုန်စည်တွေကို အားကိုးနေရသလို မြန်မာကလည်း သူတို့ဘက်က အိန္ဒိယပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားနေကြတယ်။ ခေတ်ကောင်းချိန် ရောက်သွားတာဖြစ်တော့ တမူးမြို့က တော်တော်လေး စည်ကားနေတာ တွေ့ရတယ်။
ကံအားလျော်စွာလို့ပဲ ဆိုရမယ်။ တော်တန်ရုံ သွားဖို့ မလွယ်လှတဲ့ တမူး-အင်ဖာ ခရီးကို အဲဒီအချိန်က သွားဖြစ်ခဲ့တယ်။ သာမန်ခရီးသည်တွေ ဘယ်လို သွားလာနေကြတာ မသိရပေမယ့် ကိုယ်တွေက အထူးဧည့်သည်ဖြစ်နေတော့ သူတို့ဘက်က အသင့်လာကြိုတဲ့ ကားတွေနဲ့ သွားခဲ့ရတာပါ။ နယ်စပ်မှာ ပတ်စ်ပို့တွေကို တုံးထုရပါတယ်။
မဏိပူရပြည်နယ်အစိုးရရဲ့ အထူးဧည့်သည် အနေနဲ့ ရှေ့-နောက် လုံခြုံရေးအစောင့်တွေနဲ့ အင်မတန်ကျဉ်းမြောင်းတဲ့ တောင်ပေါ်လမ်းကို မိုင်ကုန် ဖြတ်မောင်းခဲ့တယ်။ ဒီဒေသရဲ့ နောက်ခံသမိုင်းကို သိပ်မသိထားလေတော့ ဒီခရီးကို စိုးရိမ်လို့ စိုးရိမ်ရကောင်းမှန်းလည်း မသိခဲ့ဘူး။ တကယ်တော့ ဒီလမ်းကြောတလျှောက်မှာ “ကသည်းသူပုန်” လို့ ခေါ်တဲ့ မဏိပူရ လွတ်မြောက်ရေးတပ်တွေ ရှိတယ်။ ဒီတပ်တွေက မဏိပူရအစိုးရကို တော်လှန်နေတာဖြစ်တော့ လမ်းမှာ အချိန်မရွေး ပစ်ခတ်ခံရနိုင်တယ်။ ကားဆရာက တလျှောက်လုံး မိုင်ကုန်တင် မောင်းလာတာ နောင်မှ သဘောပေါက်တော့တယ်။ ကံအားလျော်စွာပဲ ဘေးမသီ ရန်မခ နဲ့ မဏိပူရပြည်နယ်၊ အင်ဖာမြို့ကို ရောက်ရှိသွားခဲ့တယ်။ မိုရေးကနေ အင်ဖာအထိ မိုင် ၆၀ ကျော်လောက်က တောင်ပေါ်လမ်းတွေ။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေ ဖောက်ထားခဲ့တဲ့ လမ်းကျဉ်းအတိုင်းပဲ ရှိသေးတယ်။ တောင်ခါးပန်းရံတွေမှာ နေကြာရိုင်းဝါဝါအပွင့်တွေ တလျှောက်လုံး မြင်ရတယ်။ အိန္ဒိယနိုင်ငံထဲ ဝင်လာခဲ့တယ်ဆိုပေမယ့် မြင်ကွင်းတွေက မြန်မာနိုင်ငံလောက်တောင် သပ်သပ်ရပ်ရပ်မရှိလှဘူး။ မြို့ကလေးတွေက အဆောက်အဦးတွေက ထိုးထိုးထောင်ထောင်၊ စုတ်စုတ်ပြတ်ပြတ်။ တောင်ပေါ်ကဆင်းပြီး အင်ဖာလွင်ပြင်ထဲရောက်တော့ လယ်ကွင်းတွေနဲ့ အတော်သာသာယာရှိလှတယ်။
အင်ဖာက ၁၉၈၀ ပြည်လွန်ဝန်းကျင်က မန္တလေးမြို့လိုပဲ ဖုန်တသောသော၊ သုံးဘီးဆိုင်ကယ်တွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ရှုပ်ထွေးလှတယ်။ အထပ်မြင့်အဆောက်အဦး သိပ်မရှိဘဲ နှစ်ထပ်၊သုံးထပ်တိုက်တွေ ပြွတ်ခဲနေတယ်။ မြို့လယ်မှာ ကျုံး ပတ်လည်ဝိုင်းထားတဲ့ နန်းတော်ဟောင်းနေရာရှိပြီး ဒီနေရာမှာ မဏိပူရဘုရင် နန်းစိုက်ခဲ့တယ်ဆိုတယ်။ မဏိပူရက ဘုရင့်နောင်လက်ထက် ၁၅၅၉ ခုနှစ်ကတည်းက မြန်မာဘုရင်လက်အောက်ရောက်ခဲ့တယ်။ တောင်ငူအင်ပါယာလက်အောက်ခံ မြို့ပြနိုင်ငံပေါ့။ အင်ဖာမြို့လယ်က မဏိပူရ နန်းတော်ဟောင်းကို သူတို့က ရဲတိုက်လို့လည်း ခေါ်တယ်။ မြို့ရိုးအကျယ်က ဇင်းမယ်လောက်တောင် မရှိပါဘူး။ ဒီနေရာကို ရောက်တော့ မြန်မာဘုရင်တွေရဲ့ ဩဇာကြီးမားခဲ့ပုံကို ပြန်အောက်မေ့မိတယ်။
“အင်ဖာ” က ဒုတိယကမ္ဘာစစ်မှာလည်း နာမည်ကြီးခဲ့တယ်။ ဂျပန်တွေ လက်မြှောက်အရှုံးပေးပြီး အာရှစစ်မျက်နှာက စတင်ဆုတ်ခွါခဲ့ရတာ ” အင်ဖာတိုက်ပွဲ”ပါ။ ဗြိတိသျှ နဲ့ အမေရိကန် မဟာမိတ်တပ်တွေနဲ့ အိန္ဒိယထဲ ဝင်လာတဲ့ ဂျပန်တပ်တွေ အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့ပြီး ဂျပန်တွေ ဆုတ်ခွါခဲ့ရတဲ့ အင်ဖာတိုက်ပွဲဟာ သမိုင်းဝင်ဖြစ်ခဲ့တယ်။
မြန်မာတွေကတော့ မဏိပူရတွေကို ကသည်း လို့ပဲ ခေါ်တယ်။ သမိုင်းတလျှောက် မြန်မာဘုရင်တွေ မဏိပူရကို အကြိမ်ကြိမ် လာတိုက်တာရှိခဲ့သလို မဏိပူရကသည်းတွေ စစ်ကိုင်းအထိ ဝင်လာခဲ့တာလည်း ရှိခဲ့တယ်။ မြန်မာတွေက ကသည်းလို့ ခေါ်ပေမယ့် သူတို့က meitei လို့ ခေါ်တယ်။ မဏိပူရမှာ မီတီ က လူများစုဖြစ်ပြီး ၅၃% ရှိတယ်။ နာဂလူမျိုးက ၂၀% နဲ့ ကူကီ-ဇိုက ၁၆% နေထိုင်ကြတယ်။
မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက် ၁၈၁၄ ခုနှစ်မှာ မဏိပူရကို သိမ်းပိုက်ခဲ့တယ်။ ဘိုးတော်ဘုရားလက်ထက်မှာပဲ အာသံကို ၁၈၁၇ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပြီး ရခိုင်ပြည်ကို ၁၇၈၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့တယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးမှာ မဏိပူရကို လက်လွှတ်လိုက်ရပြီး မဏိပူရဟာ ဗြိတိသျှအစောင့်ရှောက်ခံဒေသ ဖြစ်သွားတယ်။
၁၉၄၇ ခုနှစ် အိန္ဒိယ ခွဲခြမ်းရေးလုပ်တော့ မဏိပူရအပါအဝင် ဗြိတိသျှအစောင့်ရှောက်ခံနယ်မြေတွေက အိန္ဒိယပြည်ထောင်စုနဲ့ ပူးပေါင်းဖို့ သဘောတူခဲ့တယ်။ မဏိပူရပြည်သူတွေရဲ့ သဘောတူညီချက် မပါဝင်ဘဲ စော်ဘွားတစ်ဦးတည်းရဲ့ သဘောထားနဲ့ အိန္ဒိယနဲ့ ပူးပေါင်းခဲ့မှုကို နိုင်ငံရေးသမားတွေက လက်မခံကြတဲ့အတွက် လက်နက်ကိုင် တော်လှန်ရေးဖြစ်ပေါ်ခဲ့တယ်။ ဒီလက်နက်ကိုင်တော်လှန်ရေးက နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်တယ်။
တည်ငြိမ်မှုမရှိတဲ့ မဏိပူရအပါအဝင် အိန္ဒိယအရှေ့မြောက်ဒေသတွေကို ၁၉၇၂ ခုနှစ်ကျမှ အိန္ဒိယက ပြည်နယ်အဆင့် သတ်မှတ်နိုင်ခဲ့တယ်။ မဏိပူရမှာ မဏိပူရပြည်နယ် လွတ်မြောက်ရေးလက်နက်ကိုင် လှုပ်ရှားမှုတွေ ရှိသလို လူမျိုးစုလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား တိုက်ပွဲတွေလည်း ရှိတယ်။
၁၉၆၄ခုနှစ်မှာ အိန္ဒိယနိုင်ငံက ခွဲထွက်ပြီး လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းတဲ့ United National Liberation Front (UNLF) အမျိုးသားလွတ်မြောက်ရေးတပ်ဦး ပေါ်ပေါက်လာသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း တခုပြီးတခု နောက်ပိုင်းမှာ ရည်မှန်းချက်အမျိုးမျိုးနဲ့ ပေါ်ပေါက်လာတယ်။ အိန္ဒိယအစိုးရက ၁၉၈၀ ကနေ ၂၀၀၄ ခုနှစ်အထိ မဏိပူရကို အနှောက်အယှက်ပေး နယ်မြေ(disturbed area ) အဖြစ် သတ်မှတ်ပြီး လက်နက်ကိုင်တပ်ဖွဲ့ကို အထူးဥပဒေကျင့်သုံးခွင့် ပြုခဲ့တယ်။
သိပ်မကြာသေးခင်ကပဲ မဏိပူရမှာ လူမျိုးရေးအဓိကရုဏ်းကြီးတခု ဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသားအများအပြား သေဆုံး၊ ဒဏ်ရာရရခဲ့တယ်။ အဓိကလူမျိုးစု မီတီ(ကသည်း)တွေနဲ့ ကူကီးလူမျိုးစုတွေကြား လူမျိုးစုနှစ်ခု အပြန်အလှန် အကြမ်းဖက်တိုက်ခိုက် မီးရှို့ သတ်ဖြတ်ကြလို့ လူပေါင်း ၆၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။
၂၀၂၃ ခုနှစ်၊ မေလမှာဖြစ်ပွားခဲ့တဲ့ မီတီ နဲ့ ကူကီး လူမျိုးသုနှစ်ခုကြား အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇၅ ယောက်သေဆုံးပြီး၊ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၇၈၆ လုံး ပျက်စီးခဲ့တယ်။ ဘာသာရေးအဆောက်အအုံ ၃၈၆ ခု ဖျက်ဆီးခံရတဲ့ထဲမှာ ၂၅၄ ခုက ခရစ်ယာန်ဘုရားကျောင်းတွေဖြစ်ပြီး ၁၃၂ခုက ဟိန္ဒူဘုရားကျောင်းတွေဖြစ်တယ်။ မဏိပူရ လူမျိုးရေးအကြမ်းဖက်မှုကို အိန္ဒိယဗဟိုအစိုးရက လုံခြုံရေးတပ်တွေကိုပါ စေလွှတ်နှိမ်နင်းခဲ့ရတယ်။
meitei လို့ခေါ်တဲ့ မဏိပူရ ကသည်းတွေက ကူကီး ချင်းအပါအဝင် တောင်ပေါ်သားတွေကို တန်းတူအခွင့်အရေးမပေးရာက လူမျိုးစုချင်းကြား ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ မဏိပူရအပါအဝင် အိန္ဒိယအရှေ့မြောက် ပြည်နယ် (၈)ခု (အရူနာချယ်ပရာဒက်ရှ်၊ အာသံ၊ မဏိပူရ၊ မီဂါလာယာ၊ မီဇိုရမ်၊ နာဂလန်း၊ တြိပူရ နဲ့ ဆစ်ကင်း) က ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ဆင်းရဲကြတယ်။ ဒါကြောင့် အိန္ဒိယအစိုးရက Look East ပေါ်လစီချမှတ်ပြီး မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားခဲ့တယ်။ ဒါတွေက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမတိုင်ခင် အနေအထားပါ။
မဏိပူရ ဝန်ကြီးချုပ်က ဘီဂျေပီ ပါတီက ဘေရန်ဆင်း ပါ။၂၀၁၇ ခုနှစ်ကတည်းက ခုချိန်ထိ ပြည်နယ်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေဆဲဖြစ်တယ်။ သူက ဘောလုံးသမားတဦးဖြစ်သလို ဂျာနယ်လစ်တဦးလည်းဖြစ်တယ်။ ဘေရန်ဆင်းရဲ့ မဏိပူရအစိုးရဟာ ၂၀၂၁ မတိုင်မီအထိ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးအခြေအနေအားလုံး ၂၀၂၁ နောက်ပိုင်းမှာ ယိုယွင်းပျက်စီးသွားပြီး ဒေသတွင်းတိုက်ပွဲတွေကြောင့် ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ မီဇိုရမ်၊ မဏိပူရပြည်နယ်တွေထဲအထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။
ခုလိုအခြေအနေမှာ အိန္ဒိယလွှတ်တော်ထဲက မဏိပူရအရေးနဲ့ ပတ်သက်ပြီး အသံတသံထွက်ပေါ်လာခဲ့တယ်။ ပြီးခဲ့တဲ့ မတ်လ(၁၀)ရက်နေ့ အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာ မဏိပူရပြည်နယ်အမတ် Sanajaoba Lemsheiba က မဏိပူရနဲ့ပတ်သက်ပြီး အဆိုတခုတင်ပါတယ်။ ဒီအဆိုက မြန်မာနိုင်ငံနဲ့ ပတ်သက်နေပြီး မြန်မာနိုင်ငံက “ကဘော်ချိုင့်ဝှမ်း” ဒေသကို မဏိပူရပြည်နယ်ထံ ပြန်ပေးဖို့နဲ့ ပြန်မပေးဘူးဆိုရင်လည်း အရင်က ပေးနေကျ လျော်ကြေးငွေ ဆက်ပေးဖို့ တောင်းဆိုလိုက်တာဖြစ်တယ်။
လွှတ်တော်အမတ် Sanajaoba ရဲ့ တောင်းဆိုချက်ဟာ အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ နိုင်ငံတခု အင်အားချိနဲ့လာချိန်မှာ တောင်းဆိုလိုက်တဲ့ တောင်းဆိုချက်ပဲဖြစ်တယ်။ အိန္ဒိယအထက်လွှတ်တော်ကို တင်သွင်းတဲ့ သူ့ရဲ့ အဆိုအရ ” ကဘော်ချိုင့်ဝှမ်းဒေသ” ဟာ မဏိပူရအပိုင်ဖြစ်ခဲ့ပြီး ၁၉၅၃ ခုနှစ်၊ မတ်လ(၃)ရက်မှာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလယ် နေရူးက မြန်မာဝန်ကြီးချုပ် ဦးနုကို လက်ဆောင်အဖြစ် ပေးလိုက်တာဖြစ်ကြောင်း၊ နေရူးဟာ မဏိပူရအစိုးရကို တိုင်ပင်ခြင်းမရှိဘဲ သူ့သဘောနဲ့ သူပေးလိုက်တာဖြစ်ပြီး မဏိပူရသမိုင်းရဲ့ မှောင်မိုက်တဲ့နေ့စွဲများဖြစ်ခဲ့ရကြောင်း၊ နေရူးရဲ့ ဒီဆုံးဖြတ်ချက်ဟာ သမိုင်းကြောင်းအရ သဘောတူထားတဲ့ စာချုပ်တွေကို ဖောက်ဖျက်ရာရောက်ကြောင်း ဖော်ပြထားတယ်။
၁၈၂၆ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး ချုပ်ဆိုတဲ့ ရန္တပိုစာချုပ်အရ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရထံ ပေးအပ်ခဲ့ရပြီး ၁၈၃၄ခုနှစ် “ကဘော်ချိုင့်ဝှမ်းသဘောတူညီချက်” အရ မဏိပူရဘုရင်ကို မြန်မာအစိုးရက လစဉ် Sicca ၅၀၀ လျော်ကြေးပေးရမှာဖြစ်တယ်။ ဒီလျော်ကြေးကို မြန်မာအစိုးရက ၁၉၄၇ ခုနှစ်၊ မဏိပူရက အိန္ဒိယနဲ့ ပေါင်းသွားချိန်အထိ ဆက်လက်ပေးဆောင်နေခဲ့ပြီး ၁၉၅၃ ခုနှစ်အထိ မဏိပူရအစိုးရကို မြန်မာက လျော်ကြေးဆက်ပေးနေခဲ့တယ်လို့ မဏိပူရလွှတ်တော်အမတ်ရဲ့ အဆိုမှာဖော်ပြထားတယ်။
အိန္ဒိယအထက်လွှတ်တော်ကို သူ တိုက်တွန်းခဲ့တာကတော့ မဏိပူရအပိုင် ဖြစ်ခဲ့တဲ့ ” ကဘော်ချိုင့်ဝှမ်း” ကို မဏိပူရအစိုးရထံ မြန်မာက ပြန်ပေးဖို့နဲ့ ပြန်မပေးဘူးဆိုရင်တောင် အရင်ပေးနေကြ လျော်ကြေးငွေ ဆက်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်။ လွှတ်တော်အမတ် Sanajaoba က နေရူးအစိုးရနဲ့ ကွန်ဂရက်ပါတီကို အပြစ်ပုံချခဲ့ပြီး မဏိပူရပြည်သူတွေက ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့တယ်။
သမိုင်းကြောင်းတွေကို ပြောတဲ့ခါ ဘုန်းမီးနေလတောက်ပခဲ့တဲ့ ခေတ်ကာလတွေ ရှိခဲ့သလို အင်အားချိနဲ့ ယိုယွင်းကျဆုံးခဲ့တဲ့ခေတ်ကာလတွေလည်း ရှိခဲ့တယ်။ မဏိပူရလွှတ်တော်အမတ် Sanajaoba ရဲ့ အဆိုဟာ ချင်းတောင်တန်းနဲ့ အနောက်မြောက်ဒေသမှာ စစ်မီးတောက်လောင်နေချိန်နဲ့ တိုက်ဆိုင်လို့နေတယ်..။
#MeKongNews
#မဏိပူရ
#ကဘော်ချိုင့်ဝှမ်း
#ဆောင်းပါး








