~ လင်းမောင် ~
ပညာရေးသင်ကြားမှု အစပိုင်းအဆင့်ကတည်းက တရုတ်ကျောင်းသူကျောင်းသားငယ်တွေဟာ တိဗက်နဲ့ ရှင်းဂျန်းဟာ တရုတ်နဲ့ ခွဲခြားလို့ လုံး၀မရတဲ့ အစိတ်အပိုင်းနယ်မြေတွေဖြစ်ကြောင်း၊ တိုင်ဝမ်ရဲ့ အချုပ်အခြာ အာဏာသီးခြားပိုင်ဆိုင်မှုဆိုတာ ဆွေးနွေးစရာကို မရှိတဲ့ ကိစ္စအဖြစ် သင်ရိုးညွှန်းတမ်းထဲမှာ ပြဌာန်းတယ်။ ဒီ နိုင်ငံ၊ ဒေသတွေရဲ့ သမိုင်းကြောင်း အရှိတရားတွေကို ခဝါချဖျောက်ဖျက်ပြီး သမိုင်းထဲမှာကိုက တရုတ်ပိုင် နယ်မြေတွေသာဖြစ်ကြောင်း သင်ကြားပို့ချတယ်။ ဒီဒေသတွေ၊ နိုင်ငံတွေဟာ ကိုယ့်သမိုင်းကြောင်း၊ ကိုယ့် အုပ်ချုပ်မှုစနစ်နဲ့ကိုယ်၊ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် နေထိုင်ရှင်သန်ခဲ့တာတွေကို ဖျက်ဆီး ဖျောက်ဖျက် သင်ကြား တယ်။ တိဗက်ကို ကျူးကျော်သိမ်းပိုက်ထားမှုမှာ တရုတ်ကွန်မြူနစ်ပါတီ ခင်းကျင်းတဲ့ သမိုင်းတုက ၁၉၅၁ ခုနှစ် မှာ ဒီဒေသ ငြိမ်းချမ်းစွာလွတ်မြောက်ခွင့်ရရေး စစ်ရေးအရ ဝင်ရောက် တာဝန်ယူပေးခဲ့ရတယ်လို့ ပြဌာန်း သင်ကြားတယ်။ တိဗက်ဟာ ပဒေသရာဇ်လူ့အဖွဲ့အစည်းကြောင့် ခေတ်နောက်ကျကျန်နေခဲ့ပြီး တရုတ်ရဲ့ ကြား ဝင်မှုကြောင့်သာ ကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ ရိုက်သွင်းသင်ကြားတယ်။ တိဗက်တော်လှန်ရေး အဖြစ်မှန်တွေ၊ ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးခြင်းနဲ့ တိဗက်ဗုဒ္ဓဘာသာကို နှိပ်ကွပ်ခြင်းဆိုတဲ့ တကယ့်အဖြစ်မှန်တွေကတော့ အံ့အားသင့်စရာ တစ်ခုမှ ပါဝင်မှုမရှိဘဲ ဖျောက်ဖျက်ခဲ့တယ်။ တိဗက်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တိုက်ပွဲကို နှုတ်ပိတ်၊ တရုတ်ကသာ တိဗက်အတွက် ကျေးဇူးတင်ခံထိုက်တဲ့ ကယ်တင်ရှင်ဆိုပြီး ကွန်မြူနစ်ပါတီရဲ့ အစိုးရ တရားဝင်မှု ကိုပိုမိုအားဖြည့်ဖို့သာ ရည်မှန်းပြီး သင်ရိုးတွေကို ရေးဆွဲသင်ကြားတယ်။ ရှင်းဂျန်းဒေသက အိုက်ဂါ မွတ်ဆလင် တွေကို သန်းနဲ့ချီပြီး ဖမ်းဆီးအကျဉ်းချ၊ ယဉ်ကျေးမှုဖျက်ဆီး၊ အားလုံးကို အကျယ်ချုပ်နဲ့ မျက်ခြေမပြတ် စောင့် ကြည့်၊ အဓမ္မခိုင်းစေ၊ လူ့အခွင့်အရေးတွေကို ရက်စက်စွာ ချိုးဖောက်ထိန်းချုပ်ထားတာ အမှန်ဖြစ်ပေမယ့် တရုတ်မူလတန်းဖတ်စာထဲမှာက အစွန်းရောက်တွေမဖြစ်စေဖို့၊ မတိုးပွားစေဖို့၊ လူမျိုးရေး သဟဇာတဖြစ်ဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ သဘောထားကြီးစွာ စာရိတ္တပြင်ဆင်ပေးမှုဖြစ်လို့ ဒီလူမျိုးတွေရဲ့ ကျေးဇူးရှင်ဟာ တရုတ်တွေဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီအပေါ် ပြန် ရှိခိုးရစေဖို့ မူဝါဒအကျိုးအမြတ်တွေကိုပါ အဓမ္မ ရယူ ပုံမှားရိုက် သင်ကြားတယ်။
ထိန်းချုပ်ထားသော ဇာတ်ကြောင်းတွေရဲ့ ကန့်သတ်ချက်များ
တိဗက်၊ ရှင်ကျန်းနဲ့ ထိုင်ဝမ်တို့အပေါ် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝါဒဖြန့်မှုဟာ သမိုင်းကို လှည့်ဖြားခြင်းထက်မက ဆယ်စုနှစ်များစွာမှာ မလိုမုန်းထားမှုတွေ ပေါက်ဖွားလာတာမျိုး၊ တော်လှန်ဝေဖန်မှုတွေ ရှိလာနိုင်တာမျိုးဆိုရင် စုံစမ်းစစ်ဆေးပြီး ဒီလိုတွေးခေါ်လာနိုင်သူတွေ၊ အကောင်အထည်ဖော်လာနိုင်သူတွေကို နှိမ့်ကွပ် နှိမ်နင်းတာပါပဲ။ ကျောင်းသားတွေက နိုင်ငံတော်အယူဝါဒအမြင်မှန်ကိုသာ တစ်ဖက်ပိတ် ကြည့်ရှုဖို့ ကျောင်းသားတွေကို မှိုင်းသွင်း သင်ကြားပေးခြင်းဖြစ်လို့ စစ်မှန်တဲ့ ပညာရေးစနစ်မှာ အန္တရာယ်ရှိတဲ့ အမြစ်တွေ တွယ်ပြီး စနစ်ပိုင်းဆိုင်ရာ မညီမျှမှုတွေကို သူတို့အလိုကျ ဆက်လက်တည်မြဲအောင်လည်း ရက်စက်စွာ လုပ်ဆောင်ပါတယ်။
ဥပမာအားဖြင့် တရုတ်ကျောင်းသားတွေ အတွေးထဲ တိဗက်နဲ့ အိုက်ဂါ ပေါင်းစည်းပြီး တရုတ်အစိုးရကို တွန်းလှန် လာရင် ကျေးဇူးကန်သူတွေ၊ ခေတ်နောက်ပြန်သွားပြီး ပြာပုံတိုးချင်သူတွေလို့ မြင်စေပြီး ဒီလူမျိုးစုတွေအပေါ် လူမှုရေးအရ ခွဲခြားဆက်ဆံနှိမ့်ချဖို့ကို အားပေးအားမြှောက် လှုံ့ဆော်ပေးထားတယ်။ ထိုင်ဝမ်ရဲ့ ခုခံမှုကိုလည်း ငြိမ်းချမ်းတဲ့ ရေလက်ကြားဖြတ်ကျော်ဆွေးနွေးမှုကို ဆိုးရွားစွာ ထိခိုက်စေတဲ့ လုပ်ရပ်လို့ မြင်စေပြီး ရန်လိုမှုတွေ ကို ကျောင်းသားတွေ စိတ်ထဲ မှိုင်းတိုက် ရိုက်သွင်းပေးတယ်။
ဒီလိုမှိုင်းသွင်းမှုတွေ ဆိုးရွားလွန်းတဲ့ ပညာရေးစနစ်ကိုတောင် စိတ်မချနိုင်သေးဘဲ အဆိုးရွားဆုံးသော ထိန်းချုပ်မှု အဖြစ် ကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသားတွေကြားမှာ ခေတ်အမြင်နဲ့ ပွင့်လင်းမြင်သာ ခံစားသိရှိလာရင် အထူးစောင့်ကြည့်စနစ်ကိုထားပြီး အမြစ်ဖြတ်နှိမ့်ကွပ်တယ်။ အတန်းဖော်ကျောင်းသားတွေက မျိုးချစ်စိတ်ကို ထိပါးစေတဲ့သူက ဘယ်သူ၊ ယဉ်ကျေးမှုတော်လှန်ရေးစိတ်ပေါက်နေတာ ဘယ်သူဆိုတာ ရဲဝင့်စွာ လာရောက် သတင်းပို့ တိုင်ကြားဖို့လည်း မက်လုံးပေးဖိတ်ခေါ်တယ်။ ဒီနည်းနဲ့ မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်တတ် ခြင်းဟာ ကံဆိုးစွာပဲ ပညာသင်ကျောင်းသားတွေရဲ့ စံနှုန်းဖြစ်လာပြီး အကြောက်တရားအငွေအသက်တွေကို လွှမ်းခြံဖန်တီး ဖိနှိပ်ခြိမ်းခြောက်ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အလုပ်သမားလှုပ်ရှားမှုနဲ့ လူ့အခွင့် အရေးဆန္ဒပြမှုတွေမှာ ကျောင်းသားတွေ ပါဝင်လာမှုကို အားလုံးအသံတိတ်သွားစေအောင် တရုတ်ကွန်မြူနစ် ပါတီက အကြမ်းတမ်းဆုံးကိုင်တွယ် ဖြိုခွင်းခဲ့တယ်။ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကျောင်းသားတွေဟာ ခေတ်ပြိုင် အလုပ်သမားတွေရဲ့ အကျပ်အတည်းကို မာ့က်စ်ဝါဒ လက်ခံကျင့်သုံးပြီး ရဲတင်းစွာဆန္ဒပြကြတော့ ဖမ်းဆီး ထောင်ချခြင်းနဲ့ ကျောင်းထုတ်ခြင်းတွေလုပ်ပြီး အရေးယူတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အရေခြုံထားတဲ့ အတွေးအခေါ်ဆိုတာ တကယ်တမ်းသူတို့ အကျိုးစီးပွားကိုသာ ကာကွယ်ခြင်း၊ တည်ဆောက်ခြင်း သက်သက် ဖြစ်တာကို အတိုင်းသား မြင်တွေ့ရခြင်းပါပဲ။
တရုတ်ကျောင်းသားတွေကို အယူဝါဒမှိုင်းထည့်ပေးခြင်းဟာ တရုတ်နိုင်ငံအတွင်းမှာသာမက ကမ္ဘာချီ ပျံ့နှံ့ ရောက်ရှိပြီး ဒီစနစ်ကထွက်တဲ့ ထူးချွန်ကျောင်းသားတွေဟာ ကမ္ဘာ့အဆင့် အကယ်ဒမစ်ပညာရေးနယ်ပယ် ကိုပဲရောက်ရောက်၊ ပရော်ဖက်ရှင်နယ် နယ်ပယ်ထဲပဲ ရောက်ရောက် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းထဲ ရိုက် ထည့်ပေးလိုက်တဲ့ အတွေးအမြင်တွေက တစ်ပါတည်း ခေါင်းထဲ ပါလာတယ်။ ဒါဟာ နိုင်ငံတကာ လူ့အခွင့် အရေးဆွေးနွေးမှုတွေကို ရှုပ်ထွေးစေကုန်တယ်။ သူတို့က တိဗက်၊ ရှင်းဂျန်းနဲ့ ထိုင်ဝမ်အရေးတွေမှာ အဖြစ် မှန်တွေကို ဝေဖန်ပိုင်းခြားဖို့ ဖော်ထုတ်ဖို့ ဆန္ဒမရှိ၊ မစွမ်းဆောင်နိုင်၊ မလုပ်ရဲကြတဲ့ နောက်ဆက်တွဲ အဓမ္မ တရားတွေ ယိုစီးတော့တာပါပဲ။
ဆိုးကျိုးက ဒီထက်ပိုပါတယ်။ တရုတ်နဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပညာရေးမော်ဒယ်ဟာ ကမ္ဘာတစ်ဝန်းလုံးက အာဏာရှင်အုပ်စိုးသူတွေ ခြေရာထပ်လိုက်ပြီး ပညာရေးကို သူတို့အာဏာမြဲရေးအတွက် လက်နက်အဖြစ် ဘယ်လို အသုံးချရမယ်၊ တွန်းကန်လာမှုတွေကို ဘယ်လိုဖိနှိပ်ရမယ်ဆိုတဲ့ အတုယူမှုတွေကို ဖြစ်တည်လာစေ ပါတယ်။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းက ပညာရေးလွတ်လပ်မှု၊ ယုံကြည်ရတဲ့ ပညာရေးစနစ်၊ အခြေခံလူ့အခွင့်အရေးတွေဆိုတာ ဘယ်လိုဖြစ်ကြောင်း မဖြစ်မနေ သိရှိစေအပ်ပြီး တွန်းအားပေး ပဲ့ပြင်မှ ဖြစ်ပါတော့မယ်။ ဒီလိုမှ မဟုတ်ရင်လည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ အရေခြုံ မှိုင်းတိုက်ပညာရေးအတု၊ အစိုးရ ခေါင်းဆောင်ရှီကျင်းဖျင်ရဲ့ အစိုးရမူဝါဒဆိုးကို မဖြစ်မနေ ချေမှုန်းဖို့နည်းလမ်းသာ ရှိပါတော့ကြောင်း . . .။
#MeKongNews








