~ ခွန်ချိုင်း ~
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေမှာ စစ်ရှုံးခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာ လဆန်းပိုင်းက ပထမဆုံးတရုတ်နိုင်ငံခရီးစဥ်ဟာ တော်လှန်ရေးတပ်တွေ အထူးသတိထား စောင့်ကြည့်ခဲ့ရတဲ့ ခရီးစဥ်ဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အတွက် ပိုသတိထားရမယ့် ခရီးစဥ်လို့ ဆိုနိုင်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ သိမ်းပိုက်ထားတဲ့ နယ်မြေတွေအတွက် တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု၊ စစ်ခေါင်းဆောင်နဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေး၊ ဒီအရာတွေ အပေါ်အခြေခံပြီး ရှမ်းမြောက်ကို တန်ပြန်တိုက်ခိုက်မယ့် အလားအလာတွေကို စောင့်ကြည့်ရမှာပါ။
စစ်ခေါင်းဆောင်ရဲ့ ငါးရက်အကြာခရီးစဥ်မှာ ဒေသတွင်းအစည်းအဝေးတွေ တက်ခဲ့တဲ့အပြင် တရုတ်နိုင်ငံ ဝန်ကြီးချုပ်၊ ယူနန်ပြည်နယ်၊ ချုံချင်းပြည်နယ် ပါတီအတွင်းရေးမှူးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံ နယ်မြေကိုအခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း မှန်သမျှ လက်မခံကြောင်း၊ မြန်မာဘက်ကလည်း တရုတ်တနိုင်ငံတည်းမူဝါဒကို ထပ်လောင်းအတည်ပြုခဲ့ပြီး အထူးအောင်မြင်တဲ့ ခရီးစဥ်ဖြစ်တယ်လို့ စစ်ကောင်စီက ကြွေးကြော်ပါတယ်။
ထင်မှတ်ထားသည်ထက် အောင်မြင်ခဲ့ပြီး မင်းအောင်လှိုင်စစ်တပ် အရှုံးကြီးခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ဟာ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်မတိုင်မီ တစ်နှစ်ပြည့်ခဲ့တာပါ။ ရှုံးနိမ့်ထားတဲ့ နယ်မြေတွေ ပြန်ယူမယ်လို့ ကြုံးဝါးထားပြီး တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ မင်းအောင်လှိုင်ခရီးစဥ်ကို တော်လှန်ရေးအဖွဲ့တွေ သတိထားစောင့်ကြည့်ခဲ့တာ သဘာဝကျပါတယ်။
စစ်ခေါင်းဆောင် တရုတ်မသွားမီ မြောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေအပေါ် တရုတ်နိုင်ငံရဲ့ မူဝါဒဟာလည်း ရုတ်ချည်းပြောင်းလဲသွားခဲ့ပါတယ်။ ရှမ်းမြောက်နယ်မြေအများစု ပြန်လည်သိမ်းပိုက်ဖို့ တရုတ်ရဲ့ ထောက်ခံမှုရခဲ့ပြီး လားရှိုးနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တိုက်ခိုက်သိမ်းပိုက်ပြီးချိန်မှာတော့ တရုတ်နိုင်ငံရဲ့ သဘောထားဟာ တော်လှန်ရေး လက်နက်ကိုင် တွေပေါ် ပြောင်းပြန်ဖြစ်သွားပါတော့တယ်။
ယခုနှစ် ဩဂုတ် ၃ ရက်က လားရှိုးအခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့တဲ့ MNDAA တပ်ဖွဲ့ဝင်များ (Photo- The Kokang)
တော်လှန်ရေးတပ်တွေအပေါ် လျှပ်စစ်၊ ရေ၊ ရိက္ခာ၊ စစ်လက်နက်ပစ္စည်းနဲ့ အင်တာနက် စတဲ့ ဖြတ်ငါးဖြတ်နဲ့ ကိုးကန့်တပ် MNDAA ကို စတင်ဖြတ်တောက်ပါတော့တယ်။ ဒီလိုဖြတ်တောက်မှုကို MNDAA အပေါ်အထိုက်အလျှောက် သြဇာရှိတဲ့ “ဝ” တပ် UWSA မှတဆင့် ဖြတ်တောက်ဖို့ ဖိအားပေးခဲ့တာပါ။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ် အားလုံးနီးပါးကို တရုတ်ဘက်က တဖက်သတ်ပိတ်ခဲ့ပါတယ်။
ဒီလို တရုတ်မူဝါဒတွေ ပြောင်းပြန်ဖြစ်သွားစေမယ့် အခြေအနေတွေရဲ့ အစဟာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိရဲ့ နေပြည်တော်ခရီးစဥ်က စတင်တယ်လို့ ခန့်မှန်းရပါတယ်။
နိုင်ငံတကာက ဖယ်ကျဥ်ထားတဲ့ စစ်ရှုံးခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဥ် စတင်ဖို့ဖြစ်လာတာ ယခုနှစ် သြဂုတ်လက နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာခဲ့ချိန်တုန်းက ကူမင်းမှာကျင်းပမယ့် ၈ ကြိမ်မြောက် မဟာမဲခေါင်အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်ရဲ့ထောက်ခံမှုရဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ကြိုးစားမှုတွေရှိခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင်းဖျင့်နဲ့ တွေ့ဆုံဖို့ ကြိုးစားမှုတွေ၊ တရုတ်နိုင်ငံကို တရားဝင်သွားရောက်ပြီး စစ်တပ်အာဏာသိမ်းတာကို နိုင်ငံတကာအမြင်မမှားစေဖို့ တရုတ်ကတဆင့် သံတမန်ဆက်ဆံရေး ထူးထောင်နိုင်ဖို့ စစ်ခေါင်းဆောင်ဟာ အားကိုးတကြီး ကြိုးစားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
တရုတ်နိုင်ငံရဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အပေါ် အမျက်တော်ရှစေခဲ့တာ တရုတ်နိုင်ငံအတွင်း ဝေဖန်မှုမြင့်တက်စေခဲ့တဲ့ အွန်လိုင်းလိမ်လည်မှုလို့ခေါ်တဲ့ ကျားဖြန့်တွေကို နှိမ်နင်းဖို့ မင်းအောင်လှိုင်ကို ရာဇသံပေးခဲ့တာက စတင်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီနောက်မှာတော့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” ပေါ်ပေါက်လာတာပါ။ ဒီဖြစ်စဥ်နှစ်ခုကို ဆက်စပ်ကြည့်မယ်ဆိုရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်ဖြစ်စေချင်ခဲ့တဲ့ နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်စွမ်း မရှိတာကြောင့် တရုတ်နိုင်ငံဟာ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ဖို့ မီးစိမ်းပြလိုက်တာလို့ နားလည်ရပါတယ်။
စစ်တပ်အထိနာစေခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” မြောက်ပိုင်းညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်မှာလည်း အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်ရှင်းလင်းဖမ်းဆီးရေးဆိုတဲ့ အချက်ပါဝင်ပါတယ်။
တရုတ်နယ်စပ် ကိုးကန့်ဒေသမှ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် ဖမ်းဆီးပြီးနောက် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ထိုအချိန်မှသာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်နေသူတွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံထံ လွှဲပေးတဲ့လုပ်ငန်းစဥ် စပါတော့တယ်။
ကိုးကန့်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ လောက်ကိုင်ကို မဟာမိတ်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တုန်းက စစ်ကောင်စီသစ္စာခံ ကိုးကန့်နယ်ခြားစောင့်တပ် တည်ထောင်သူ ပယ်ဆောက်ချိန်ကို စစ်ကောင်စီက ရဟတ်ယာဥ်တွေနဲ့ ကယ်ထုတ်သွားဖူးပါတယ်။
ဒီနောက်မှာတော့ ကိုးကန့်ဒေသမှာ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းခေါင်းဆောင်တွေကို တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ အွန်လိုင်း ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ တရားခံတွေကို စစ်ကောင်စီက ဝှက်ပေးထားတယ်လို့လည်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
တရုတ်အာဏာပိုင်တွေ ဖမ်းဝရမ်းထုတ်ပြီးနောက် လောက်ကိုင်ကနေ ကယ်ထုတ်ပြီး ဝှက်ပေးထားတဲ့ ကိုးကန့်နယ်ခြားစောင့်တပ် တည်ထောင်သူ ပယ်ဆောက်ချိန်အပါ ၁၀ ဦးကို ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ စစ်ကောင်စီက တရုတ်ထံလွှဲပြောင်းပေးလိုက်ပါတယ်။ ဒီလူတွေကို တရုတ်အာဏာပိုင်တွေက နေပြည်တော်လေဆိပ်ထိ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
တရုတ်အာဏာပိုင်တွေ နေပြည်တော်အထိ လာဖမ်းသွားတဲ့သူတွေမှာ ကိုးကန့်ဒေသခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ သားဖြစ်သူ ပယ်ရင်ချန်၊ နယ်ခြားစောင့်တပ်ရင်း ၁၀၀၆ ဥက္ကဋ္ဌ ဝေဆန်း၊ ဖူလီလိုက် လုပ်ငန်းစုက ရွှီလောက်ဖာ၊ လျှိုကျိန်မောက်၊ ဟိန်းလီလုပ်ငန်းစု CEO ဝေယုံ (ခ) ဒေါ်ချောချောအေး တို့နဲ့အတူ မြီ မိသားစုပိုင်တဲ့ ဝေါ့ဖူဆန်းကျွမ်းဟိုတယ် သေနတ်ပစ်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူ လေးဦးတို့ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ တရုတ်အမျက်တော်ရှမှာ မလိုလားတဲ့အတွက် သူ့ကိုသစ္စာခံသူကိုပါ တရုတ်လက်ထဲ ထိုးကျွေးလိုက်တာပါ။ ကိုးကန့်နယ်ခြားစောင့်တပ် တည်ထောင်သူ ပယ်ဆောက်ချိန်ဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကိုးကန့်မဲဆန္ဒနယ် အမှတ် ၂၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ခိုင်ဖြိုးပါတီကနေ ရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။
ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ ဆွေးနွေးဖို့အတွက် တရုတ်တာဝန်ရှိသူတွေ ကြားနေပြီး ဟိုက်ဂင်နွေးဆွေးပွဲတွေ လုပ်ခဲ့ပါသေးတယ်။ ဆွေးနွေးချိန်မှာတင် တိုက်ပွဲတွေ ဆက်ဖြစ်ပြီးနောက် ထိုသဘောတူညီချက်ဟာလည်း အရာမထင်ဖြစ်ခဲ့ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” ကို ကိုးကန့်မိသားစုချင်း ဖြစ်တဲ့ပြဿနာလို့ ခပ်ပေါ့ပေါ့ပြောခဲ့တဲ့ စစ်ကောင်စီဟာ ရှမ်းမြောက်က မြို့ ၂၀ ကျော်၊ တရုတ်နဲ့ နယ်စပ်ဂိတ်တွေ၊ ကိုးကန့်ဒေသက တပ်စခန်းတွေ အားလုံးကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။ ကိုးကန့်ဒေသကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ဆင်ရေးဟာ ရပ်မသွားဘဲ စစ်ဆင်ရေးဒုတိယပိုင်းအဖြစ် လားရှိုးနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အထိ စစ်မျက်နှာ ထပ်ဖွင့်ခဲ့ပါတယ်။
လားရှိုးအခြေစိုက် ရမခကို ကိုးကန့်တပ် MNDAA က သြဂုတ် ၃ ရက်နေ့မှာ သိမ်းပိုက်ပြီးနောက် စစ်တပ်သမိုင်းမှာ ပထမဆုံးအကြိမ် တိုင်းစစ်ဌာနချုပ်ကြီးတစ်ခု သိမ်းပိုက်ခံရခြင်း ဖြစ်လာပါတော့တယ်။
မရှုမလှရှုံးနိမ့်ခဲ့ပြီးတဲ့နောက် စစ်ခေါင်းဆောင်ဟာ ဒီစစ်ဆင်ရေးမှာ တရုတ်အစိုးရ ပါဝင်ပတ်သက်နေတယ်လို့ ကိုယ်တိုင်ထုတ်ဖော် ပြောဆိုလာပါတယ်။ ဒီနောက်မှာတော့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ စစ်တပ်ထောက်ခံသူတွေဟာ မြို့ကြီးတွေမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်လာခဲ့ပါတယ်။
နိုဝင်ဘာ ၇ က တရုတ်နိုင်ငံ ချုံချင်းမြို့ရောက်စဉ် ဒရုန်းစက်ရုံသို့ သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် (Photo- စစ်ကောင်စီ)
စစ်ကောင်စီဟာလည်း လက်လွှတ်ဆုံးရှုံးသွားတဲ့ မြို့တွေကို လေကြောင်းကအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ဆင်ရေးတစ်နှစ်အတွင်း ထောင်ချီရှိပါတယ်။ စစ်တပ် မရှုမလှရှုံးနိမ့်ခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ မူဝါဒဟာလည်း ရုတ်ချည်းပြောင်းလဲ သွားပါတယ်။
ဒီပြောင်းလဲသွားတဲ့ မူဝါဒမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောသွားတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စည်းသုံးစည်းအကြောင်း သက်ရောက်မှုလို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဝမ်ယိပြောသွားတဲ့ စည်းသုံးစည်းမှာ ပြည်တွင်းမတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ် ဖြစ်ပွားလို့ မရခြင်း၊ အာဆီယံလမ်းကြောင်းနဲ့ ကင်းကွာလို့ မရခြင်း၊ ပြည်ပအင်အားစုတွေ စိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ ဖြစ်ပါတယ်။
ဒီပြောကြားမှုပြီးနောက် ကိုးကန့်တပ် (MNDAA) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတွေ လုံးဝပြုလုပ်မှာမဟုတ်ကြောင်း စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ရပါတယ်။
ဒီအပြောင်းအလဲဟာ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ မြောက်ပိုင်းတော်လှန်ရေးတပ်တွေကို ပိတ်ဆို့အရေးယူရေး၊ ဖြတ်ငါးဖြတ်ဖြစ်ပါတယ်။ ဒီလိုဖိအားပေးပြီးနောက် ရှမ်းမြောက် ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ထိုးစစ်အရှိန် သိသိသာသာလျော့ကျသွားခဲ့ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” မှာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ NUG လက်အောက်ခံ PDF တပ်ရင်းတွေကိုလည်း “ဝ” တပ် UWSA မှတဆင့် ဌာနေပြန်ဖို့ ဖိအားပေးခဲ့တယ်လို့ ယူဆဖွယ်ရှိပါတယ်။ ကိုးကန့်တပ်ကိုလည်း တိုက်ရိုက်ဖိအားပေးတာ ဖြစ်နိုင်ပါတယ်။ သို့သော် ကိုးကန့်တပ်ရော၊ ဝ တပ်ဖွဲ့ပါ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဥ်ပြီးနောက် ရုတ်ချည်းပြောင်းလဲသွားတဲ့ မူဝါဒတွေဟာ သက်ရောက်မှုက ပြောင်းပြန်ဖြစ်သွားတဲ့အထိလို့ ဆိုနိုင်ပါတယ်။ နိုင်ငံတကာမှာ ခေါင်းမဖော်နိုင်အောင် ဖြစ်ခဲ့တဲ့ စစ်ခေါင်းဆောင်ကို ပွဲထုတ်ပြီး တော်လှန်ရေးအဖွဲ့တွေကို ပြန်လည်ပိတ်ဆို့ဖိအားပေးတာဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက လိုသလိုပုံသွင်းနိုင်တယ်ဆိုတာ ပြသတဲ့ သဘောဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ သူရှုံးနိမ့်ခဲ့တဲ့ ရှမ်းမြောက်က နယ်မြေတွေပြန်ရဖို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ကိုးကန့်တပ် MNDAA ကို အထက်စီးဆန်ဆန် ကမ်းလှမ်းပါတယ်။ ဒီကမ်းလှမ်းချက်ကို ကိုးကန့်တပ် ဘက်က မည်သည့်တုံ့ပြန်ချက်မှ မရှိသေးပါ။
တဖက်က ကမ်းလှမ်းနေပေမယ့် ရမခ စစ်တိုင်းကြီးတစ်ခုလုံး ရှုံးနိမ့်သွားခဲ့တဲ့ လားရှိုးမြို့ကိုတော့ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေပါတယ်။ ဒါ့အပြင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တွေကိုလည်း တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ဆက်တိုက်ဗုံးကြဲမှုတွေ လုပ်နေပါတယ်။
တရုတ်က ပြန်လာပြီး ရက်ပိုင်းအတွင်း ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေအပါ ဆယ်နဲ့ချီသေဆုံးခဲ့တဲ့အထိ စစ်ခေါင်းဆောင်ဟာ ကြမ်းကြုတ်ပြခဲ့ပါတယ်။
MNDAA ကို လားရှိုးမြို့မှ ဆုတ်ခွာပြီး ကိုးကန့်ဒေသတွင်းမှာသာ လှုပ်ရှားဖို့ တရုတ်ရော၊ စစ်ကောင်စီပါ ဆန္ဒရှိပုံရပါတယ်။ လက်ရှိမှာလည်း ရှမ်းတောင်ပိုင်းက တပ်တွေကို နောင်ချိုစစ်မျက်နှာ ပို့တာတွေ၊ ရှမ်းအရှေ့ပိုင်းက တပ်တွေကို လားရှိုးအနီးတဝိုက်ကို ပို့တာတွေ လုပ်ဆောင်ပြီး စစ်ကောင်စီဟာ စစ်ရေးအရ ဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။
TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုအနီးက တောင်ခမ်းရွာကို ရှမ်းတောင်တပ်တွေပို့နေသလို၊ MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့အနီးကိုတော့ ရှမ်းအရှေ့က တပ်တွေ ပို့ဆောင်နေတာပါ။ လားရှိုး- မိုင်းရယ်- တန့်ယန်း၊ လဲချား-မိုင်းနောင် လမ်းခွဲ၊ မိုင်းရယ်- ကောင်းလမ်း၊ ဝမ်စပ်-မိုင်းရယ်-ဟိုယ ဘက်တွေမှာ စစ်ကောင်စီတပ်တွေဟာ ရှေ့တိုးနေရာယူနေကြပါတယ်။
တရုတ်ထောက်ခံမှုကြောင့် ကိုးကန့်နယ်မြေတွေ ပြန်တိုက်ယူပြီး လားရှိုးနဲ့ ရမခ စစ်တိုင်းကြီးပါ သိမ်းပိုက်နိုင်တဲ့အထိ သမိုင်းဝင်အောင်ပွဲရခဲ့တဲ့ MNDAA အနေဖြင့် လက်ရှိအချိန်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရမှာ အသေချာပါပဲ။
ဖိအားတွေအောက်ရောက်နေတဲ့ ကိုးကန့်တပ်ရဲ့ ဆုံးဖြတ်ချက်ဟာ တရုတ်ဖိအားကိုတော့ တွန်းလှန်ဖို့ခက်ပါလိမ့်မယ်။ တရုတ်ဖိအားကို တွန်းလှန်ပြီး စစ်ကောင်စီနဲ့ ရင်ဆိုင်မယ်ဆိုရင် ကိုးကန့်ဒေသနဲ့ လားရှိုးမြို့တွေမှာ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာနိုင်ပါတယ်။ ။
#MeKongNews
#စစ်ကောင်စီ
#ရှမ်းမြောက်
#တရုတ်
#ပိတ်ဆို့
#ဖြတ်တောက်
#ကိုးကန့်
#တအာင်း
#ပလောင်
#သုံးသပ်ချက်
#ဆောင်းပါး










