အယ်ဒီတာ့အာဘော် (၁၂-၁၁-၂၀၂၄)
မြန်မာပြည်သူအများစု တခဲနက်အားပေးထောက်ခံခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက အရှိန်အဟုန်နဲ့ ဟုန်းဟုန်းတောက်နေချိန်မှာပဲ ရုတ်တရက် ရေလောင်းခံရသလို တမဟုတ်ချင်းငြိမ်သက်သွားတာဟာ တရုတ်ဩဇာကိုမြင်သာစေတဲ့ မီးမောင်းပါပဲ။ မြန်မာစကားပုံအရ “ ကောက်ရိုးမီး”သဏ္ဍန်လို့ပြောရင်မြင်သာမယ်ထင်ပါတယ်။
လားရှိုးမြို့အထိတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ကြဖို့ တရုတ်ရဲ့ရာဇသံဟာ၁၀၂၇စစ်ဆင်ရေးကိုငြိမ်သက်သွားစေတာပါပဲ။ တကယ်တော့ လားရှိးအထိတိုက်ခိုက်သိမ်းပိုက်ခဲ့တာ မဟာမိတ်သုံးဖွဲ့အပြင်၂၀၂၁အာဏာသိမ်းပြီးကာမှပေါ်ပေါက်လာတဲ့ BPLA, PLAနဲ့ NUG လက်အောက်ခံPDFတပ်ရင်းတွေပါဝင်ပါတယ်။
တရုတ်ရဲ့အဲ့ဒီလုပ်ရပ်ဟာမြန်မာပြည်တွင်းရေးကို သိသာထင်ရှားစွာဝင်ရောက်စွက်ဖက်တဲ့လုပ်ရပ်ပဲလို့ အများပြည်သူကကောက်ချက်ချပြောဆိုကြပေမယ့် တရုတ်ကတော့ရှေ့ကိုတိုးနေဆဲပါပဲ။ တရုတ်ဟာမြန်ပြည်သူရဲ့ဆန္ဒကိုဥပေက္ခာပြုပြီး စစ်ကောင်စီသက်ဆိုးရှည်ရေးကိုသာ အလေးထားနေတာပေါ်လွင်ပါတယ်။ အစောပိုင်းထက် အခုနောက်ပိုင်းမှာသိသာထင်ရှားလာတာပါ။ မဟာမိတ်သုံးဖွဲ့မှာ တရုတ်ဩဇာကိုနာခံတာဆိုလို့MNDAAတစ်ဖွဲ့တည်းရယ်ပါ။ ကျန်အဖွဲ့တွေကစစ်ကောင်စီကိုဆက်လက်တွန်းလှန်တိုက်ခိုက်ဆဲပါပဲ။
တကယ်တော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပါတ်သက်ရင် သူ့အကျိုးစီးပွါးအတွက် သူ့အလုပ်သူလုပ်နေတာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်အုပ်စုကိုခေါင်းပုတ်ကြောသပ်ပြီး မြန်မာသယံဇာတတွေကို တန်ဖိုးနိမ့်နဲ့ထုတ်ယူပြီးစီးပွါးရှာနေတဲ့တရုတ်ဟာ စစ်ကောင်စီသက်ဆိုးရှည်မှသာ မြန်မာပြည်တွင်းမှာရင်းနှီးမြှုတ်နှံထားတဲ့ သူတို့ရဲ့စီးပွားရေးလည်းသက်ဆိုးရှည်မယ်လို့ယုံကြည်တွက်ဆထားပုံပေါ်ပါတယ်။ ဒီယူဆချက်နဲ့ပဲ စစ်ကောင်စီအနိုင်ရရေးအတွက် ကိုယ်ကျိုးစီပွါးဗျူဟာအရ စစ်ကောင်စီဘက်က ရပ်တည်တာဖြစ်တယ်လို့ ယူဆကြပါတယ်။
တရုတ်ကMNDAAအပစ်ရပ်ဖို့ရာဇသံပေးရုံတစ်ခုတည်းမဟုတ်ပဲ နယ်စပ်ဂိတ်တွေပိတ်ပြီးကုန်သွယ်ရေးပါရပ်ဆိုင်းလိုက်ပါတယ်။ သဘောကတော့ ကုန်သွယ်ရေးအခွန်ငွေတွေနဲ့ MNDAA ကြီးထွားဖွံ့ဖြိုးလာမယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့စစ်ကောင်စီအလိုကျကုန်သွယ်ရေးရပ်ဆိုင်းပေးတာပဲဖြစ်ပါတယ်။ ဒိအပြင်ငြိမ်းချမ်းရေးဆွေးနွေးတဲ့လမ်းကြောင်းပေါ်လျှောက်ဖို့လည်း လေသံပေးထားပါသေးတယ်။
တကယ်တော့တရုတ်ကနယ်စပ်ဂိတ်တွေပိတ်ပြီးကုန်သွယ်ရေးရပ်ဆိုင်းတာဟာMNDAAအပေါ်တိုက်ရိုက်သက်ရောက်မှုထက် ပြည်သူအပေါ်သက်ရောက်မှုကပိုကြီးမားပါတယ်။ အာဏာရှိသူတွေရဲ့ မဆင်မချင်လုပ်ရပ်တိုင်းဟာပြည်သူအပေါ်ပဲတိုက်ရိုက်သက်ရောက်ပါတယ်။ ခံရတာပြည်သူ၊ စံရတာ အာဏာရှင်လို့ပြောနိုင်ပါတယ်။ အခုလည်းနယ်စပ်ဂိတ်ပိတ်ပြီးကုန်သွယ်ရေးရပ်ဆိုင်းချိန်ကစပြီးကုန်စည်ရှားပါးမှုဒဏ်ကို ပြည်သူကပဲခံကြရတပါ။ အထိနာဆုံးကပြည်သူပါပဲ။
ပုံမှန်အတိုင်းကုန်သွယ်ရေးပြန်လည်စီးဆင်းဖို့ကMNDAAအပေါ်မူတည်တယ်လို့ပြောနိုင်ပါတယ်၊ အာဏာသိမ်းစစ်ခေါင်းဆောင်တရုတ်ပြည်သွားရောက်တုန်းကနယ်စပ်ဂိတ်တွေဆက်လက်ပိတ်ထားပေးဖို့တရုတ်ကိုတောင်းဆိုထားသလိုငြိမ်းချမ်းဆွေးနွေးဖို့အသင့်ရှိကြောင်းကိုလည်းလေသံပစ်ခဲ့ပါသေးတယ်။ ဒါကြောင့်နယ်စပ်ဂိတ်တွေ ရက်အကန့်အသတ်မရှိပိတ်ထားပါလိမ့်မယ်။ စစ်ကောင်စီရော တရုတ်ရောလိုလားတာကMNDAAအနေနဲ့စစ်ကောင်စီအလိုကျငြိမ်းချမ်းရေးဆွေးနွေးပြီးသိမ်းပိုက်ထားတဲ့နယ်မြေတွေ ပြန်ပေးမှ နယ်စပ်ဂိတ်တွေပြန်ဖွင့်မယ့်သဘောရှိပါတယ်။
MNDAAကငြိမ်းချမ်းရေးလည်းမဆွေးနွေးဘူး၊ သိမ်းပိုက်ထားတဲ့နယ်မြေတွေလည်းပြန်မပေးပဲတောင့်ခံထားမယ်၊ တင်းမာနေမယ်ဆိုရင်ဘာတွေဖြစ်လာနိုင်မလဲ။ ဒါဆိုရင်နယ်စပ်ဂိတ်တွေဆက်လက်ပိတ်ထားပါလိမ့်မယ်၊ နယ်စပ်ဂိတ်တွေပိတ်တာအချိန်ကြာမြင့်လာတာနဲ့အမျှ တရုတ်ပြည်တွင်းလုပ်ငန်းရှင်တွေလည်း အထိနာလာပါလိမ့်မယ်။ တရုတ်ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့သူတို့ရဲ့စီးပွါးရေးကိုရေရှည်ထိခိုက်ခံမှာမဟုတ်ပါဘူး၊ ဒါကြောင့် တရားမဝင်ကုန်သွယ်ရေးခေါင်းထောင်လာနိုင်ပါတယ်။ အထူးသဖြင့် မြန်မာသယံဇာတတွေ ဈေးပေါပေါနဲ့ တရုတ်ပြည်ထဲရောက်ရှိပြီး တရုတ်ဘက်ကကုန်ပစ္စည်းတွေဈေးကြီးကြီးနဲ့မြန်မာနိုင်ငံထဲရောက်ရှိလာပါလိမ့်မယ်။
MNDAA ကနေမြဲအတိုင်းဆက်လက်တင်းမာထားမယ်ဆိုရင် ပြည်သူတွေအဆိုးဆုံးရင်ဆိုင်ရမှာက စစ်ကောင်စီကလက်နှက်ကြီးတွေရမ်းသမ်းပစ်ခတ်တာရယ် လေကြောင်းကဗုံးကြဲတာရယ်ပါ။ စစ်ကောင်စီဖိအားက နယ်စပ်ဂိတ်ပိတ်တာထက်ပိုမိုဆိုးရွားပါ တယ်။ သဘောကတော့တရုတ်ဖိအားထက် စစ်ကောင်စီဖိအားကဒေသခံပြည်သူတွေအတွက်အန္တရာယ်ကြီးမားပါလိမ့်မယ်။ မြို့ရွာတွေမီးရှို့တာ၊ ဗုံးကြဲတာ၊ လက်နှက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာ အစရှိတဲ့ မဆင်မချင်လုပ်ရပ်ကိုဒေသခံပြည်သူတွေခံကြရပါလိမ်မယ်။ စစ်ကောင်စီဘက်ကလည်းအာဏာသက်ဆိုးရှည်ဖို့နဲ့ဆုံးရှုံးနယ်မြေတွေပြန်ရဖို့အတွက်ပြည်သူကိုငဲ့ကွက်နေမှာမဟုတ်ပါဘူး။ ဘယ်တုန်းကမှလည်း ငဲ့ကွက်ခဲ့ရိုးထုံးစံမရှိခဲ့ပါဘူး။
အကယ်၍များ MNDAAက တသက်လုံးငြိမ်းချမ်းရေးမဆွေးနွေးပဲစောင့်ထိန်းခဲ့တဲ့ ရပ်တည်ချက်ကိုပါယ်ဖျက်ပြီး စစ်ကောင်စီနဲ့တရုတ်ကျလိုက်လျှောမယ်ဆိုရင်ပြည်သူတွေလက်နှက်ကြီးအန္တရာယ်နဲ့လေကြောင်းဗုံးကြဲအန္တရာယ်ကနေကင်းလွတ်ပြီးနယ်စပ်ဂိတ်တွေလည်းပြန်ဖွင့်လာနိုင်ပါတယ်။
အဲ့သလိုလုပ်လိုက်ရင်တော်လှန်ရေးအပေါ်သစ္စာဖေါက်တာပဲလို့ယူဆကြတာတွေလည်းရှိသလိုနယ်မြေသိမ်းတိုက်ပွဲတွေမှာအသက်ဆုံးရှံးခဲ့သူတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုသစ္စာဖေါက်တဲ့သဘော ၊ တန်ဖိုးမထားတဲ့သဘောသက်ရောက်ပါလိမ့်မယ်။ ဒိအပြင်အောင်ပွဲအလီလီရခဲ့တုန်းကတခဲနက်အားပေးထောက်ခံခဲ့တဲ့အများပြည်သူကရှံ့ချတာ၊အာ ဏာသိမ်းစစ်တပ်ကိုအားပေးထောက်ခံသူတွေရဲ့လှောင်ပြောင်သရော်တာ၊ ဒေသတွင်းပြည်သူရဲ့ယုံကြည်ကိုးစားမှုကျဆင်းတာတွေပါMNDAAရရှိပါလိမ့်မယ်။
ဒါတင်မဟုတ်ပါဘူး၊ စစ်ကောင်စီရဲ့လက်ကိုင်တုတ်သဖွယ်၊ စစ်ကောင်စီရဲ့ ခါးပိုက်ဆောင်တပ်သဖွယ် ပြည့်သူ့စစ်လိုလို နယ်ခြားစောင့်လိုလိုနဲ့ အမြဲတမ်းစစ်ကောင်စီရဲ့ခေါင်းပုတ်ခိုင်းစေခြင်းကိုခံနေရပါလိမ့်မယ်။ ဒိအပြင်တချိန်ကမဟာမိတ်အဖြစ်ရင်းနှီးခဲ့သူတွေ၊ လက်တွဲခဲ့ကြသူတွေနဲ့ရန်ဘက်အထိဖြစ်သွားနိုင်ပါတယ်။ တော်လှန်ရေးအပေါ်လည်းအနည်းနဲ့အများသက်ရောက်မှုရှိလာပါလိမ့်မယ်။
တကယ်တော့ MNDAA ဆိုတာ၂၀၂၁စစ်အာဏာသိမ်းကာမှပေါ်ပေါက်လာတဲ့တော်လှန်ရေးအဖွဲ့မဟုတ်ပါဘူး၊ ဝါရင့်ပြီးအရည်ထူနေတဲ့တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့ဖြစ်ပါတယ်၊ သူလည်းပဲသူ့အကျိုးပွါးကိုရှေ့ရှုမှာဖြစ်သလို သူ့ရဲ့တော်လှန်ရေးဂုဏ်သိက္ခာကိုလည်းထည့်သွင်းတွက်ချက်လိမ့်မယ်ယူဆပါတယ်။ ဒါကြောင့် MNDAA ဘယ်လမ်းရွေးမလဲစောင့်ကြည့်ရုံပါပဲ။
#MeKongNews
#မဲခေါင်အာဘော်








