လင်းမောင်
မြန်မာပြည်တွင်းစစ်ကြီးကို ဖြန်ဖြေဖို့ ကြိုးစားနေရင်း တရုတ်ဟာ ဒီအရေးမှာ ခုံသမာဓိဒိုင်နေရာကို လိုချင်နေ ကြောင်း မဖုံးနိုင်မဖိနိုင်ပေါ်ထွက်လာခဲ့ပါပြီ။ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို တရုတ်ဘက်က မြန်မာစစ်ကောင်စီနဲ့ စစ်အစိုးရကို တိုက်ခိုက်နေတာတွေ ရပ်တော့ဆိုပြီး ခြိမ်းခြောက်တဲ့ စာ တစ်စောင် တရုတ်ဘက်က ပေးပို့ခဲ့တယ်ဆိုတဲ့ သတင်းသက်သေတွေ ထွက်ပေါ်လာပြီးနောက် တရုတ်ဟာ မြန်မာပြည်သူတွေရဲ့ ရှုတ်ချဆန့်ကျင်ခြင်းနဲ့သာ ပြန်လည် ရင်ဆိုင်ခဲ့ရတာကို အတိုင်းသား တွေ့မြင်ခဲ့ရပါပြီ။
ဧရာ၀တီသတင်းမှာ ရွှေလီလုံခြုံရေးကော်မတီက TNLA ဆီ ပို့တဲ့စာထဲမှာ “ ချက်ချင်းတိုက်ခိုက်တာရပ်၊ တရုတ် အစိုးရနဲ့ပူးပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တရုတ်-မြန်မာနယ်စပ်တစ်လျှောက်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တည်ဆောက်ပါ၊ ဒါမှမဟုတ်ရင် ပိုမိုဟန့်တားမှုနဲ့ အရေးယူခံရမှုတွေကို ရင်ဆိုင်ရလိမ့်မယ်” လို့ ရေးသားဖော်ပြထားကြောင်း ဖော်ပြပါရှိပါတယ်။ TNLA ဘက်ကလည်း ဒီခြိမ်းခြောက်စာရကြောင်း အတည်ပြု ထုတ်ပြန်ပါတယ်။ ဒီ ခြိမ်းခြောက်မှုက တရုတ်ဟာ မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေ ရပ်တန့်ဖို့အရေး တော်တော် လေး စိတ်ပျက်နေရပြီး ကြားနေအဖြစ်ကနေ ဘယ်သူကတော့ တိုက်၊ ဘယ်သူကတော့ မတိုက်နဲ့ဆိုတာကို ဝင်ဆုံးဖြတ်ပေးသူအဖြစ်ပါ ရေချိန်ပြောင်းလဲ စွက်ဖက်လာတာ ထင်ရှားခဲ့ပါတယ်။
မီဒီယာတွေရဲ့ ဖော်ပြချက်အရ တရုတ်ဟာ ဒီအခြေအနေမှာ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရွှေလီနဲ့ မူဆယ် နယ်စပ်ဂိတ်ကို ပိတ်ထားလိုက်ပြီး TNLA ဘက်က စစ်ကောင်စီကို တိုက်ခိုက်တာတွေရပ်တန့်စေဖို့ အလို့ငှာ လောင်စာဆီထောက်ပံ့မှုအပါ ကုန်စည်ထောက်ပံ့မှုတွေကို ပိတ်ဆို့လုပ်လာတယ်လို့ သိရတယ်။ တစ်ပြိုင်တည်း မှာပဲ နယ်စပ်တစ်လျှောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ရွှေလီနယ်စပ်မှာ အင်အား တိုးမြှင့်ပြီး လက်တွေ့ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ပြလာတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီ စစ်ရေးလေ့ကျင့်ပစ်ခတ်မှုဟာ နယ်စပ်ဒေသ လုံခြုံရေးနဲ့တည်ငြိမ်ရေး အတွက်ဖြစ်ကြောင်း ထုတ်ပြန်တယ်။ ဒါပေမဲ့ တရုတ်ဟာ မြန်မာပြည်မြောက်ပိုင်း ပဋိပက္ခကို မျက်လုံးဒေါက် ထောက်ကြည့်နေပြီး ငြိမ်းချမ်းရေးဖြစ်တည်အောင် မြှင့်တင်ဆောက်ရွက်လိုရင်းကို မြင်တွေရပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ရင်ကြားစေ့နိုင်ရေးကို အစဉ်လိုလားတဲ့အတိုင်း အခိုင် အမာရပ်တည်နေဆဲဖြစ်ပြီး မြောက်မြန်မာမှာ တင်းမာမှုတွေလျှော့ချနိုင်ဖို့အလိုရှိကြောင်းလည်း တရုတ်အစိုးရ ဘက်က ထုတ်ပြန်တယ်။ ဒီလို သကာဖုံးတဲ့ သံတမန်စကားဆိုပေမယ့် ကန့်လန့်ကာနောက်ကွယ်မှာတော့ တရုတ် ဟာ မြန်မာ့အရေးကို တိုက်ခိုက်စွက်ဖက်ပြီး မြောက်မြန်မာမှာ တိုက်ပွဲတွေ ရပ်တန့်သွားဖို့ ခြိမ်းခြောက်လာတာ အထင်အရှားမြင်တွေ့ရပါပြီ။
အထူးစိတ်ဝင်စားစရာကောင်းတာက ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံက ထောင်သောင်းမက များစွာသော အင်တာနက်အသုံးပြုသူတွေဟာ တရုတ်ရဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်တဲ့ Post အပေါ် အုံကျင်းဖွဲ့ ဝိုင်းဝန်း ဝေဖန်လာကြတာပဲဖြစ်ပါတယ်။ အားလုံးကလည်း TNLA ဘက်က ဆန့်ကျင်မှုကို အားပေးထောက်ခံမှုတွေနဲ့ပေါ့။
TNLA ပြောရေးဆိုခွင့်ရှိသူက တရုတ်ရဲ့ ခြိမ်းခြောက်စာနဲ့ပတ်သက်လို့ “ တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ တရုတ်နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကာကွယ်ရေးတွေအတွက် ပစ်ခတ်တိုက်ခိုက်မှုတွေကို ချက်ချင်း မဖြစ်မနေရပ်ပါဆိုတာမျိုးပေါ့။ ဒီစာမှာ သတိပေးမှုကို လက်မခံရင် တရုတ်က သင်ခန်းစာတွေ သင် ပေးလိုက်စမ်းမယ်။ အကျိုးဆက်တွေအတွက် TNLA တာဝန်ခံကိုခံရမယ်လို့ ရွှေလီ လုံခြုံရေးကော်မတီက စာပို့ တာပါ “ လို့ ပြောသွားခဲ့တယ်။
မကြာသေးခင်က ပေကျင်းမှာ ပုံမှန်တရုတ်အစိုးရလုပ်ဆောင်နေကြ အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခအပေါ် တရုတ်ဘက်က အထူးစိုးရိမ် ပူပန်ကြောင်း၊ ဒါကြောင့် အခြေအနေတွေ တင်းမာမှုလျှော့ချပြီး အေးချမ်းတဲ့အခြေအနေရောက်ဖို့ အားစိုက် ကြိုးပမ်းမှာဖြစ်ကြောင်း လည်း ထည့်သွင်းပြောဆိုခဲ့ပြန်တယ်။
ဒီလို သူတပါးနိုင်ငံအတွင်းရေး ဝင်ရောက်စွက်ဖက်ခြယ်လှယ်လာမှုကို ရန်ကုန်မှာ အခြေစိုက်တဲ့ ရေဘဝဲ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့က Online Campaign တစ်ရပ်လုပ်ပြီး တရုတ်ကို ပြန်လည် သတိပေး မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ “ ငါတို့သည် တော်လှန်ရေးအင်အားစုများဖြစ်သည်။ ငါတို့သည် ကိုယ့်ပြည်သူ့ အသံကိုသာ နားထောင်သည်။ ဒီပို့စ်မှာ မင်းတို့မြင်ရမယ့် Comment တွေက ငါတို့ပြည်သူတွေရဲ့အသံတွေဖြစ် သည်။ ခင်ဗျားတို့ ဒီပြည်သူတွေရဲ့ အသံ၊ ပြည်သူ့အစိုးရရဲ့ အသံ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အသံကို နားထောင်မယ်ဆိုရင် အမှန်တရားဘက်က ရပ်တည်ပါ။ အိမ်နီးချင်ကောင်းဖြစ်ခဲ့ရင် ကြီးမားတဲ့ အကျိုးစီးပွား ကိုလည်း မင်းတို့ ရပါလိမ့်မယ်” လို့ ကြွေးကျော် ထုတ်ပြန်သွားပါတယ်။
တခြားသော ပြည်သူပေါင်းများစွာ၊ အဖွဲ့အစည်းပေါင်းများစွာကလည်း တရုတ်အနေနဲ့ ဖက်စစ် စစ်တပ်ကို ထောက်ပံ့နေခြင်းထက် တော်လှန်ရေးအင်အားစုတွေနဲ့ NUG အစိုးရကို ထောက်ပံ့ဖို့ တိုက်တွန်းတောင်းဆို မှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာ့အရေး ငြိမ်းချမ်းစေချင် တယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အင်တာနက်အသုံးပြုသူတွေကြားမှာ ဒေါသတကြီး တုံ့ပြန်လာမှုတွေ အဆက်မပြတ်ထွက်ပေါ်လာတယ်။ ပို့စ်တစ်ခုမှာ တရုတ်ရဲ့ နယ်စပ်ဒေသ လုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက် ပူပန် တယ်ဆိုတာ နားလည်နိုင်ပေမယ့် TNLA ကိုခြိမ်းခြောက်စာပို့တာ၊ စစ်မိစ္ဆာ တွေကို တော်လှန်အင်အားစုတွေ အပေါ် ဆန့်ကျင်ဖိအားပေးခြင်းကတော့ လုံး၀မလုပ်သင့်တဲ့လုပ်ရပ်ဆိုပြီး ရေးတင်ထားရာမှာလည်း စက်တင်ဘာ ၂ ရက် မွန်လွဲပိုင်းမတိုင်ခင် ဒီ ပို့စ်မှာ Comment ပေါင်း 6 . 3 K အထိ အများအပြားအားပေး တုံ့ပြန်ခဲ့ကြပါတယ်။
လူမှုကွန်ရက်တွေပေါ် ပိုပြီး ထင်ရှားမြင်သာဖြစ်တည်သွားစေတာကတော့ တရုတ်ဟာ သူတပါးပြည်တွင်းရေး ဝင် မစွက်ဖက်ဘူးဆိုပြီး မြန်မာစစ်တပ်လုပ်သမျှ ကာဆီးပေးနေခဲ့ပေမယ့် ဒီကနေ မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် စွက်ဖက်ခြိမ်းခြောက်လာတာကို အတိုင်းသားမြင်လိုက်ရတာပဲဖြစ်ပါတယ်။ ဒီလိုထပ်လုပ်ခဲ့ရင် မြန်မာပြည်သူ တွေရဲ့ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ ပိုမိုးမြင့်တက်လာပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ်ရဲ့ အလား အလာဟာ ပြည်သူရဲ့ အပြစ်ပေးခြင်းခံရလိမ့်မယ်လို့ တန်ပြန် ခြိမ်းခြောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ NUG အကြံ ပေးအဖွဲ့ NUCC ကလည်း TNLA နဲ့ ပြည်သူ့အချစ်တော် တော်လှန်အင်အားစုတွေအပေါ် မဆင်မခြင် ခြိမ်းခြောက် တဲ့တရုတ်လုပ်ရပ်ဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်လို့ စာထုတ်ပြန်ပြီး ရှုတ်ချခဲ့ပါတယ်။
နာမည်ကြီး ၈၈ တော်လှန်ရေးကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း PVTV မှာ ဒီလို ပြောဆိုသွားတယ်။ “ ဒီ ခြိမ်းခြောက်မှု လုပ်တဲ့သူတွေဟာ အရှိတရားကို အသိအမှတ်ပြုရမယ်။ တော်လှန်အင်အားစုတွေဟာ ဘာကိုမဆိုရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးကြသူတွေချည်းပဲ။ အင်အားကြီးဆိုပြီး စော် ကားနှိမ့်ကွပ်လာလည်း ဘယ်သူမှ လက်မြှောက်မှာ မဟုတ်တဲ့သူတွေချည်းပဲ။ တန်ဖိုးကြီးလွန်းတဲ့ လူ့အသက်၊ လူ့ ကိုယ်လက်အင်္ဂါပေါင်းများစွာ ပေးဆပ်ထားပြီးဖြစ်တဲ့ တော်လှန်အင်အားစုတွေဟာ တော်လှန်ရေးကို ဘယ်လို ခြိမ်းခြောက်မှုမျိုးမှ လက်မခံနိုင်ပါဘူး။ ပန်းတိုင်ကလည်းရောက်လုနီးပါပြီ “ လို့ တရုတ်လုပ်ရပ်ကို ဆန့်ကျင် ထုတ်ပြန်သွားပါတယ်။ ကိုမင်းကိုနိုင်ရဲ့ စကားက စစ်အစိုးရကို တော်လှန်အင်အားစုတွေက အမြစ်လှန်နိုင်တော့ မယ်ဆိုတာကို သတင်းစကားပါးလိုက်တာမျိုးလည်းဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ ထဲက တစ်ဖွဲ့ဖြစ်တဲ့ TNLA ဟာ တရုတ်ရဲ့ ခြိမ်းခြောက်မှုခံရပေမယ့် လက်ရှိမှာ စစ်တင်ရေး ၁၀၂၇ ကနေ စစ်ကောင်စီကို အမြစ်ဖြတ်တွန်းလှန်မောင်းထုတ်ပြီး သူတို့မြို့တွေမှာ ကိုယ်ပိုင် အုပ်ချုပ်ရေး ယန္တရားတွေကို စတင် ထူထောင်နေနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီပြိုလဲခြင်းနိဂုံး ရောက် နေတာကို သက်သေပြတာပါ။
တရုတ်ဟာ TNLA အပေါ် ခြိမ်းခြောက်စာကို ရွှေလီနယ်စပ်မှာ ၃ ရက်ကြာ ပစ်ခတ် စစ်ရေးလေ့ကျင့်မှုအပြီး ပေးပို့တာမျိုးဖြစ်ပါတယ်။ ၂၀၂၄ စက်တင်ဘာ ပထမအပတ်ထဲမှာပါ။ ဩဂုတ်လလယ် ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်ကို သွားပြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံးခဲ့အပြီး သိပ်မကြာ ခင်မှာ ပေးပို့တာလို့လည်း ပြောနိုင်ပါတယ်။ ဝမ်ယိဟာ နေပြည်တော်ကနေ အပြန် ထိုင်းနိုင်ငံချင်းမိုင်မှာ ထိုင်း၊ လာအို နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံတုန်း မြန်မာနိုင်ငံအရေးအတွက် မဖြစ်မနေလိုက်နာသင့်တဲ့ အခြေခံ မူ ၃ ချက်အကြောင်းပြောသွားတယ်။ (၁) မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကြီး မဖြစ်သင့်။ (၂) မြန်မာဟာ အာဆီယံ အဖွဲ့နဲ့ သီးခြားသင်းကွဲမဖြစ်သင့်။ (၃) ပြည်ပအင်အားစုများ စိမ့်ဝင်ခြင်း သို့မဟုတ် စွက်ဖက်ခြင်း မပြုသင့် ဆိုတဲ့ မူ ၃ ချက်ကို ထုတ်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ သူတို့ရဲ့ ရေနံနဲ့သဘာ၀ဓာတ်ငွေ့ ပိုက် လိုင်းတွေ၊ မိုင်းတွင်းလုပ်ငန်းတွေအပါ ကျယ်ပြန့်ကြီးမားတဲ့ အကျိုးစီးပွားတွေရှိနေခြင်းနဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြားတိုက်ပွဲတွေ အရှိန်မြင့်တက်လာခြင်းမှာ သူတို့အကျိုးစီးပွားကို ထိခိုက်စေ တယ်ဆိုတာကိုတော့ ထည့်သွင်းပြောဆိုသွားခြင်းမရှိခဲ့ပါဘူး။
မြောက်မြန်မာ တိုက်ပွဲမှာ တရုတ်ဟာ ရက်တို အပစ်အခတ်ရပ်စဲမှု ၂ ကြိမ်ကို ကြားဝင်ပွဲစားလုပ်ပေးနိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ ခဏတွင်းမှာပဲ ပြန်လည် ပစ်ခတ်တိုက်ခိုက်ကြလို့ ပြိုလဲပျက်စီးခဲ့ရတာချည်းပါပဲ။ အဲ့ဒီနောက်ပိုင်း ကစလို့ တော်လှန်အင်အားစုတွေဟာ စစ်ကောင်စီကို ထိုးစစ်မြှင့်ပြီး ဖိအားပေးတိုက်ခိုက်လာတယ်။ စစ်စခန်းပေါင်းများစွာ၊ အဓိက အချက်အချာကျတဲ့ မြို့ပေါင်းများစွာ၊ ဒေသဆိုင်ရာ တိုင်းစစ်ဌာနချုပ်ကြီးတွေကို ပါ သိမ်းပိုက်နိုင်တဲ့အထိ တော်လှန်ရေးအားကောင်းလာခဲ့တယ်။ ဒီအခြေအနေမှာ တရုတ်ကို တန်ပြန်မေးခွန်း ထုတ်စရာကတော့ TNLA ကို ခြိမ်းခြောက်ပြီး တိုက်ခိုက်မှုရပ်ဖို့ သတိပေးခြိမ်းခြောက်သလို မဟာမိတ်သုံးဖော် ထဲပါတဲ့ AA နဲ့ MNDAA တို့ဆီကိုရော ဒီလိုသတိပေးချက်တွေ ပေးပို့ခဲ့သလားဆိုတဲ့ မေးခွန်းပါ။
တရုတ်နိုင်ငံရဲ့ မူဝါဒပိုင်းဆိုင်ရာ ပြဿနာကတော့ သူတို့ဟာ မြန်မာ့အရေးမှာ နှစ်ဖက်ချွန်အဖြစ် စစ်ကောင်စီကို ရော၊ တော်လှန်အင်အားစုတွေအပေါ်မှာပါ လက်နက်တွေ ထောက်ပံ့ပေးခဲ့တာပဲ။ ပြီးတော့ နောက်နှစ်ထဲ စစ်ကောင်စီ မဖြစ်မနေကျင်းပမယ်လို့ ကတိပြုထားတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ကိုလည်း တရုတ်ဘက်က အလိုရှိနေပြီး တည်ငြိမ်အေးချမ်းရေးအတွက် အကူအညီပေးမယ်လို့ ကတိပေးထားပြန်တယ်။တစ်ဆက်တည်း မှာပဲ စစ်ကောင်စီကို တွန်းလှန်နေတဲ့ တော်လှန်အင်အားစုတွေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ကို ဖိအားပေးနေ ပြန်တယ်။ ဒီမဟာဗျူဟာက စစ်မီးနေရာစုံတောက်လောင်နေတဲ့ မြန်မာနိုင်ငံမှာ အလုပ်မဖြစ်တော့ပါဘူး။ ပိုပြီး ပြင်းထန်တဲ့ တိုက်ပွဲများဖြစ်ပွားဖို့ကိုပဲ တွန်းအားပေးနေသလို ဖြစ်နေခဲ့ပါပြီ။








