ဘမောင်
နားလည်ခြင်းနဲ့ ကျော်လွှားခြင်း
မြန်မာစစ်တပ်ဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံလာတိုင်း ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခကို လက်နက်အနေနဲ့ အသုံးချလာတာဟာ အစဉ်အဆက်ပဲဖြစ်ပါတယ်။ မြန်မာမှာသာမက ကမ္ဘာမှာပါ အာဏာရှင်တွေအသုံးချလေ့ရှိတဲ့ ဘာသာရေး၊ လူမျိုးရေးအခြေခံတဲ့ အမုန်းတရားလှုံ့ဆော်မှုတွေ၊ အစွန်းရောက်မျိုးချစ်စိတ်နဲ့ အမျိုးသားရေးဝါဒတွေကို မြန်မာစစ်တပ်ကလည်း သမိုင်းတလျှောက် အစဉ်အမြဲအသုံးပြုခဲ့ပါတယ်။
မတူညီတဲ့ လူမျိုးတွေ၊ မတူညီတဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုတွေကြား ချစ်ကြည်ရင်းနှီးအောင် လုပ်ရမယ့်အစား မြန်မာစစ်တပ်ဟာ လက်နက်အနေနဲ့ အသုံးချကာ သတင်းတု၊ သတင်းမှားနဲ့ အမုန်းစကားတွေဖြန့်ချိကာ နိုင်ငံရေးအကြပ်အတည်းကို အာရုံပြောင်းဖို့ ကြိုးစားလေ့ရှိကြောင်း ဒီကိစ္စတွေအပေါ် အစဉ်တစိုက်လေ့လာနေတဲ့ အဖွဲ့အစည်းတွေကလည်း ထောက်ပြထားပြီးဖြစ်ပါတယ်။
အမျိုး၊ ဘာသာ၊ သာသနာဆိုတာတွေကို မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံတွေမှာပါ အာဏာရှင်တွေက ခေတ်အဆက်ဆက်အသုံးချခဲ့ပါတယ်။ မူဆိုလီနီရဲ့ ဖက်ဆစ်ဝါဒ၊ ဟစ်တလာရဲ့ နာဇီဝါဒတွေကနေစလို့ မော်စီတုန်း၊ လက်ရှိ အိန္ဒိယမှာ အာဏာရနေတဲ့ မိုဒီအထိ ဘာသာရေး၊ လူမျိုးရေးကို အသုံချနေတဲ့အကြောင်း The Red Flag က ထုတ်ဝေတဲ့ “ဝင်္ကန္တမုသား” စာတမ်းမှာ ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ဘာသာရေး၊ လူမျိုးရေးကို နိုင်ငံရေးမှာ အသုံးချလာတာဟာ ပဒေသရာဇ်ခေတ်ကတည်းက စတင်တယ်လို့ ဆိုပါတယ်။ မြန်မာပဒေသရာဇ်ခေတ်ကတည်းက အုပ်စိုးသူလူတန်းစားဟာ သာသနာကို စောင့်ရှောက်တယ်ဆိုတဲ့ အလေ့အထကို ဒီနေ့ စစ်အာဏာရှင်စနစ်အထိ ကိုင်ဆွဲထားဆဲဖြစ်တယ်လို့ ဒီစာတမ်းမှာ ထောက်ပြထားပါတယ်။
ဗမာ၊ ဗုဒ္ဓဘာသာစစ်တပ်ဟာ သူတို့ကိုယ် သူတို့ နိုင်ငံ၊ လူမျိုးနဲ့ သာသနာကို ကိုးကွယ်နေသူတွေအဖြစ် ပုံဖော်ထားပြီး တိုင်းရင်းသားတွေကို သူပုန်တွေအဖြစ် အစဉ်တစိုက်ရိုက်သွင်းထားချက်ဟာ လက်ရှိတော်လှန်ရေးမှာတော့ပျက်ပျယ် သွားပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ဗမာတွေကိုယ်တိုင် စစ်တပ်ကိုတွန်းလှန်လာတယ်လို့ သုံးသပ်ထားပါတယ်။
ဒါပေမယ့် မြန်မာစစ်တပ်ကတော့ အောက်တန်းကျတဲ့ နိုင်ငံရေးလှည့်ကွက်အဖြစ် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေမယ့် သွေးထိုးလှုံ့ဆော်မှုတွေကို ဆက်လက်အသုံးပြုနေဆဲဖြစ်တယ်လို့ ရှမ်းပြည်အရေးလေ့လာသူ တစ်ဦးက ပြောပါတယ်။ ဒီသွေးထိုးလှုံ့ဆော်မှုတွေဟာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ သိသာထင်ရှားလာတယ်လို့ သူကထောက်ပြပါတယ်။
တော်လှန်ရေး အရှိန်မြင့်မာလာတာ၊ မြန်မာစစ်တပ်ကျရှုံးမှုများတာလာတဲ့ အချိန်မှာ ဒေသတွင်း ယှဉ်တွဲနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေကြား မတူညီတဲ့ လူမျိုးရေး၊ ဘာသာရေးတွေကို အခြေခံပြီး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေကို မြန်မာစစ်တပ်က စနစ်တကျနဲ့ ငွေအင်အား၊ လူအင်အားသုံးကာ ဖော်ဆောင်နေတာဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
ဒီလို မြန်မာစစ်တပ်ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေကို ဖြစ်လာမှသာဖြေရှင်းတာဟာ ဆေးမြီးတိုကုသခြင်းသာဖြစ်ပြီး ကြိုတင်တားဆီးနိုင်ခြင်းကသာ အကောင်းဆုံးဖြစ်တယ်လို့ International Commission of Jurists က ဂျာဆိုင်းက အကြံပြုပါတယ်။
ဒီလိုကြိုတင်တားဆီးနိုင်ဖို့ဆိုရာမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ – EROs တွေကိုယ်တိုင် သူတို့ နယ်မြေစိုးမိုးမှုရှိတဲ့ ဒေသတွေမှာ ဘာသာရေး၊ လူမျိုးရေးအကဲဆတ်မှု အတိုင်းအတာတွေကို ကိုယ်တိုင်သဘောပေါက်ထားဖို့ လိုအပ်သလို ပြည်သူလူထုတွေအတွက်လည်း စစ်တပ်ရဲ့ ဘာသာရေး၊ လူမျိုးရေး အသုံးချမှုတွေကို ပိုပြီးနားလည်သဘောပေါက်လာအောင် လုပ်ဆောင်ပေးဖို့ လိုတယ်လို့ သူက အကြံပြုပါတယ်။
မြန်မာစစ်တပ်ဟာ သတင်းတု၊ သတင်းမှားနဲ့ အမုန်းစကားတွေကို နည်းမျိုးစုံနဲ့ ဖြန့်ချိနေပြီး ဒီလိုဖြန့်ချိတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဘာသာစကားတွေကိုလည်း အသုံးပြု ဖြန့်ချိနေတာကို သတိထားဖို့ လိုတယ်လို့ ရှမ်းပြည်အရေးလေ့လာသူတစ်ဦးက ထောက်ပြပါတယ်။ ရှမ်းပြည်အတွင်းမှာဆိုရင် ရှမ်းဘာသာ၊ ပအိုဝ်းဘာသာတွေနဲ့ သတင်းတု၊ သတင်းမှား၊ အမှန်းစကားဖြန့်ချိတာတွေကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပြီး သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအတွင်းမှာ များစွာ ထိခိုက်မှုရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အမုန်းတရားဖြန့်ဝေမှုတွေကို မြန်မာစစ်တပ်က စနစ်တကျလုပ်နေတာဖြစ်လို့ ဒီကိစ္စနဲ့ ပတ်သက်ရင် အမြဲတမ်းသတိရှိဖို့ လိုအပ်သလို တော်လှန်ရေးလုပ်နေတဲ့ အစုအဖွဲ့တွေကြားမှာလည်း ရှိလာနိုင်တာကို သတိပြုဖို့ လိုအပ်တယ်လို့ Myanmar Civil War Museum ရဲ့ သုတေသီ ကိုရဲဟိန်းအောင်က သတိပေးပါတယ်။ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေကြား အားမလို၊ အားမရဖြစ်ကာ ပြစ်တင်ပြောဆိုမှုတွေကနေ တဆင့် လူမျိုးရေးဆိုင်ရာအမြင်တွေ၊ လူမျိုးရေးဖြစ်တည်မှုတွေအပေါ် တိုက်ခိုက်မှုတွေဖြစ်လာနိုင်ပြီး ဒါတွေဟာ တော်လှန်ရေးထဲပါဝင်နေသူ ဘယ်သူ့အတွက်မှ အကျိုးမရှိတာကြောင့် ဒါကိုနားလည်ပြီး သတိပြုကြဖို့လိုတယ်လို့ သူက အကြံပြုပါတယ်။
ဒါ့အပြင် အမုန်းစကားဖြန့်ဝေတာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေဟာ မြန်မာစစ်တပ်ဘက်ကတင်မဟုတ်ဘဲ တော်လှန်ရေးထဲမှာ ပါဝင်သူတွေကလည်း လုပ်ဆောင်နိုင်တာဖြစ်လို့ ဒီလိုဖြစ်လာရင်လည်း နှုတ်ဆိတ်မနေဘဲ ဖော်ထုတ်ပြောဆို အရေးယူဖို့ တားဆီးဖို့လိုတယ်လို့ ကိုရဲဟိန်းအောင်က သူ့ရဲ့ အမြင်ကို ပြောပါတယ်။
ဝါဒဖြန့် ယန္တရားတွေကြောင့် အမုန်းတရားတွေကြီးထွားလာခဲ့ရင် လူထုထောက်ခံမှုရထားတဲ့ NUG, CRPH, NUCC တို့လို အဖွဲ့အစည်းတွေ၊ CDMလို သပိတ်ကော်မတီလို လူထုအခြေပြုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးကော်မတီတွေ၊ သပိတ်ကော်မတီတွေကလည်း သက်ဆိုင်ရာနယ်မြေဒေသအလိုက် သီးသန့်စဉ်းစားပြီး အရေးပေါ်တုံ့ပြန်နိုင်မယ့် အစီအစဉ်တွေ ချမှတ်ကာ အမုန်းသံသရာစက်ဝန်းကို ဖြတ်တောက်ဖို့ လိုမယ်လို့ သူက အကြံပြုပါတယ်။
The Red Flag က ထုတ်ဝေတဲ့ “ဝင်္ကန္တမုသား” စာတမ်းထဲမှာတော့ စာတမ်းပြုစုသူက သူရဲ့နိဂုံးအဆုံးသတ်ချက်ကို ဒီလိုရေးသားထားပါတယ်။
“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဝါဒဖြန့်ချိမှုကို လေ့လာရာမှာ ထုံးစံအတိုင်း မျိုးချစ်စိတ်ကို တလွဲသုံးတယ်။ စစ်တပ်မရှိရင် တိုင်းပြည်ပြိုကွဲသွားနိုင်အောင် ဇာတ်ကြောင်းကို ထပ်ပြောတယ်။ အဲဒီနောက် အာဏာကို လိုသလိုဆက်ကိုင်နိုင်ဖို့ ရွေးကောက်ပွဲ ဖဲချပ်ကို ထုတ်သုံးတယ်။ ဒါ့အပြင် အခြားသူတွေကို ပတ်ရမ်းအပြစ်ဖို့တယ်။ ဒီလိုနဲ့ မျိုးချစ်စိတ် – စစ်တပ်(အာမီ) – ရွေးကောက်ပွဲ(ပါတီ) အပြစ်ဖို့လမ်းကြောင်းကို အသုံးပြုကြောင်း ထင်ရှားစွာတွေ့နိုင်တယ်။ ဒီဇာတ်ကြောင်းတွေကို ထပ်ခါ ထပ်ခါပြောတဲ့အခါ လူထုဟာ ယုံမှတ်မှားလာတယ်။ အမှန်လို့ထင်လာတယ်။
ဒီလိုဂျင်းတွေကို ဆင်ခြင်ချိန်တန်ပြီ ဖြစ်ပါတယ်။ အကြောက်တရားအမှောင်ထုကို ဖြိုချိန်တန်ပြီ ဖြစ်တယ်။ စစ်ဝါဒဖြန့်မှိုင်းတွေကို ဆင်ခြင်ချိန်တန်ပြီ ဖြစ်တယ်။ စစ်ဝါဒမှိုင်းအလွန်တွင် ကြည်လင်တောက်ပသော အနာဂတ်က စောင့်နေတယ်”








