ဘမောင်
ရှမ်း-ကရင်နီနယ်စပ်က ထောင်ချောက်များ (၁၀၂၇ စစ်ဆင်ရေးမတိုင်မီ)
သမိုင်းတလျောက်ပြန်ကြည့်ရင် မြန်မာစစ်တပ်ဟာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖန်တီးပြီး တိုင်းရင်းသားတွေနဲ့ ဗမာလူမျိုးတွေကို သွေးခွဲဖို့ကြိုးစားတာကို တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်ကတည်းက မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ မတူညီတဲ့လူမျိုးစုတွေကြား တဖက်နဲ့ တဖက် အမြင်မကြည်အောင်၊ တဖက်နဲ့တဖက် နားလည်မှုလွဲအောင်၊ တဖက်နဲ့တဖက် မုန်းတီးအောင်၊ ပဋိပက္ခတွေဖြစ်အောင် လုပ်ဆောင်ခဲ့တာကို သုတေသနပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်ဟာ ဒီလိုကိစ္စတွေပိုမိုဖန်တီးလာပါတယ်။ ဒီဆောင်းပါးမှာတော့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးမှာ တော်လှန်မှုပြင်းထန်တဲ့ ကရင်နီပြည်နယ်၊ ကရင်နီတိုင်ရင်းသားတွေနဲ့ ရှမ်းပြည် အကြား ဘယ်လိုသွေးခွဲမှုတွေလုပ်ဆောင်ခဲ့လဲ ဆိုတာကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ပအိုဝ်းပြည်သူ့စစ်ကို အခြေခံတဲ့ ဘာသာရေးမှိုင်းတိုက်မှုများ
မြန်မာစစ်တပ်အနေနဲ့ တော်လှန်ရေးအရှိန်အဟုန်ကောင်းလာတဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ ဘာသာရေးပဋိပက္ခဖြစ်စေဖို့ ဝါဒဖြန့်လုပ်ဆောင်တာတွေကို အများဆုံးတွေ့ရပါတယ်။ ယုံကြည်ကိုးကွယ်မှုမတူညီကြတဲ့ ပအိုဝ်းလူမျိုးတွေနဲ့ ကရင်နီလူမျိုးတွေကြား ဘာသာရေးနဲ့ ပတ်သက်လို့ အမုန်းတရားပွားအောင် လှုံ့ဆော်မှုအများဆုံးပြုလုပ်ခဲ့ပြီး အဲဒီလိုလှုံ့ဆော်ဖို့အတွက် ပအိုးဝ်ပြည်သူ့စစ်ဖြစ်တဲ့ PNO/PNA ကို အများဆုံး အသုံးချခဲ့ပါတယ်။
ပအိုဝ်းလူမျိုး၊ ကရင်နီလူမျိုးနဲ့ ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ရှမ်းပြည်နဲ့ ကရင်နီနယ်စပ်တလျောက် နယ်မြေတွေကို အခြေခံကာ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ သတင်းတု သတင်းမှားနဲ့ အမုန်းစကားတွေ ဖြန့်ချိခဲ့တာကို ရှင်းရှင်းလင်းလင်းမြင်ရတယ်လို့ လေ့လာစောင့်ကြည့်သူ ပအိုဝ်းအမျိုးသားတစ်ဦးက ပြောပါတယ်။
ကရင်နီစစ်ဘေးရှောင်အရေးနဲ့ ပတ်သက်လို့ သတင်းတုတွေဖြန့်ကာ ပအိုဝ်းနဲ့ ကရင်နီတွေကြား ဘာသာရေး၊ လူမျိုးရေးအမုန်းပွားအောင် လှုံ့ဆော်တာ၊ ဆန္ဒပြပွဲတွေဖန်တီးတာတွေကို စစ်ကောင်စီခိုင်းစေချက်ဖြင့် PNO က လုပ်ဆောင်ခဲ့ကြောင်း အဆိုပါ ပအိုဝ်းအမျိုးသားက ပြောပါတယ်။
“ပအိုဝ်းတွေကို PNO က လက်နက်နဲ့ ခြိမ်းခြောက်တယ်။ အများစု ယုံကြည်ကိုးကွယ်ရာဖြစ်တဲ့ ဗုဒ္ဓဘာသာနဲ့ လှုပ်မရအောင်ချုပ်ထားတယ်” လို့ သူက ပြောပါတယ်။
PNO အနေနဲ့ ဒီလို သတင်းတု၊ သတင်းမှားနဲ့ အမုန်းစကားတွေဖြန့်ဝေဖို့အတွက် စစ်ကောင်စီရဲ့ ညွှန်ကြားမှုအတိုင်း စနစ်တကျလုပ်ဆောင်နေတာဖြစ်ပြီး ပအိုဝ်းလူငယ်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ကာ Facebook အပါအဝင် လူမှုကွန်ယက်တွေပေါ်မှာ တနေ့ကို အကြောင်းအရာဘယ်နှစ်ခု၊ မှတ်ချက်ဘယ်နှစ်ခု ဆိုတဲ့ ပစ်မှတ်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ စိတ်ချရတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“သတင်းဌာနတွေအောက်မှာဆို တနေ့ကို Comment ၅ခုရေးရတယ်။ တခြား ပအိုဝ်းဂရုတွေမှာလည်း ပို့စ်တွေတင်ရတယ်။ ပေ့ချ်အတုတွေလည်းအများကြီးဖွင့်ထားတယ်။ PNLA တို့၊ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့နဲ့ ပတ်သက်တဲ့နာမည်တွေနဲ့ဖွင့်ထားတာ။ ထုတ်ပြန်ချက်အတုတွေလည်း ထုတ်ရတယ်။ အားလုံးက PNO က ဖွဲ့ထားတဲ့ အဲဒီအဖွဲ့က လုပ်နေတာ” လို့ သူက ပြောပါတယ်။
ဆိုးဝါးလှတဲ့ နမ့်နိန်းဖြစ်စဉ်နဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုများ
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ခဲ့တဲ့ နမ့်နိန်းဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်တဲ့ တိုက်ပွဲကို လူမျိုးရေးစစ်ပွဲအဖြစ် ပုံဖော်ဖို့ PNO ပြည်သူ့စစ်က ကြိုးပမ်းခဲ့တာလို့ ဆောင်းပါးရှင်စိုင်းခွန်က ထောက်ပြထားပါတယ်။ ဒီလို ကြိုးပမ်းရတဲ့ အကြောင်းဟာ PNO ပြည်သူ့စစ်အနေနဲ့ ပအိုဝ်း လူထုထောက်ခံမှု ရဖို့ တစ်ခုတည်းသော ဖြတ်လမ်း နည်းလမ်း ဖြစ်နေတာကြောင့်လို့ သူက ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရိ ၂၄ရက်က စလို့ ရှမ်း-ကရင်နီနယ်စပ် ပင်လောင်းမြို့နယ် တောင်ဘက်စွန်းဒေသမှာ တပ်စွဲထားထဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်အပြင် စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းစခန်းထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်လည်း အထိနာခဲ့ပါတယ်။ လက်နက်အမြောက်အများကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မတ် ၁၁ ရက်နေ့မှာ ပင်လောင်းမြို့နယ်၊ နမ့်နိန်း ပအိုဝ်းတိုင်းရင်းသားကျေးရွာအတွင်း ဝင်ရောက်ပြီး သံဃာတော် ၃ ပါး အပါအဝင် ရွာသား ၂၀ ဦးခန့်ကို PDF လို့ စွပ်စွဲပြီး သတ်ဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် နမ့်နိန်းကျေးရွာကို လေယာဉ်နဲ့ စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ် ၅၀ ကျော်လည်း မီးလောင်ပျက်ဆီးခဲ့ရပါတယ်။ ဒီလို စစ်ကောင်စီက ကျူးလွန်းတဲ့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ရဲ့ ဝါဒဖြန့်ချီရေး တယ်လီဂရမ်နဲ့ လူမှုကွန်ယက်တွေက သေဆုံးသူတွေဟာ PDF တွေသာဖြစ်ကြောင်း သတင်းတုတွေ ဖြန့်ချိခဲ့ပါတယ်။
PNO ပြည်သူ့စစ်ရဲ့ ဝါဒဖြန့်လူမှုကွန်ယက်မှာလည်း ပအိုဝ်းဘာသာနဲ့ “နမ့်နိန်းကျေးရွာအတွင်း မီးကျည်ဖြာထွက်တာ လှနေတာပဲ၊ ဒီမနက်တော့ မီးကျည် အခွံ ၅၀ ကျော်ကောက်ရတယ် ဟူ၍လည်းကောင်း၊ ဒီနေ့တစ်နေ့ထဲ PDF အရှင် ၂၅ ယောက် အသေ ၃၀ ကျော် လုံး၀ မသနားဘူး” ဟူ၍လည်းကောင်း မတ် ၁၁ ရက်နေ့တွင် တင်ခဲ့သည်။
သို့သော် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အချက်အလက် သက်သေအခိုင်အမာနဲ့ သေဆုံးသူတွေဟာ ဒေသခံ နမ့်နိန်းရွာသားတွေဖြစ်ကြောင်း မတ် ၁၂ ရက်က သတင်းထုတ်ပြန်လာပါတယ်.
ဒီလို သတင်းထုတ်ပြန်လာပြီးနောက် PNO ပြည်သူ့စစ်က ဒေသခံတွေကို တော်လှန်ရေးတပ်ဖွဲ့က သတ်သွားတယ်ဆိုတဲ့ သတင်းအမှားတွေ ဆက်တိုက်ထုတ်လွင့်ခဲ့ပါတယ်။ သူတို့ တင်ခဲ့တဲ့ နမ့်နိန်းရွာအတွင်း PDF တွေ အစုအပြုံလိုက် သေတယ်ဆိုတဲ့ ပို့စ်တွေကိုလည်း ပြန်လည်ဖြုတ်ချခဲ့ပါတယ်။
PNO ဟာ ဒီလို သတင်းအမှားတွေဖန်တီးပြီး သတင်းမီဒီယာနဲ့လက်လှမ်းဝေးတဲ့ ပအိုဝ်းပြည်သူလူထုကို ဦးတည်ပြီး အကောင့်တု၊ စာမျက်နှာအတုတွေ များစွာဖွင့်လှစ်ကာ ဝါဒဖြန့်ခဲ့ပါတယ်။
ဒါတင်မကဘဲ မတ်လ ၁၅ရက်နေ့ တောင်ကြီးမြို့ တပေါင်းကွင်းမှာ နမ့်နိန်းဖြစ်စဉ်နဲ့ပတ်သက်လို့ KNDF၊ PDF တွေကို ရှုတ်ချပွဲကို ပအိုဝ်းပြည်သူ့စစ် – PNO က ဦးဆောင်ပြီး ကျင်းပခဲ့ပါသေးတယ်။ အဲဒီပွဲကို တောင်ကြီးမြို့က ပအိုဝ်းအိမ်ထောင်စုတွေ တစ်အိမ်ထောင် တစ်ယောက် မတက်မနေရ အဓမ္မတက်ခိုင်းခဲ့ပြီး မတက်ရင် ဒဏ်ကြေး ၅သောင်းပေးရမယ်လို့ ညွှန်ကြားခဲ့ပါသေးတယ်။ ဒီလိုလုပ်တာဟာ ပအိုဝ်းလူမျိုးတွေနဲ့ ကရင်နီလူမျိုးတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေကြား ပဋိပက္ခဖြစ်အောင် မှိုင်းတိုက်တာဖြစ်ပြီး ဒါကို နားမယောင်ကြဖို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC က သတိပေးခဲ့ရပါသေးတယ်။
ဘာသာရေးကိုအမှန်တကယ် ဖိနှိပ်၊ စော်ကားတာ ဘယ်သူလဲ
တကယ်တော့ မြန်မာစစ်တပ်ဟာ ဘာသာရေးပဋိပက္ခကို လက်နက်သဖွယ်အသုံးချရုံသာမက ဖိနှိပ်၊ စော်ကားတာ၊ ဖျက်ဆီးတာတွေကိုလည်း တောက်လျောက်လုပ်နေတယ်ဆိုတာ အချက်အလက်တွေက သက်သေခံနေပါတယ်။ International Comission of Jurists အဖွဲ့က ထုတ်ဝေထားတဲ့ စာတမ်းအရ အာဏာသိမ်းပြီးကာစကနေ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအထိ မြန်မာစစ်တပ်ကြောင့် ပျက်စီးခဲ့ရတဲ့ ဘာသာရေးအဆောက်အအုံ သို့မဟုတ် အထွဋ်အမြတ်နေရာ ၉၂ ခုရှိတယ်လို့ သိရပါတယ်။ အဲဒီ ၉၂ ခုအနက် ၅၅ခုဟာ ခရစ်ယာန် သီလရှင်ကျောင်းတစ်ခုအပါအဝင် ခရစ်ယာန်ဘုရားကျောင်းတွေဖြစ်ပြီး ၃၂ကတော့ ဗုဒ္ဓဘာသာစေတီပုထိုးတွေနဲ့ ဘာသာရေးအဆောက်အအုံတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဖျက်ဆီးခံရတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေအထဲမှာ အများဆုံးဖျက်ဆီးခံရတာက ချင်းပြည်နယ်ထဲကဖြစ်ပြီး ၃၁ကျောင်းဖျက်ဆီးခံခဲ့ရပါတယ်။ ဒုတိယအများဆုံးကတော့ ကရင်နီပြည်နယ်က ဖြစ်ပြီး ၁၂ ကျောင်းဖျက်ဆီးခံခဲ့ရပါတယ်။
ဖျက်ဆီးခံရတဲ့ ဗုဒ္ဓဘာသာ သာသနိကအဆောက်အအုံတွေထဲမှာလည်း ရှမ်းပြည်က ၄ကျောင်းနဲ့ ကရင်နီပြည်နယ်ထဲက ၃ကျောင်းပါဝင်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ခုနှစ် အောက်တိုဘာလကုန်အထိ ဘာသာရေး ဝတ်ပြုဆုတောင်းရာ နေရာ ၄၅နေရာဝင်ရောက်စီးနင်းခံရပြီး အဲဒီထဲက ၄၄ခုကို စစ်ကောင်စီက ကျူးလွန်ထားတာ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက် ဘာသာရေးအပေါ်ဘယ်လို သဘောထားလဲဆိုတဲ့ စစ်ကောင်စီရဲ့သဘောထားကို ထင်ဟပ်နေစေတာပဲဖြစ်ပါတယ်။








