လင်းမောင်
တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ကြီးဆိုတာ ကမ္ဘာမှာ အကြီးမားဆုံးလို့ဆိုရမယ့် မြို့တော်တချို့ တည်ရှိရာ အရပ်လည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း ဒီမြို့ကြီးတွေမှာ နေထိုင်ရှင်သန်ကြတဲ့ သန်းပေါင်းများစွာသော လူသား တွေဟာ ဖြစ်ရပ်ဆန်းသဘာ၀ပတ်ဝန်းကျင်ပျက်ယွင်းမှုကြီးရဲ့ ခြိမ်းခြောက်မှုအောက်မှာ တုန်လှုပ်နေကြရပါပြီ။တရုတ်နိုင်ငံမှာ နစ်မြုပ်နေတဲ့ မြို့ပေါင်း ၈၂ မြို့ရှိလာခဲ့ပြီဖြစ်ပါတယ်။
တက်သုတ်ရိုက် မြို့ပြအသွင်ကူးပြောင်းရေးမှာ မြေအောက်ရေရင်းမြစ်တွေကို အလွန်အကျွံသုံးစွဲခဲ့ရာက မြေပြို မှုတွေနဲ့ နစ်မြုပ်မြို့တော်တွေ ဖြစ်တည်လာရတာလည်းဖြစ်ပါတယ်။ ဒါဟာ ဘူမိဗေဒဆိုင်ရာ ပြဿနာမျိုး တစ်ခု တည်းမဟုတ်ဘဲ အင်မတန်အချိုးအစားကြီးမားတဲ့ လူမှုစီးပွားရေး ပြဿနာကြီးဖြစ်လာခဲ့ရတာပါ။ သန်းပေါင်း များစွာသော လူတွေရဲ့ နေအိမ်တွေ၊ အလုပ်လုပ်ရာ ရုံးတွေဟာ မတည်မငြိမ်တွေဖြစ်၊ အခြေခံအဆောက်အအုံ တွေ ပျက်စီး၊ မြေပြိုခြင်းတွေနဲ့အတူ အင်မတန်ကြီးမားတဲ့ စီးပွားရေး အရှုံးပေါ်ချက်ကြီးတွေပါ ဖြစ်လာခဲ့ရတယ်။
သဘာ၀ပတ်ဝန်းကျင် ပျက်စီးခြင်းကလည်း ကပ်ဘေးအဖြစ် ပူပန်ကြရတယ်။ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များလွန်းတော့ မြေပြို၊ မြေပြိုခြင်းကနေ ရေကြီးရေလျှံခြင်းတွေကို ဖြစ်တည်လာစေပြီး သဘာ၀ပတ်ဝန်းကျင် ဂေဟ စနစ်ကြီးလည်း ပျက်ယွင်းလာတယ်။ ကမ္ဘာကြီးမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းဟာ တရုတ် နိုင်ငံရဲ့ ကမ်းရိုးတန်းဒေသက မြို့တွေမှာဆို ပိုပြီး ဆိုးရွားစွာ ခြိမ်းခြောက်လာတယ်။ တရုတ်အစိုးရက ဒီပြဿနာ တွေကြောင့် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကို တားဆီးဖို့နဲ့ ရေရှည်တည်တံ့တဲ့ မြို့ပြစီမံကိန်းတွေကို မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ပြဿနာအတိုင်းအတာဟာ မျှော်လင့်ထားတာထက်ပိုဆိုးရွားနေလို့ သူတို့အနေနဲ့ ရေရှည် ဖြေရှင်းချက်မျိုး ချမှတ်လုပ်ဆောင်နိုင်မှ ဖြစ်ပါလိမ့်မယ်။
ဒီကပ်ဆိုးဟာ အရမ်းအစောတလျှင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကို ဖော်ဆောင်ခြင်းရဲ့ အကျိုးဆက် တွေဖြစ်တယ်။ သဘာ၀ပတ်ဝန်းကျင်ကြီးဟာ ဒီလိုအင်ကြောင့် လုံလောက်တဲ့ အကာအကွယ်မရခြင်းကနေ ကပ်ဆိုးအသွင်းကို ဆိုက်ရောက်စေတာမျိုးပါပဲ။ မဆင်မခြင် စနစ်တကျ လေ့လာစစ်တမ်းယူခြင်းမျိုးတွေကို မလုပ်ဘဲ မြို့ပြဖော်ဆောင်ရေးတွေ လုပ်ခဲ့ခြင်းကနေ တရုတ်နိုင်ငံက မြို့ကြီးတွေ နစ်မြုပ်နေရမှုကို ဒီနေ့ ကမ္ဘာ ကြီးတစ်ခုလုံးက သတိထားဆင်ခြင်ပြီး ရေရှည်ခိုင်မာတဲ့ မြို့ပြစီမံကိန်း၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေးတွေ မလုပ်ဘဲ မြို့ပြတွေ ဖော်ဆောင်တာ မလုပ်ဖို့ သတိပေးခေါင်းလောင်းထိုးလိုက်တာလည်းဖြစ်ပါတယ်။
တရုတ်မှာ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးက ကြောက်ခမန်းလိလိကြီးမားနေတယ်။ ပြည်သူတွေရဲ့ ခြေ ထောက်အောက်က မြေကြီးတွေဟာ အလိုလိုနစ်မြုပ်နေတယ်။
အဓိက မြို့ပြဗဟိုချက်တွေရဲ့ တစ်ဝက်လောက် ဟာ မြေမြို ပြိုပိမယ့် ခြိမ်းခြောက်မှုအောက်မှာ ရှိနေကြတယ်။ နောက်လာမယ့် နှစ်ပေါင်း ရာချီကာလအတွင်း လူသန်းပေါင်း ရာကျော်ရဲ့ ဘ၀တွေကို မကောင်းဆိုးဝါး အရိပ်မည်းကြီးလို လိုက်ပါခြောက်လှန်နေပါတယ်။ သိပ္ပံ ပညာရှင် အသိုင်းအဝိုင်းက အချက်ပေးခေါင်းလောင်းသံတွေကို နှိပ်နေကြတယ်။ နောက်ဆက်တွဲ ဖြစ်ပေါ်လာ မယ့် ဂယက်ရိုက်ခတ်မှုတွေ ဘယ်လောက်ဆိုးရွားနိုင်လဲဆိုတာ အထူး စိုးရိမ်ပြီး သတိပေးနေကြပြီ။ East Anglia နဲ့ Virginia Tech တက္ကသိုလ်က သိပ္ပံ ပညာရှင်တွေဟာ အထူးအားစိုက်လေ့လာမှု စစ်တမ်းတွေ ကောက်ခဲ့ကြ တယ်။ တရုတ်ကအဓိကကျတဲ့ မြို့ကြီး ၈၂ မြို့အောက်က မြေ တစ်ဝက်ကျော်ဟာ မြေပြိုမှုတွေရှိနေတာ၊ တစ်မျိုး ပြောရရင် နစ်မြုပ်နေတာ တွေ့ရှိခဲ့ရတယ်။ သူတို့ အစီရင်ခံစားကို Science လို့ နာမည်ပေးခဲ့ပြီး သဘာ၀ ဂေဟစနစ်ပျက်သုဉ်းနေခြင်းကို တိုင်းတာ ကာကွယ်မှုမပေးနိုင်ခဲ့ရင်တော့ ၂၁၂၀ ပြည့်နှစ်ရောက်ရင် ဒီမြို့ကြီးတွေ ပေါ်မှီတင်နေထိုင်ကြမယ့် လူဦးရေ ၅၅ သန်းမှသည် ၁၂၈ သန်းအထိဟာ နစ်မြုပ်ခံရတဲ့အထဲ ပါဝင်သွားကြရမှာပဲလို့ လေ့လာတွေ့ရှိ ချင့်တွက်ခဲ့ကြပါတယ်။
ပညာရှင်တွေက ဒီလောက် အန္တရာယ်ကပ်ဆိုးကြီးရှိနေတာကို မီးမောင်းထိုး အချက်ပေးနေခဲ့လည်း တရုတ်နိုင်ငံ ဟာ ကမ္ဘာ့ လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းကို ထမ်းပိုးထားရတာကြောင့် မြို့ပြဒေသတွေမှာ မြေပြိုနစ်မြုပ်မှုပြဿ နာကို အစိုးရက လျစ်လျူရှုပြီး မြို့ပြတွေဖော်ဆောင်၊ မြေအောက်ရေအရင်းအမြစ်တွေ ထုတ်ယူ၊ သဘာ၀ ဒြပ်စင်တွေ ပျက်စီးပြီး တစ်ဖက်က ကြီးမားတဲ့ ဆိုးကျိုးနောက်ဆက်တွဲတွေကို ဖြစ်တည်လာစေပါတယ်။ ပြဿနာအတိမ်အနက် ဘယ်လောက်ရှိသလဲဆိုတာကို သုတေသနအဖွဲ့တွေဟာ နိုင်ငံတစ်ဝန်း မြေပြိုကျမှု တိုင်းတာရေး ဂြိုဟ်တုမြေပုံတွေနဲ့ တိုင်းတာကြည့်ကြတယ်။ လူပေါင်းသန်း ၇၀၀ မှီတင်းနေထိုင်တဲ့ တရုတ်က မြို့ကြီး ၈၂ မြို့ကို လေ့လာတော့ ၄၅ ရာခိုင်နှုန်းသော မြို့ပြဒေသ ကမ္ဘာမြေထုဟာ တအိအိနဲ့ နိမ့်ကျလာနေ တယ်။ လူဦးရေ သန်း ၂၇၀ ရပ်ထားတဲ့ ကမ္ဘာမြေဟာ လူတွေကို နစ်မြုပ်နေစေတဲ့ သဘောပဲ။ ထပ်ပြီး စမ်းစစ် လေ့လာတော့ ဒေသတွေရဲ့ ၁၆ ရာခိုင်နှုန်းသော မြေဆီလွှာတွေဟာ တစ်နှစ်ကို ၀ . ၄ လက်မအထိကို နိမ့်ဆင်း ကျွံဝင်လာနေတာတွေ့ရတယ်။ အဆိုးဆုံးကတော့ လူဦးရေ သန်း ၇၀ မှီတင်းနေထိုင်တဲ့ ပေကျင်းနဲ့ တီယန်ကျင်း မြို့ကြီးတွေမှာဆိုတော့ ဘယ်လောက်များ စိုးရိမ်စရာ ကောင်းပါသလဲ။
ကမ္ဘာကြီးပူနွေးလာခြင်းကနေ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေမှုကို ဒီလို မြေကြီးတွေ နိမ့်ဆင်းနေရာ မှာ ဆိုးရွားတဲ့အခြေအနေရှိတဲ့ ကမ်းရိုးတန်းဒေသမှာ တည်ထားတဲ့ တီယန်ကျင်းလိုမြို့ဆို ပိုပြီး အန္တရာယ်များပါတယ်။ ၂၀၀၅ ခုနှစ်က နယူးအော်လန်းမှာ ကက်ထရီနာဟာရီကိန်းမုန်တိုင်းဝင်သွားတဲ့ သဘာ၀ ဘေးဆိုးကြီးဟာ အမေရိကန် ကပ်ဘေးသမိုင်းမှာ ဆိုးရွားတဲ့ ရေလွှမ်းမိုးမှုကပ်ဘေးတစ်ခုဖြစ်ခဲ့တယ်။
ပေကျင်းမြို့ကြီးမှာလည်း လူဦးရေထူထပ်ခြင်းနဲ့ ယာဉ်တန်းတွေ ပြွတ်သိပ်သွားလာနိုင်စေဖို့ ဥမင်လှိုင်ခေါင်း တွေ ဖောက်လုပ်ခြင်းကနေ မိုင်းခွဲမှုတွေကြောင့် မြေပြိုမြူတွေ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပါတယ်။ မြေအောက်ရထားလမ်းတွေနဲ့ မြို့တော် အဓိက လမ်းမကြီးတွေဘေးနားက ဒေသတွေမှာ နှစ်စဉ် မြေမျက်နှာ ပြင် နိမ့်ကျမှုဟာ ၁ . ၈ လက်မရှိနေပါတယ်။ ရှန်ဟိုင်းမြို့မှာဆိုရင်လည်း ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်း မြေပြင် နိမ့်ကျ မှုဟာ ၁၀ ပေအထိ ရှိခဲ့ပြီး မြေနိမ့်ကျမှုနှုန်းဟာလည်း လျော့ကျသွားခြင်းမျိုး မရှိပါဘူး။
ဒါကြောင့် ကျွမ်းကျင်သူတွေက တရုတ်မှာ လက်ရှိနှုန်းအတိုင်း မြေမျက်နှာသွင်ပြင် ဆက်လက်နိမ့်ကျပြီး ပင်လယ်ရေမျက်နှာပြင်ကလည်း ဆက်မြင့်တက်နေလို့ လာမယ့် ၂၁၂၀ ပြည့်နှစ်ရောက်ရင် တရုတ်မြို့ပြတွေဟာ ပင်လယ်ရေမျက်နှာပြင်အောက်ကို ၃ ဆ ပိုများပြီး ရောက်ရှိသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီလိုဆို လူဦး ရေ ၅၅ သန်းမှသည် ၁၂၈ သန်းအထိဟာလည်း အတိဒုက္ခခံစားရမှာဖြစ်တယ်။ ဒီအခြေအနေကို တရုတ် အစိုးရ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ကောင်းကောင်းမကိုင်တွယ် မဖြေရှင်းပေးနိုင်ရင်တော့ အကျိုးဆက်များတဲ့ ဘေးဥပါဒ် ဆိုးတွေကို ပြည်သူသန်းပေါင်းများစွာ ခံစားရမှာပါ။
East Anglia တက္ကသိုလ် ပါမောက္ခ ရောဘတ်နီကိုးလ်က “ မြေပြိုမှုတွေဟာ အဆောက်အအုံတွေနဲ့ အရေးကြီး တဲ့ အခြေခံအဆောက်အအုံတွေကို ပျက်စီးစေတဲ့ အန္တရာယ်သာမက အထူးသဖြင့် ပင်လယ်ကမ်းရိုးတန်းဒေသ မြို့ပြတွေမှာ ရေးကြီးရေလျှံခြင်းနဲ့ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်ခြင်းတွေကိုပါ ပိုမိုးဆိုးရွားပြင်းထန်စေပါ တယ်” လို့ လက်ရှိ တရုတ်ကြုံနေရတဲ့ ဘေးအန္တရာယ်အကြောင်း သတိပေး ပြောဆိုခဲ့ပါတယ်။
ဂျပန်အစိုးရဟာ အိုဆာကာနဲ့ တိုကျိုမြို့ပြကြီးတွေမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက မြေအောက်ရေ သုံးစွဲမှု လျှော့ချရေးမူဝါဒကို နည်းလမ်းတကျ ကျင့်သုံးခဲ့လို့ မြေပြိုမှု၊ မြေပြင်နိမ့်ကျမှုနှုန်းတွေ သိသိသာသာ ကျဆင်းကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရရဲ့ မြို့ပြဧရိယာတွေကိုပါ ကျော်လွန်ပြီး မြေအောက် ရေ အလွန်အကျူးသုံးစွဲခြင်းနောက်ဆက်တွဲ ဆိုးကျိုးတွေဟာ တရုတ်အရေးမှာသာမက ကမ္ဘာ့အရေးမှာပါ အကျိုး ဆက် သက်ရောက်မှုပြင်းထန်နေတယ်လို့ စုံစမ်းစစ်ဆေးသူတွေဘက်က သတိပေးနေရပါပြီ။ ဒါကြောင့် ဖြေရှင်း နိုင်ရေးမှာ သိပ္ပံဆိုင်ရာ ညီအစ်တွေ၊ မြို့ပြစီမံကိန်းရေးဆွဲသူတွေ အားလုံး ညီညွတ်စွာပေါင်းစည်းပြီး ထိရောက် တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေ၊ လက်တွေ့အသုံးချဖြေရှင်းကြဖို့ မဖြစ်မနေ လိုအပ်နေပြီဖြစ်ပါကြောင်း။








