လင်းမောင်
မကြာသေးခင်ကပဲ အမေရိကန်ဟာ တရုတ်ကို တောင်တရုတ်ပင်လယ်မှာပြုလုပ်နေတဲ့ အခိုင်အမာစစ်ရေးပြနေမှု တွေကို ရပ်တန့်ဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် ဖိလစ်ပိုင်ကို ရည်ရွယ်တိုက်ခိုက်မှုတွေ မလုပ်ဖို့ အမေရိကန်နဲ့အတူ ဖိလစ်ပိုင်နဲ့မဟာမိတ်အဖွဲ့တွေကိုယ်စား ဖိအားပေးတိုက်တွန်းတာဖြစ်ပြီး ဥပဒေစည်းမျဉ်း အတိုင်းလိုက်နာဖို့ တိုက်တွန်းတာဖြစ်ကြောင်း အမေရိကန် သံတမန်တစ်ယောက်က ထုတ်ပြောလာပါတယ်။
ဇူလိုင် ၁၂ ရက်နေ့က မနီလာမှာကျင်းပပြုလုပ်တဲ့ ဖိုရမ်မှာ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မယ်ရီ ကေးကာဆန်က အနောက်နဲ့အာရှမဟာမိတ်တွေနဲ့အတူ ဖိလစ်ပိုင်ဘက်မှာ အားလုံးတစ်သားတည်းရှိတယ်ဆိုပြီး တရုတ်ကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
အင်ဒို-ပစ္စိဖိတ်ဒေသတွင်းမှာ ကွန်မြူနစ် တရုတ်ရဲ့ ဗိုလ်ကျစိုးမိုးမှုတွေ ကြောင့် တင်းမာမှုတွေ ကြီးထွားလာရာက နိုးထလာခဲ့ကြတာဖြစ်တယ်။
“ မဟာမိတ်နဲ့ အကျိုးတူပူးပေါင်းမှုအင်အား ကြီးထွာလာခြင်းကနေ ဖိလစ်ပိုင်ကို ထောက်ခံပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အန္တရာယ်ရှိတဲ့ အနိုင်ကျင့်မှုတွေ မလုပ်ဖို့ ဆက်လက် တိုက်တွန်းပါတယ်။ ဖိလစ်ပိုင်ဟာ သူတို့ အထူးစီးပွားရေးဇုန်ရေပိုင်နက်ထဲမှာ ဥပဒေနဲ့အညီ လှုပ်ရှား လုပ်ဆောင်နေတာသာဖြစ်ပါတယ်’’ လို့ မယ်ရီကေး ကာဆန်က ထုတ်ပြန်ပြောဆိုသွားခဲ့တယ်။
ထပ်ဆောင်းပြီး တရုတ်အစိုးရအနေနဲ့ ဖိလစ်ပိုင်ပိုင်နက်မှာ စုံစမ်းထောက်လှမ်းရေးလုပ်ခွင့်မရှိတာ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းချုပ်တာ၊ ထိမ်းသိမ်းတာတွေ ရပ်တန်းကရပ်ပြီး စုံစမ်းစစ်ဆေးမှုပါ ခံယူဖို့နဲ့ ဒီဒေသတွင်းမှာ လက်ဝါးကြီးအုပ်မထားဘဲ နိုင်ငံတကာ ရေပိုင်နက်ကို လွတ်လပ်စွာ ကူးသန်းသွားလာခွင့်ပါ မနှောင့်ယှက်ဖို့ မယ်ရီက သတိပေး ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်ဟာ ဖိလစ်ပိုင် ရေယာဉ်တွေကို ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်ရေပိုင်နက်ဖြစ်တဲ့ Second Thomas Shoal ထဲမှာ လာပြီး အနှောင့်အယှက်တွေဆက်တိုက်ပေးနေခဲ့တယ်။ နောက်ဆုံးအကြိမ်အဖြစ် ဇွန် ၁၇ ရက်နေ့က တရုတ်ကမ်းခြေစောင့်တပ်ဟာ ဖိလစ်ပိုင်လှေ၊သင်္ဘောတွေနဲ့ တိုက်ခိုက်မှုအဆင့်အထိဖြစ်ခဲ့ပြီး ဖိလစ်ပိုင်ဘက်က လက်နက်တွေသိမ်းသွားတာ၊ ဒဏ်ရာရသူတွေများစေတာ၊ တစ်ယောက်ဆိုရင် လက်ချောင်း တစ်ချောင်းဖြတ်လိုက်ရတဲ့အထိ ဒဏ်ရာရသွားခဲ့ပါတယ်။
ဒါကြောင့် မနီလာမှာ လုပ်တဲ့ ဖိုရမ်ဟာ ၂၀၁၆ ခုနှစ်က အငြင်းပွားမှုဆိုင်ရာ အမြဲတမ်းတရားရုံးက ချမှတ်တဲ့ ဖိလစ်ပိုင်ရေပိုင်နက်သာဖြစ်မှုနဲ့ တရုတ်ပြောသလို တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး သူတို့ပိုင်နက်ဆိုတာ မဟုတ်ကြောင်း တရားစီရင်ချက် ၈ နှစ်ပြည့်အထိမ်းအမှတ်နဲ့ယှဉ်ပြီး အမေရိကန်နဲ့မဟာမိတ်အုပ်စုက တရုတ်ကို ဖိအားပေးတိုက်တွန်းကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ပင်လယ်ရေကြောင်း ကွန်ဗန်းရှင်းမှာကို တောင်တရုတ်ပင်လယ်ထဲ ဖိလစ်ပိုင်နဲ့တခြားနိုင်ငံတွေရဲ့ ကိုယ်ပိုင် ရေပိုင်နက်ကို တရားဝင်သတ်မှတ်ပေးထားပြီး သားပါ။ ဒီ သတ်မှတ်ချက်ကို တရုတ်ဘက်က လုံး၀ လက်မခံကြောင်း တုံ့ပြန်ထားပြီး ဒီနေ့လို တောင်တရုတ် ပင်လယ်တစ်ခွင် အခိုင်အမာ စစ်ရေးပြခြိမ်းခြောက်နေတာဖြစ်တယ်။
ဒါကြောင့် အမေရိကန်ဝါရှင်တန်အစိုးရနဲ့ မဟာမိတ်တွေအားလုံးဟာ တရုတ်ရဲ့ အကြမ်းဖက်တဲ့ ဗိုလ်ကျစိုးမိုးမှုကို တွန်းလှန်တင်ပြရခြင်းမှာ ဂုဏ်ယူကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကြီးက တရုတ်ရဲ့ အဆိုကို လုံး၀လက်မခံ နိုင်ခြင်းက ခိုင်မာပြတ်သားမှုရှိတဲ့အပြင် ပိုမိုမြင်းထန်စွာ ဆန့်ကျင်လာတယ်။ နိုင်ငံတကာစည်းမျဉ်းဥပဒေအတိုင်း နိုင်ငံတိုင်းဟာ တောင်တရုတ်ပင်လယ်ကို အသုံးပြုပြီးအကျိုးဖြစ်ထွန်းစေမှုကို မျှဝေခံစားခြင်းအတွက် တန်ပြန် ခြင်းလို့ မယ်ရီကေးကာဆန်က ဆက်လက် ပြောဆိုပါတယ်။
ဖိလစ်ပိုင် ကွီဇွန်းမြို့ဆင်ခြေဖုံးမှာ တရုတ်ဆန့်ကျင်ရေးလူထုဟာ အငြင်းပွားမှုဆိုင်ရာအမြဲတမ်းတရားရုံးက ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်သတ်မှတ်ပေးခဲ့တဲ့ နှစ်ပတ်လည်နေ့အဖြစ် ဆန္ဒပြမှုတွေလည်း လုပ်ဆောင်ခဲ့ကြ တယ်။
China Out လို့ အော်ဟစ်ပြီး ဆိုင်းဘုတ်တွေ၊ ဖိလစ်ပိုင်အလံတွေကို ကိုင်ဆောင် ဆန္ဒပြကြတာဖြစ်တယ်။ တရားရုံးဥပဒေ သက်တော်ရာကျော်ရှည်ပါစေ ဆိုတဲ့ ဟစ်ကြွေးသံတွေက သူတို့ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ် သားသား ထုတ်ဖော်ပြသခဲ့ပါတယ်။
မယ်ရီကေးကာဆွန်ရဲ့မိန့်ခွန်းမှာ ဖိလစ်ပိုင်နဲ့ အမေရိကန်ရဲ့ ၇၃ နှစ်တိုင် တည်မြဲခဲ့တဲ့ ပူးပေါင်းဆောင်ရွက်ခဲ့မှုကို ရှေးရှုကြောင်း၊ ဒီနှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းလေ့ကျင့်ခဲ့မှုကလည်း အကြိမ် ၅၀၀ ကျော်ရှိခဲ့ပြီဖြစ်ကြောင်း၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအကြိမ်အရေအတွက်က ထပ်တိုးလာဖို့ပဲ ရှိကြောင်း၊ အမေရိကန်နဲ့ ဖိလစ်ပိုင်အကြား ၁၉၅၁ ခုနှစ်ကတည်းက ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံအပေါ် တစ်နိုင်ငံ စစ်ရေးကာကွယ်ခွင့်ရပ်တည်ချက်က မယိုင်မလဲ ခိုင်မာစွာ တည်မြဲနေသေးကြောင်း ထည့်သွင်းပြောဆိုသွားတယ်။ ဖိလစ်ပိုင်ဘက်ကလည်း အမေရိကန်အပြင် တခြား မဟာမိတ်အဖွဲ့အစည်း တိုးပွားလာဖို့ အားကြိုးမာန်တက်လုပ်ဆောင်နေကာ တောင်တရုတ်ပင်လယ် အတွင်း ဖိလစ်ပိုင်ရဲ့ ပိုင်နက်လုံခြုံရေးကို ပူးပေါင်းဖွဲ့စည်းခြင်းနဲ့ စစ်ရေးအင်အားမြှင့်တင်မှုတွေနဲ့အတူ မမှန့် မသုန်ရပ်တည်နေတယ်ဆိုတာကို သက်သေပြနေပြီပဲဖြစ်ပါတယ်။








