လင်းမောင်
ပြီးခဲ့တဲ့လအတွင်းက တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဖိလစ်ပိုင်ဘက်က တရုတ်ကွန်မြူနစ်ပါတီထံ နစ်နာကြေး ပီဆို သန်း ၆၀ (ဒေါ်လာ ၁ သန်း) ပေးဖို့ တောင်းဆိုလိုက်ပြီဖြစ်ပါတယ်။ ဒီတောင်းဆိုမှုကို ဇူလိုင်လ ၄ ရက်နေ့မှာပဲ ဖိလစ်ပိုင် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် ရိုမီယို ဘရော်နာဂျူနီယာ ကိုယ်တိုင်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်မှာ တရုတ် မော်တော်ဘုတ်တွေ ဝင်တိုက်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ရေယာဉ် ၂ စီးပျက်ဆီးသွားသလို တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ပိုင် ရိုင်ဖယ် သေနတ် ၇ လက်ကိုလည်း သိမ်းယူသွားတာပြန်ပေးဖိုရယ်၊ ရေတပ်အရာရှိတစ်ဦး ညာဘက်လက်မ ပြတ်သွားစေတဲ့ မော်တော်ဘုတ်နဲ့ဝင်တိုက်မှုမှာ ခွဲစိတ်ကုသမှု ကုန်ကျစားရိတ်တွေကို ရည်ရွယ်ပြီး ဒေါ်လာ ၁ သန်း နစ်နာကြေးတောင်းဆိုခဲ့တာလို့ ဆိုပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင်တို့ နောက်ဆုံး ထိပ်တိုင်ရင်ဆိုင်ပြဿနာဖြစ်တဲ့ တောင်တရုတ်ပင်လယ် ပဋိပက္ခက ဇွန် ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။ Second Thomas Shoal ရေပိုင်နက်ထဲ တရုတ်ကမ်းခြေစောင့်တပ်သားတွေဟာ ဓားတွေ၊ လှံတွေကိုင်ဆောင်ပြီး ဖိလစ်ပိုင် ငါးဖမ်းစက်လှေတွေကို တိုက်ခိုက်ဖို့ လုပ်ရာမှာ ဖိလစ်ပိုင် ကမ်းခြေ စောင့်တပ်ဘက်က အကာအကွယ်ပေးရင်း တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ Second Thomas Shoal ငါးဖမ်းဇုန်ပိုင်နက်ဆိုတာ ဖိလစ်ပိုင်ဘက်က အခေါ် Ayungin၊ တရုတ်ဘက်က အခေါ်မှာ Ren’ai Jiao ဖြစ်ပြီး အငြင်းပွား စပရတ်တလေကျွန်းတစ်စိတ်တစ်ပိုင်းမှာ ပါဝင်တဲ့ ပိုင်နက်လည်းဖြစ်ပါတယ်။
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ ရေယာဉ်ငယ်လေးတွေက ဒီပိုင်နက်မှာ စောင့်ရှောက်တည်ရှိချိန် တရုတ်ဘက်က စစ်သင်္ဘောကြီးပါကျောက်ချပြီး အနီးကပ် ကင်းထောင် လေ့လာမှုလုပ်ငန်းစဉ်တွေကို ဒီဇုန်ထဲ လုပ်ဆောင်နေခဲ့ တာ နှစ်နဲ့ချီကြာလာခဲ့ပြီဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ ကမ္ဘာက ဘယ်လို ပိုင်နက်ခွဲခြမ်းပေးခဲ့ပါစေ တောင် တရုတ်ပင်လယ်တစ်ခုလုံးက သူတို့ပိုင်တယ်လို့ တွင်တွင်ဆိုနေခဲ့တယ်။ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်နဲ့ ဖြစ်ပွားတဲ့ နောက်ဆုံး တိုက်ခိုက်မှုမှာ တရုတ်ဘက်က လက်နက်တွေ သိမ်းယူသွားတယ်ဆိုတာလည်း အမှန်ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ်က အတည်ပြုကြေညာခဲ့ပါတယ်။
ဒီပြဿနာဖြစ်ပြီးနောက် ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၊ တပ်ချုပ် ရိုမီယိုဘရော်နာနဲ့ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ သီးခြားအစည်းအဝေးလုပ်ခဲ့ကြတယ်။ ဆွေးနွေးမှုကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေက တော့ ကိုယ့်ပိုင်နက်ကိုယ် ကာကွယ်ဖို့၊ တရုတ်နဲ့ တင်းမားမှု လျှော့ချဖို့ သံတမန်နည်းလမ်းအရ သမ္မတကိုယ်တိုင် ဆွေးနွေးနေပေမယ့် တပ်ချုပ်ဘရော်နာကတော့ တူညီတဲ့ တန်ပြန်သက်ရောက်မှုဝါဒကိုင်စွဲပြီး ဓားနဲ့လာရင် ဓားနဲ့ ပြန်ရင်ဆိုင်၊ တုတ်နဲ့လာရင် တုတ်နဲ့ တရုတ်ကို ပြန်တုံ့ပြန်ဖို့ အမိန့်ပေးခဲ့ကြောင်း သတင်းစာရှင်းလင်ပွဲပါလုပ်ပြီး ထုတ်ပြန်သွားပါတယ်။
ဇူလိုင် ၂ ရက်နေ့မှာ ၉ ကြိမ်မြောက် တောင်တရုတ်ပင်လယ် Bilateral Consultation Mechanism အစည်းအဝေး လုပ်အပြီးမှာတော့ တရုတ်နဲ့ ဖိလစ်ပိုင်ဟာ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့၊ ရေပိုင်နယ်အငြင်းပွားမှုမှာ ပိုပြီး ထိရောက်အကျိုးရှိတဲ့ နည်းလမ်းနဲ့ ဖြေရှင်းကြဖို့ သဘောတူညီမှု ရရှိကြောင်း ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ တောင်တရုတ်ပင်လယ်အတွင်း ဗိုလ်ကျစိုးမိုးမှုတွေကို တန်ပြန်နိုင်ဖို့ ဖိလစ်ပိုင်ဘက်က အိမ်နီးချင်းတွေရော အဝေး က မဟာမိတ်နိုင်ငံကြီးတွေနဲ့ပါ ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်လာခဲ့ပါပြီ။
ဇူလိုင် ၈ ရက်က မနီလာမှာ ကျင်းပခဲ့တဲ့ တွေ့ဆုံမှုအရ ဂျပန်ကာကွယ်ရေးဝန်ကြီးနဲ့ ဖိလစ်ပိုင်ကာကွယ်ရေးဝန် ကြီးတို့ ဒေသတွင်းနှစ်နိုင်ငံအပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ်ခဲ့တယ်လို့ မကြာသေးခင်ကပဲ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာတယ်။ ရက်ပိုင်းအတွင်းက Heritage Foundation အခမ်းအနား မှာ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတလက်ထက် နိုင်ငံတော်လုံခြုံရေးအကြံပေး မက်သရူးပိုတင်ဂါက ရှင်းလင်းပြတ် သားတဲ့ အမြင်တစ်ရပ်ကို ထုတ်ဖော်ပြောဆိုသွားတယ်။ တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်ကို ဗိုလ်ကျအနိုင် ကျင့်ပြခြင်းဟာ အနာဂတ်ဖြစ်နိုင်ဖွယ် ထိုင်ဝမ်ကို တက်သိမ်းမယ့် စစ်ဆင်ရေးအတွက် ဝတ်စုံပြည့် အကြိုလေ့ကျင့် ပွဲလုပ်တာသာဖြစ်တယ်၊ ဒီလိုလုပ်ခြင်းကနေ ဖိလစ်ပိုင်ကို အမေရိကန်ဘက်က ဘယ်လောက် ပါဝင်ကူညီမလဲဆို တဲ့ပေတံကိုကိုင် တွက်ချက်ပြီး ထိုင်ဝမ်ကို သိမ်းရင် အမေရိကန်ဘက်က ဘယ်လိုတုံ့ပြန်လာနိုင်မလဲ အကဲစမ်းတာဖြစ်တယ်၊ ဒါကြောင့် အမေရိကန်ဟာ ဖိလစ်ပိုင်နဲ့ပိုပြီး နီးစပ်တဲ့ ကူညီပတ်သက်မှုမျိုး လုပ်ရလိမ့်မယ် လို့ပါ ပြောဆိုသွားတယ်။
အမေရိကန်ဘက်ကလည်း ဖိလစ်ပိုင်နဲ့ ၁၉၅၁ ခုနှစ်ကတည်းက နှစ်နိုင်ငံသဘောတူစစ်ရေး ပူးပေါင်းကာကွယ်မှု စာချုပ်ဟာ အခုအထိ မယိမ်းမယိုင် ခိုင်မြဲစွာရှိနေသေးကြောင်း၊ တစ်နိုင်ငံကို တိုက်ခိုက်စော်ကားရင် တစ်နိုင်ငံက ပါဝင်တုံ့ပြန်တိုက်ခိုက်ရမယ့် သဘောတူညီချက်အဖြစ် ပကတိအတိုင်း ခိုင်မာစွာ တည်ရှိနေသေးကြောင်း၊ ပေကျင်းအစိုးရရဲ့ ဖိလစ်ပိုင်ရေပိုင်နက်ထဲ ကမ်းခြေစောင့်တပ်တွေကို တိုက်ခိုက်ခြင်းဟာ တာဝန်ခံမှုမရှိ၊ အန္တရာယ် များပြားနိုင်မှုကို ကျူးလွန်လုပ်ဆောင်တာဖြစ်လို့ ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း ထုတ်ပြန်သွားပါတယ်။
တရုတ်ရဲ့ ခြိမ်းခြောက်မှုအပေါ် တုံ့ပြန်မှုနဲ့ ဖိလစ်ပိုင်နဲ့တစ်သားတည်းရှိမှုကို သက်သေပြခြင်းအဖြစ် ဒီတိုက်ခိုက်မှု နောက်ပိုင်း မနီလာကို အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်တို့ သုံးယောက်စလုံး လာရောက်ခဲ့ကြပါတယ်။
ဧပြီလဆန်းပိုင်းကလည်း အမေရိကန်၊ ဖိလစ်ပိုင်နဲ့ ဂျပန် သုံးနိုင်ငံ ညီလာခံကို ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့သေးပြီး သုံးနိုင်ငံခေါင်းဆောင်အားလုံးက တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ပြင်းထန်တဲ့ စစ်ရေးပြင်ဆင်မှုတွေ၊ ကြမ်း တမ်းပြနေမှုတွေအပေါ် လုံးလုံးဆန့်ကျင်မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။ တရုတ်အနေနဲ့ ၂၀၁၆ ခုနစ်က ထုတ်ပြန်ခဲ့တဲ့ Permanent Court of Arbitration တရားရုံးက ရေပိုင်နက် သတ်မှတ်ပေးမှုကို လိုက်နာဖို့၊ ဒီအမိန့် မှာ နိုင်ငံတကာဥပဒေအရ တောင်တရုတ်ပင်လယ်ဟာ တရားဝင် တရုတ်ပိုင် ပင်လယ်မဟုတ်ဘဲ လွတ်လပ်စွာ ကုန်သွယ်ခွင့်ရှိတဲ့ ဇုန်ဖြစ်တယ်လို့ ပြဌာန်းပေးခဲ့လို့ လိုက်နာဖို့ သုံးနိုင်ငံ ခေါင်းဆောင်တွေက အသီးသီးတိုက်တွန်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်အပြင် လာမယ့်နှစ်ကစလို့ အမေရိကန်၊ ဂျပန်နဲ့ ဖိလစ်ပိုင် မဟာမိတ် ၃ နိုင်ငံ ဟာ အင်ဒို-ပစ္စိဖိတ်ဒေသမှာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်သွားမယ်လို့လည်း အတည်ပြု ထုတ်ပြန်ခဲ့ ကြပါတယ်။








