Online Gambling – အွန်လိုင်းလောင်းကစားဆိုတာ ဒီဘက်ခေတ်မှာတော့ ထပ်ပြီးရှင်းပြဖို့မလိုတော့အောင်ကို လူမှုကွန်ရက်တွေကနေ တောရောမြို့ပါမကျန် အကုန်ဝင်ရောက်နေရာယူနေကြပြီဖြစ်ပါတယ်။ မဟာမဲခေါင်ဒေသခွဲမှာ ဒီလို အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက်တွေအခြေစိုက်ပြီး နေရာစုံကို စျေးကွက်ထိုးဖောက် စီးပွားရှာနေမှုကြီးဟာလည်း ကြောက်စရာကောင်းလောက်တဲ့ ငွေကြေးအဆောက်အအုံကြီးဖြစ်နေပါပြီ။
အွန်လိုင်းလောင်းကစားကို ခုံမင် စွဲလမ်းသွားမယ်ဆိုရင်တော့ သေချာတာက ဒုက္ခရောက်ရပြီဆိုတာပါပဲ။ နိုင်သူတွေ မရှိဘူးမဟုတ် ရှိပါတယ်။ ဒါပေမဲ့လည်း ဒီလောင်းကစားရပ်ဝန်းကို အော်ပရေးရှင်းလုပ်တဲ့ ဘွတ်ကီတွေ၊ တရားမဝင် ဒုစရိုက်ဂိုဏ်းကြီး တွေအတွက်ကတော့ တကယ့် ငွေတွင်းကြီးခွထိုင်ထားတဲ့အဆင့်မျိုး ရောက်ကုန်ကြတယ်ဆိုတာပါပဲ။
မဟာမဲခေါင်ဒေသခွဲထဲမှာပါတဲ့ ကမ္ဘာ့ စတုတ္ထလူဦးရေအများဆုံးနိုင်ငံ အင်ဒိုနီးရှားမှာလည်း ဒီအွန်လိုင်း လောင်းကစားစျေးကွက်ကြီးဟာ စျေးကွက်ချဲ့တွင်ရောက်ရှိနေပြီး နောက်ကွယ်က ဂိုဏ်းခေါင်းဆောင်၊ လုပ်ငန်းပိုင်ရှင်တွေဟာ အင်ဒိုနီးရှားစျေးကွက်မှာကို ဝင်ငွေကောင်းစေဖို့ အင်ဒိုနီးရှားနိုင်ငံသား အော်ပရေတာတွေကိုပါ သူတို့လုပ်ငန်းမှာ အော်ပရေတာတွေအဖြစ် ရည်ရွယ်ချက်ရှိစွာအလုပ်ပေး၊ ခန့်အပ်ရင်း စျေးကွက် ထိုးဖောက်ဝင် ရောက်လာတယ်လို့ အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့ နိုင်ငံတကာဆက်ဆံရေးဌာန ရဲချုပ် ခရစ်ရှ်နာမာတီကိုယ် တိုင်ကပဲ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုထုတ်ပြန်သွားပါတယ်။
နိုင်ငံတွင်းက အော်ပရေတာဆိုတဲ့ ဒိုင်ခွဲ၊ ကော်မရှင်စားအေးဂျင့်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေပေးပြီး ထိန်းချုပ်မှုတွေကို သူတို့ဟာ မဟာမဲခေါင် ဒေသခွဲ နိုင်ငံတွေမှာ အခြေစိုက်လို့ ခိုင်းစေတာဖြစ်တယ်။ ကိုဗစ် -၁၉ ကပ်ဆိုးနှစ်တွေမှာ လူတွေအပြင်ထွက်တာ၊ သွားလာကူးသန်းတာတွေကို မဲခေါင်ဒေသနိုင်ငံတွေအားလုံး တင်းကျပ်စွာ ကန့်သတ်ခဲ့တော့ လောင်းကစားဂိုဏ်း ခေါင်းဆောင် နယ်စပ်ဖြတ်ကျော် ဒုစရိုက်သမားတွေဟာ အွန်လိုင်းလောင်းကစားကို နေအိမ်ကနေဘဲ ဖုန်းနဲ့ ဘဏ်အကောင့်နဲ့ ထိုင်လုပ်နိုင်အောင် ဒေသတွင်းက အော်ပရေတာတွေကို စည်းရုံး အလုပ်ပေးမှုကနေ ဒီအွန်လိုင်း လောင်းကစားတွေဟာ အင်ဒိုနီးရှားမှာပါ ပျံ့နှံ့ ဒုက္ခပေးနေပြီဖြစ်ကြောင်း ရဲချုပ် ခရစ်ရှ်နာက ဂျာကာတာ တောင်ပိုင်းမှာလုပ်တဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံတင်ပြမှုမှာ ဖတ်ကြားသွားတယ်။
ဒီရာဇဝတ်ဂိုဏ်းတွေဟာ မဟာမဲခေါင်ဒေသတွင်းမှာပဲ နှစ်စဉ် အွန်လိုင်းလောင်းကစားကနေ ငွေရှာဖွေနိုင်မှုဟာ ဒေါ်လာ ၄၃ . ၈ ဘီလီယံ အထိရှိပြီး ဒီငွေပမာဏဟာ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံ အားလုံးပေါင်းရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးရှိတယ်ဆိုတော့ ဘယ်လောက် ပြည်သူပြည်သား တွေကို ဒုက္ခပေး စားသုံးသလဲဆိုတာ မတွေးရက်စရာ ဖြစ်နေပါပြီ။
အွန်လိုင်းလောင်းကစားကနေပဲ တွဲဖက် မပါမဖြစ် ရာဇဝတ်မှုတွေကတော့ လူမှောင်ခို၊ ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကနေ နည်းပညာအသုံးချ လိမ်လည်မှု၊ ငွေမဲတွေကို ငွေဖြူဖြစ်အောင် ခဝါချမှုတွေ တန်းစီ ပါဝင်ပတ်သက်လာတယ်လို့ ခရစ်ရှ်နာက ဆိုပါတယ်။ ဒါကြောင့် မဟာမဲခေါင်ဒေသခွဲက အွန်လိုင်းလောင်းကစားနဲ့ပတ်သက်ပြီး အဆိုးရွားဆုံးအခြေအနေမှာရှိနေတဲ့ နိုင်ငံ ၄ နိုင်ငံ စျေးကွက်အကြောင်း ဆက်လက် ဖတ်ရှုကြည့်ကြပါဦး။
(၁) တရုတ်
Business Insider သတင်းမှာ ဖော်ပြထားချက်အရ တရုတ်နိုင်ငံမှာ အစိုးရထီကလွဲလို့ ဘယ်လောင်းကစားမှုမျိုးကို မဆို တင်းကျပ်စွာ ပိတ်ပင်ထားတယ်ဆိုပေမယ့် ကမ္ဘာ့ ဒုတိယလူဦးရေအများဆုံး နိုင်ငံမှာ ဥပဒေလက်တံကနေ လွတ်အောင် ထူထောင် လည်ပတ်နေတဲ့ လောင်းကစားဝက်ဘ်ဆိုက်တွေဆိုတာလည်း မရေတွက်နိုင်အောင် ရှိနေ သလို လောင်းနေသူပေါင်းကလည်း အင်မတန်များပြား၊ ငွေကြေး လည်ပတ်မှုကလည်း ကြောက်ခမန်းလိလိ ရှိနေ ပါတယ်။
တရုတ်အစိုးရက တစ်ခုတည်းသော ဒေသအဖြစ် လောင်းကစားခွင့်ပြုပေးထားတဲ့ မက္ကာအိုက IGamiX Management and Consulting အဖွဲ့ရဲ့ လောင်းကစားကျွမ်းကျင်သူ ဘန်လီးက တရုတ်ပြည်တွင်းမှာကို Active ဖြစ်နေတဲ့ အွန်လိုင်းလောင်းကစားတွေ ပွထနေပြီလို့ ဆိုတယ်။ အရေအတွက်ကို ခန့်မှန်းဖို့တောင် မဖြစ်နိုင်ဘူးလို့ လည်းဆိုတယ်။ တွက်ချက်သိရှိရတဲ့ လောင်းကစားဆက်စပ် တစ်နှစ်တာ ငွေကြေး စီးဆင်းမှုကတော့ ၂၀၁၉ တစ်နှစ်တည်းမှာပဲ ပြည်ပကို စီးဆင်းထွက်သွားတဲ့ငွေကြေးပမာဏက ဒေါ်လာ ၅၄ ဘီလီယံ ရှိတယ်လို့ သိရှိရပါတယ်။
(၂) မြန်မာ
မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ အွန်လိုင်းလောင်းကစားမှုတွေဟာ ပိုပြီး ကွဲပြားလည်ပတ်တဲ့ အနေ အထားမှာရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်နယ်မြေတွေမှာ အခြေစိုက်ပြီး အွန်လိုင်းကာစီနို၊ ဆိုက်ဘာလိမ်လည်မှုခေါ် ကျားဖြန့်၊ ငွေကြေးခဝါချဖို့ ခရစ်ပတိုကာရန်စီ ခဝါချခြင်းတွေပါ တစ်တွဲတည်း လုပ်ကိုင် ကြပါတယ်။
အမေရိကန်အစိုးရအထောက်အပံ့ပေးထားတဲ့ USIP သတင်းစဉ်မှာ မြန်မာ-ထိုင်းနယ်စပ် မြန်မာ ဘက်ခြမ်းမှာ တည်ဆောက်ထားတဲ့ လောင်းကစားမြို့တော် ယာတိုင်းမြို့သစ် (ရွှေကုက္ကိုလ်မြို့သစ်) စီမံကိန်းဟာ ဒီအွန်လိုင်းလောင်းကစား၊ ကျားဖြန့်ငွေလိမ်၊ ငွေကြေးခဝါချ၊ လူမှောင်ခိုမှု အားလုံး လုပ်ကိုင်နေပြီး စီမံကိန်း ဘတ်ဂျက်ကို ဒေါ်လာ ၁၅ ဘီလီယံကျခံသုံးစွဲခဲ့ပေမယ့် အလိုရှိတဲ့ ပစ်မှတ်အမြတ်ငွေဟာ တရုတ် နိုင်ငံထဲက လောင်းကစားလုပ်သူတွေဆီကပဲ တစ်နှစ် ဒေါ်လာ ၂၅ ဘီလီယံ သတ်မှတ်ရှာဖွေတယ်လို့ သိရပါတယ်။
(၃) လာအို
အာရှလေ့လာရေးပြင်သစ်အကယ်ဒမီစီမံကိန်း (GIS Asie) လေ့လာထုတ်ပြန်မှုမှာ လာအိုအစိုးရကိုယ်တိုင်က စျေးကွက်ဦးဆောင်နိုင်သူဖြစ်ဖို့သာ အဓိကဖြစ်တဲ့ Neoliberal မူဝါဒ အကူးအပြောင်းဖြစ်ချိန် သူတို့ အကျိုးစီး ပွားသာကြည့်တဲ့ ကာစီနိုဇုန်ကြီးတွေကို ထူထောင်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းကြီးတွေမှာ ပြည်တွင်း လောင်းကစားမှု ပိတ်ပင်ထားတဲ့ တရုတ်၊ ဗီယက်နမ်၊ ထိုင်း စတဲ့နိုင်ငံတွေကနေ လောင်းကစားလုပ်ကြမယ့်သူတွေ ကို စည်းရုံးဆွဲဆောင်ပြီး တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတာဖြစ်ပါတယ်။
(၄) ကမ္ဘောဒီးယား
၁၉၉၃ ခုနှစ်ကစလို့ ကမ္ဘောဒီးယားနယ်စပ်မြို့တွေဖြစ်တဲ့ ကို့ကောင်၊ ပိုင်လင်း၊ ပွိုင်ပတ်၊ ချောင်ဂျွန်၊ ဟာတီယန်းနဲ့ ဆီဟာနောက်ခ်ဗီလီမှာ ကာစီနိုရုံတွေ မှိုလိုပေါက်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာဆို ကမ္ဘောဒီးယားအစိုးရဟာ ဒီ လောင်းကစား လုပ်ငန်းကြီးကနေပဲ နိုင်ငံတော် အခွန်ငွေ ဒေါ်လာ ၂၅ သန်း ရတယ်။ နှစ်တိုင်း အခွန်ဝင်ငွေ တိုးတက်ရရှိမှုနှုန်းက ၁၅ ရာခိုင်နှုန်းရှိတယ်။ ဒါက ကာစီနိုလုပ်ငန်းတစ်ခုတည်းက ဖြစ်ပြီး အွန်လိုင်းငွေလိမ်မှု ဆိုတဲ့ ကျားဖြန့်လုပ်ငန်းကနေဆိုရင် တစ်နှစ်ပျမ်းမျှ ဒေါ်လာ ၁၂ . ၅ ဘီလီယံအထိ လိမ်လည်ရာ ဇုန်ကြီးပါ ဖြစ်နေ ခဲ့တယ်လို့ မှတ်တမ်းတွေမှာ ပြဆိုထားပါတယ်။
ဒေါ်လာ ၁၂ . ၅ ဘီလီယံဆိုတာ အာဏာရှင်ပဲ အုပ်ချုပ်တဲ့ ကမ္ဘော ဒီးယားနိုင်ငံရဲ့ GDP တစ်ဝက်တောင် ရှိပါတယ်။ ဒီငွေတွေကတော့ ပြည်သူ့အခြေပြု နိုင်ငံတော် အခွန်ငွေတွေ အဖြစ် ရတာမျိုးမဟုတ်ဘဲ အာဏာရှင် ထိပ်ပိုင်းပုဂ္ဂိုလ်တွေသာ အကျိုးအမြတ်အများဆုံးရတဲ့ ဒုစရိုက်မှုကြီးဖြစ် နေကြောင်း သတင်းတွေမှာ အခိုင်အမာဖော်ပြခဲ့ကြပါတယ်။
အနှစ်ချုပ်
အခု ထိုင်းက လွှတ်တော်မှာ ဒီလပိုင်းထဲ တရားဝင် ကာစီနိုနဲ့ဖျော်ဖြေရေးဇုန်ကြီးတွေ တရားဝင်ဖွင့်လှစ်ပြီး နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အဆိုအောင်တော့မယ်လို့ အတိအလင်း ထုတ်ပြန်ထားကြပါတယ်။ ပြည်ပက တရုတ် တွေအများဆုံးလာရောက်လည်ပတ်ဖို့ ခရီးသွားဗီဇာတွေ ကင်းလွတ်ခွင့်ပေးပြီး ကာစီနိုလောင်းကစားကို သူတို့ နိုင်ငံထဲကစားခြင်းကနေ ဝင်ငွေရှာဖို့၊ နိုင်ငံစီးပွားရေး မြှင့်တင်နိုင်ဖို့ ရည်ရွယ်ကြောင်း သက်ဆင်ရဲ့ ဖွေထိုင်းပါတီ တင်ထားတဲ့ ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ထုတ်ပြန်ပြောဆိုထားပြီးဖြစ်ပါတယ်။
အွန်လိုင်းလောင်းကစားပဲ ဖြစ်ဖြစ် ကာစီနိုပဲဖြစ်ဖြစ် ဒီလိုလုပ်ငန်းတွေမှာ ငွေမည်းကို ငွေဖြူလုပ်ဖို့ အဓိက လက်နက်ဖြစ်တဲ့ ဒစ်ဂျစ်တယ်ငွေ ကြေးစနစ်ကိုလည်း ထိုင်းနိုင်ငံအစိုးရကိုယ်တိုင်က အသက်သွင်းနေတာကြောင့် မဟာမဲခေါင်ဒေသခွဲ နိုင်ငံတွေဟာ နိုင်ငံတော်အဆင့်နဲ့ကို ကမ္ဘာကို ဒုက္ခပေးနေတဲ့ အွန်လိုင်းလောင်းကစား၊ ကျားဖြန့်၊ ဆိုက်ဘာမှုခင်း၊ လူမှောင်ခိုလုပ်ငန်းတွေ ကြီးထွားသထက်ကြီးထွားအောင် မြေဩဇာပေးနေပြီဆိုတာပါပဲ။
Ref: – အင်ဒိုနီးရှားမီဒီယာ tempo.co က ဇွန် ၂၉ ရက်မှာ ဖော်ပြတဲ့ အယ်ဒီတာအကြိုက် ရွေးချယ်မှု သတင်း ဆောင်းပါး 4 Mekong Countries Home to Groups Running Most Online Gambling Sites in Indonesia ကို ဘာသာပြန်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
MKF – 001








