ဉာဏ်လင်းထက် (သုံးသပ်ချက်ဆောင်းပါး)
ဒီရက်ပိုင်းအတွင်း တာချီလိတ်ဒေသခံတွေ အမေးအများဆုံး၊ အပြောအများဆုံး ကိစ္စတစ်ခုက ရှမ်းအရှေ့ကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA က တိုက်ခိုက်သိမ်းပိုက်မလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။
ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အောင်မြင်မှုအများအပြားရပြီး နယ်မြေဒေသအများစုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်နေတဲ့အချိန်မှာပဲ ရှမ်းပြည်အရှေ့ပိုင်းက ဒေသခံတွေကြားမှာ ဒီလို ပြောဆိုမှုတွေရှိလာတာဖြစ်ပါတယ်။ နိုဝင်ဘာလ တတိယပတ်နဲ့ နောက်ဆုံးပတ်တွေဟာ ဒီအသံတွေ ပိုမိုကျယ်လောင်လာပါတယ်။
‘ဝ’ တပ်ဖွဲ့က စစ်ထဲပါလာနိုင်လား၊ ရှမ်းအရှေ့ကို ‘ဝ’ တပ်ဖွဲ့သိမ်းမှာလား ဆိုတဲ့ မေးခွန်းတွေဟာ ဆက်တိုက်ဆိုသလိုပဲ ထွက်ပေါ်လာသလို ဒေသခံတွေကြားမှာလည်း တိုက်ပွဲတွေဖြစ်လာမှာကို ကြိုတင်တွက်ဆပြီး စိုးရိမ်မှုနဲ့အတူ ပြင်ဆင်မှုတွေလည်း ရှိလာပါတယ်။
ရှမ်းအရှေ့ကို ‘ဝ’တပ်ဖွဲ့ တကယ်ပဲ တိုက်ခိုက်သိမ်းပိုက်မှာလားဆိုတာ တွက်ဆကြည့်ရအောင်ပါ။
ကျားဖြန့်လုပ်ငန်းတွေရဲ့နောက်ဆုံးခံတပ် (သို့မဟုတ်) တာချီလိတ်
ရှမ်းအရှေ့ရဲ့ လူအစည်ကားဆုံးမြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ မကြုံစဖူး ယာဉ်ကြောပိတ်ဆို့မှုကို ခံနေရတာ တစ်လကျော်ပါပြီ။ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး မစခင် ရက်ပိုင်းအလိုလောက်ကနေစပြီး ယာဉ်ကြောတွေပိတ်ဆို့လာတာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ရက်ပိုင်းအတွင်းမှာပဲ ယာဉ်ကြောပိတ်ဆို့မှုဟာ သာမန်ကြုံနေရတာထက် ၄ဆ၊ ၅ဆ လောက်ကိုများလာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
တာချီလိတ်မြို့ အမှတ် (၁)တံတားနားတဝိုက်နဲ့ အာခါဈေးနဲ့ တဝိုက်မှာ အဆိုးဆုံးဖြစ်ပြီး အကျယ်အဝန်အားဖြင့် သေးငယ်တဲ့ တာချီလိတ်မြို့မှာ နာရီဝက်၊ တစ်နာရီကြာအောင် ယာဉ်ကြောပိတ်တာတွေ ရှိလာပါတယ်။
ဒါဟာ ရှမ်းမြောက်ကနေ ထွက်ပြေးလာတဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်သူတွေ ဝင်ရောက်လာတာကြောင့်လို့ မြို့ခံတွေက တညီတညွတ်ထဲပြောပါတယ်။
တရုတ်နိုင်ငံသားတွေရဲ့ ကျားဖြန့်လို့ခေါ်တဲ့ Online Scam ငွေလိမ်ဂိုဏ်းတွေရဲ့ မြန်မာနိုင်ငံအတွင်းက နောက်ဆုံးခံတပ်မြို့ဟာ ကမ္ဘာမှာ ရွှေတြိဂံဒေသလို့နာမည်ကျော်ကြားတဲ့ ဒေသတွင်းက တာချီလိတ်မြို့လို့ ဆိုရင် မှားလိမ့်မယ်လို့မထင်ဘူးလို့ ဒေသခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
နယ်စပ်က တရုတ်နိုင်ငံသားတစ်ယောက်ကို ယွမ် ၂သောင်းဝန်းကျင်နဲ့ တာချီလိတ်အရောက် လူကုန်ကူးပေးနေတဲ့အဖွဲ့တွေရှိနေပြီး အခုလပိုင်းအတွင်း တရုတ်လူမျိုးထောင်နဲ့ချီပြီး တာချီလိတ်မြို့ထဲ ဝင်လာနေကြတယ်လို့ သူက ပြောပါတယ်။
အခုဆိုရင် တာချီလိတ်မြို့အတွင်း တိုက်ခန်းငှါးနဲ့ လုံးချင်းအိမ်ငှါးတဲ့ဈေးနှုန်းတွေဟာ ၂ ဆ ခုန်တက်ကုန်ပြီး ဒေသခံတွေရဲ့ ပြောပြချက်အရ တရုတ်နိုင်ငံသားတွေ လာရောက်ငှါးရမ်းတဲ့အတွက် ဈေးနှုန်းတက်ကုန်တာလို့ ပြောကြပါတယ်။ အခြေခံလူတန်းစားအများစု ငှားရမ်းနေထိုင်တဲ့ အိမ်ခန်းလေးတွေဟာ တစ်လကို ဘတ် ၂၅၀၀ လောက်ကနေ ဘတ် ၅၀၀၀လောက်အထိ ခုန်တက်ကုန်လို့ အခြေခံလူတန်းစားတွေလည်း ဒုက္ခရောက်ကြပါတယ်။
တာချီလိတ်မြို့က နေရာအနှံ့မှာ အဆောက်အဦတွေငှားရမ်းပြီး ကျားဖြန့်လုပ်ငန်းကို လုပ်ကိုင်နေကြကာ မြန်မာနိုင်ငံသား တစ်သောင်းဝန်းကျင်ဟာ ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်လှောင်ခိုင်းစေခံနေရတယ်လို့ ဒေသတွင်း စောင့်ကြည့်လေ့လာသူက ပြောပါတယ်။
တာချီလိတ်က ငွေလိမ်ဂိုဏ်းမှာ အလုပ်လုပ်ကိုင်ဖို့အတွက် တရုတ်နိုင်ငံသားတွေကို အရောင်းအဝယ်လုပ်တဲ့ ဈေးကွက်လဲရှိနေပြီး တရုတ်နိုင်ငံသားတစ်ဦးကို ကာလပေါက်ဈေး ထိုင်းဘတ်ငွေ ၇ သိန်းကနေ ဘတ် ၁၀ သိန်းဝန်းကျင်ထိ အရောင်းအဝယ်ရှိပါတယ်။
အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ တရုတ်တွေကို ငွေလိမ်ဂိုဏ်းမှာ ပြန်လည်ရောင်းချတာတွေရှိနေပြီး မြန်မာလူမျိုးတွေကိုလဲ တစ်ဦးကို ဘတ် ၃ သောင်းကနေ ၅ သောင်းပေါက်ဈေးနဲ့ အရောင်းအဝယ် လုပ်နေကြပါတယ်။
ကျားဖြန့်ကို အပြတ်နှိမ်နင်းနေတဲ့ တရုတ်အစိုးရ
တရုတ်အစိုးရဟာ သူ့နိုင်ငံသားတွေနဲ့ သူ့နိုင်ငံအကျိုးစီးပွားကို ထိပါးလာတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဒီနှစ်အတွင်းမှာ ထိထိရောက်ရောက်ကို နှိမ်နင်းနေပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ငွေလိမ်ဂိုဏ်းတွေရဲ့ အခြေတည်ရာ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုဟာလဲ နိုင်ငံတကာရဲ့ ပစ်မှတ်ဖြစ်လာပြီး တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် ဇွန်လအတွင်း ရှယ်ယာအများဆုံးထည့်တဲ့ တရုတ်နိုင်ငံသား ဂိုဏ်ခေါင်းဆောင်ကို ထိုင်းအစိုးရက လေဆိပ်ထဲမှာဖမ်းပြီး အရေးယူထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာလထဲမှာ ကျားဖြန့်လုပ်ငန်းတွေအများဆုံးရှိတဲ့ လောက်ကိုင်မြို့က ဒေသအာဏာပိုင်နဲ့ လုပ်ငန်းရှင်သဌေး ၁၀ ယောက်ကျော်ကို ယူနန်ပြည်နယ်အစိုးရက တရုတ်လွတ်လပ်ရေးနေ့ကို ဖိတ်ခေါ်ပြီးအပြန်မှာ လောက်ကိုင်မြို့တဖက်ကမ်းမှာ ငွေလိမ်ဂိုဏ်းအမှုနဲ့ ဖမ်းဆီးထားလိုက်တယ်။ မြန်မာအာဏာသိမ်းစစ်တပ်ဟာ တခွန်းမှ အသံမထွက်ဘဲ နေနေရပါတယ်။
နောက်ပြီး UWSA “ဝ”ဒေသအတွင်းကို တရုတ်ရဲတွေကိုယ်တိုင်ဝင်ရောက်ပြီး ငွေလိမ်လုပ်ငန်းငန်းလုပ်နေတဲ့ တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အပြင် “ဝ”ခေါင်းဆောင်ပိုင်းထဲက ၂ ဦးကို ဝရမ်းထုတ်ပစ်လိုက်တယ်။
အခုနောက်ဆုံး ကိုးကန့်ဒေသနဲ့ ရှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးနဲ့ ငွေလိမ်ဂိုဏ်းတွေကိုရေးယူဖို့ဆိုပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ဦးဆောင်ကာ စစ်ဆင်ရေးတွေလုပ်နေပါတယ်။
ဒါတွေအားလုံးကိုကြည့်ရင် တရုတ်အစိုးရဟာ သူ့တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွားအတွက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ ပျက်သုန်းရေးအတွက် အပူတပြင်း ဖိအားပေးလုပ်ဆောင်နေတယ်ဆိုတာ သေချာနေပါတယ်။
တရုတ်အစိုးရက ဖိအားပေးရှင်းလင်းနေတာကြောင့် မြန်မာနိုင်ငံအတွင်း ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်က ကျားဖြန်လုပ်ငန်းတွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသထဲက တာချီလိတ်မြို့ကို အစုလိုက်အပြုံလိုက် ဝင်လာနေကြတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
တာချီလိတ်မြို့ထဲကို ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို ဒေသခံ ပြည်သူ့စစ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေက အကာအကွယ်ပေးထားပြီး အာဏာသိမ်းစစ်တပ်နဲ့ ရဲတွေကလဲ လာဘ်ငွေအမြောက်အများရယူကာ အကာအကွယ်ပေးထားကြတာပါ။
ကျားဖြန့်လုပ်ငန်းတွေကြောင့် တရုတ်နိုင်ငံက ဆုံးရှုံးရတဲ့ငွေဟာ တစ်လကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆ ဘီလီယံလောက်ရှိပြီး ဒီငွေတွေရဲ့ ၃ပုံ ၁ပုံဟာ အာဏာပိုင်တွေကို ပေးနေရတာဖြစ်တယ်လို့ တရုတ်သတင်းတွေက ဆိုပါတယ်။ ဒီလိုများပြားတဲ့ ငွေကြေးပမာဏကြောင့်လည်း ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေ၊ စစ်တပ်နဲ့ ရဲတွေဟာ ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးနေတာဖြစ်ပြီး ဒီလိုအကာအကွယ်ပေးနေမှုက တရုတ်အစိုးရရဲ့ ကျားဖြန့်လုပ်ငန်းနှိမ်နင်းမှုကို အတားအဆီးဖြစ်စေတာ ဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ အောင်ပွဲတွေဆက်တိုက်ရနေတဲ့ ၁၀၂၇ စစ်ဆင်းရေးဟာ ကျားဖြန့်လုပ်ငန်းနှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တရုတ်အစိုးရရဲ့ မီးစိမ်းပြမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အရင်က နယ်စပ်တည်ငြိမ်ရေးဆိုတဲ့ အကြောင်းပြချက်အောက်မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်တာနဲ့ ဝင်ရောက်ကြားချလေ့ရှိတဲ့ တရုတ်အစိုးရဟာ ဒီတကြိမ်မှာတော့ ထိထိရောက်ရောက် ပြောဆိုတာ မရှိပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ဟာ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းရင်း တဆက်စပ်တည်း စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို ရှင်းထုတ်ပြီး အောင်ပွဲဆင်နေပါတယ်။
ရှမ်းအရှေ့ကမြို့ကြီးတွေဖြစ်တဲ့ ကျိုင်းတုံနဲ့ တာချီလိတ်မှာလည်း ကျားဖြန့်လုပ်ငန်းတွေ အများအပြား ရှိနေပါတယ်။ ကျိုင်းတုံမြို့မှာ ကျားဖြန့်လုပ်ငန်းအနည်းငယ်ရှိပြီး တာချီလိတ်မှာတော့ အများအပြားကို ရှိနေတာဖြစ်ပါတယ်။ ဒေသတွင်း စောင့်ကြည့်လေလာသူ တစ်ဦးရဲ့ သုံးသပ်ချက်အရ ဒီနိုဝင်ဘာလအတွင်း ထပ်ဝင်လာတဲ့ ကျားဖြန့်လုပ်ငန်းတွေပါပေါင်းလိုက်ရင် မြို့လူဦးရေရဲ့ ၃ပုံ ၁ပုံလောက်ဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းလိုပဲ ရာဇဝတ်မှုတွေနဲ့ ပြည့်နှုက်နေတဲ့ ရှမ်းအရှေ့က ငွေလိမ်ဂိုဏ်းတွေကို တရုတ်အစိုးရက ပစ်မှတ်ထားဖိအားပေးပြီး တနည်းနည်းနဲ့နှိမ်နင်းလာမှာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒီလိုနှိမ်နင်းလာခဲ့ရင် လာဘ်စားမှုတွေ၊ အဂတိလိုက်စားမှုတွေ ပြည့်နှက်နေပြီး စွမ်းဆောင်ရည်နိမ့်ကျတဲ့ မြန်မာစစ်တပ်နဲ့ရဲအစား ဒေသတွင်း အင်အားကြီးမားတဲ့ ‘ဝ’ တပ်ဖွဲ့ – UWSA နဲ့ လက်တွဲနိုင်တယ်လို့ သုံးသပ်ကြတာကြောင့် ဒေသခံတွေကြားမှာ ရှမ်းပြည်အရှေ့ပိုင်းကို ‘ဝ’ တပ်ဖွဲ့ သိမ်းပိုက်မှာလားဆိုတဲ့ မေးခွန်းတွေ ကျယ်ပြန့်လာတာဖြစ်ပါတယ်။
ရှမ်းအရှေ့ ပထဝီရေးနဲ့ စစ်ရေး
ရှမ်းပြည်အရှေ့ပိုင်းဟာ ပထဝီနိုင်ငံရေးအရ ရှုပ်ထွေးမှုရှိပြီး ရှမ်းပြည်မြောက်ပိုင်းလို တရုတ်နိုင်ငံတနိုင်ငံတည်းနဲ့ အဓိက ဆက်စပ်နေတာ မဟုတ်ပါဘူး။ ထိုင်း၊ လာအို၊ တရုတ်၊ မြန်မာ ၄နိုင်ငံ ဆက်စပ်နေတာဖြစ်ပြီး ဒီအခြေအနေကပဲ နိုင်ငံဖြတ်ကျော် မှုခင်းတွေ ပိုမိုဖြစ်ပေါ်လာအောင် အားပေးနေတာဖြစ်ပါတယ်။ တရုတ်ကျားဖြန့် ငွေလမ်းဂိုဏ်းတွေဟာ ရှမ်းပြည်အရှေ့ပိုင်းမှာတင် တည်ရှိနေတာမဟုတ်ဘဲ လာအိုနိုင်ငံ၊ ဘော်ကဲယိုခရိုင်ထဲက ရွှေတြိဂံအထူးစီးပွားရေးဇုန်ထဲမှာလည်း အများအပြား ရှိနေပါတယ်။ အဲဒီက ကျားဖြန့်လုပ်ငန်းတွေမှာလည်း မြန်မာနိုင်ငံထဲက လုပ်ငန်းတွေနည်းတူ အဓမ္မခိုင်းစေတာ၊ ညှင်းပန်းနှိပ်စက်တာတွေရှိတယ်လို့ လာအိုနိုင်ငံထဲက ကျားဖြန့် လုပ်ငန်းတွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ တာချီလိတ်မြို့ခံ လူငယ်တွေထံကနေ သိရပါတယ်။
ဒီလို နယ်နမိတ်ထိစပ်မှုများပြီး နိုင်ငံ ၄နိုင်ငံလောက် ထိစပ်နေတဲ့ နေရာက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းလို နည်းလမ်းမျိုး မသုံးလောက်ဘူးလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းမှာ မြန်မာစစ်တပ်တွေ အများအပြားရှိပေမယ့် ဒေသခံပြည်သူ့စစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း အင်အားကြီးမားတဲ့ အခြေအနေဖြစ်ပါတယ်။ ရှမ်းအရှေ့မှာ အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ‘ဝ’ တပ်ဖွဲ့ – UWSA ရှိသလို အင်အားအတန်အသင့်ကြီးမားတဲ့ မိုင်းလားတပ်ဖွဲ့နဲ့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ RCSS တို့လည်း ရှိနေပါတယ်။ ဒါ့အပြင် အာခါပြည်သူ့စစ်၊ လားဟူပြည်သူ့စစ်တို့လို ဒေသခံပြည်သူ့စစ်တွေလည်း ရှိနေပြန်ပါတယ်။
‘ဝ’ တပ်ဖွဲ့ သဘေားထားနဲ့ အနေအထား
‘ဝ’ တပ်ဖွဲ့ – UWSA ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့လို့ ပြောလို့ရသလို ရှမ်းအရှေ့မှာလည်း အင်အားအကြီးဆုံးပဲဖြစ်ပါတယ်။ ‘ဝ’တောင်ပိုင်း စစ်ဒေသဖြစ်တဲ့ ၁၇၁ စစ်ဒေသမှာတင် အင်အားသောင်းနဲ့ချီရှိနေပြီး တပ်အင်အား ၃၀၀၀ နဲ့ ၅၀၀၀ ကြားကို အချိန်မရွေးဖြန့်ကျက်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
‘ဝ’တပ်ဖွဲ့အနေနဲ့ ရှမ်းအရှေ့မှာ စစ်အင်အားသာမကဘဲ စီးပွားရေးအရလည်း အင်အားကြီးအောင် အခိုင်အမာတည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ရှမ်းအရှေ့က တာချီလိတ်မြို့အပါအဝင် နေရာအနှံ့က သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေအပါအဝင် စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ထက်ဝက်နီးပါဟာ ‘ဝ’တပ်ဖွဲ့နဲ့ ဆက်စပ်တဲ့ ‘ဝ’လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
ဒီလို စီးပွားရေးကို အခိုင်အမာ တည်ဆောက်ထားပြီးတဲ့အချိန်မှာ ‘ဝ’တပ်ဖွဲ့နေနဲ့ ထိခိုက်ဆုံးရှုံးမှုများတဲ့ စစ်ရေးကို ပြင်ပါ့မလားဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
ရှမ်းအရှေ့ကို ‘ဝ’ တပ်ဖွဲ့ သိမ်းမလား
ဒီနှစ်အတွင်းမှာ တစ်နိုင်ငံလုံး စစ်ဘောင်ကျယ်ပြန့်လာကာ အာဏာသိမ်းစစ်တပ်အနေနဲ့ နေရာအနှံ့မှာ တိုက်ပွဲတွေ ရင်ဆိုင်နေရပါတယ်။ အောက်တိုဘာ ၂၇ရက်က စလို့ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ဖွဲ့ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ အကြီးအကျယ်ထိုးစစ်ဆင်ခြင်း ခံနေရတာကြောင့် အထိနာနေပြီး စစ်ကောင်စီအနေဲ့ စစ်ရေးအရ လှုပ်ခတ်မှုမရှိတဲ့ ရှမ်းအရှေ့က တပ်အင်အားတွေကို ထုတ်နှုတ်ပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေကို ပို့နေရပါတယ်။
ဒေသခံတစ်ဦး ပြောပြချက်အရ ရှမ်းအရှေ့တပ်တွေထဲက သန်သန်မာမာတပ်သား ၃၊ ၄ ဦးစီ ထုတ်နှုတ်ပြီး ရှမ်းမြောက်နဲ့ ကရင်နီကို လစဉ်ပို့နေတယ်လို့သိရပါတယ်။ တာချီလိတ်မြို့နယ်ထဲက စစ်တပ်စခန်းကုန်းတွေမှာ တပ်ရင်းအပြောင်းအလဲလုပ်ရင် အရင်က လူ ၉၀၊ ၁၀၀ ဝန်းကျင်ပါပေမယ့် အခုနောက်ပိုင်း လူ ၄၀၊ ၅၀ ဝန်းကျင်သာ ပါတော့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။ ဒီလိုအခြေအနေမှာ ‘ဝ’တပ်ဖွဲ့အနေနဲ့ ရှမ်းအရှေ့ကို သိမ်းမယ်ဆိုရင် လဝက်တောင်မကြာဘူးလို့လည်း သူက သုံးသပ်ပါတယ်။
ဒါပေမယ့် ဒီလို သိမ်းပိုက်လိုက်ရင် ရှမ်းအရှေ့မှာ မြန်မာစစ်တပ်အပြင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ် – RCSS၊ လားဟူပြည်သူ့စစ်၊ အာခါပြည်သူ့စစ်တွေလည်း ရှိနေတာကြောင့် နောက်ဆက်တွဲ လူမျိုးရေး၊ စစ်ရေး ပဋိပက္ခတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ‘ဝ’တပ်ဖွဲ့အနေနဲ့ စီးပွားရေးကိုပဲ ခိုင်မာအောင်လုပ်ပြီး ထိန်းချုပ်တာမျိုးကိုသာ ဦးစားပေးဖွယ်ရှိတယ်လို့ ရှမ့်အရှေ့အရေးကျွမ်းကျင်သူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
‘ဝ’ တပ်ဖွဲ့ဘက်ကို ချဉ်းကပ်ကြည့်ရာမှာတော့ သူတို့အနေနဲ့ စစ်ထဲဝင်ဖို့ စိတ်ကူးကို မရှိဘူးလို့ ဆိုပါတယ်။ စစ်ဖြစ်ရင် ဆုံးရှုံးနိုင်တဲ့ အကျိုးဆက်ကိုလည်း ‘ဝ’ တပ်ဖွဲ့အနေနဲ့ ကောင်းကောင်းသိပြီး ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်လို့ ‘ဝ’ ခေါင်းဆောင်တွေနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။ ရှမ်းအရှေ့ကို သိမ်းမလားဆိုပြီး ထွက်နေတဲ့ သတင်းတွေဟာ ကောလာဟလတွေသာဖြစ်ပြီး ‘ဝ’တပ်ဖွဲ့နဲ့ တရုတ်ကို မလိုလားတဲ့သူတွေက ထုတ်လွှင့်တဲ့ သတင်းစကားသာဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။
ကာယကံရှင်တွေကိုယ်တိုင်ငြင်းဆိုထားတာ ဖြစ်တာကြောင့် ‘ဝ’တပ်ဖွဲ့အနေနဲ့ ရှမ်းအရှေ့ကို တိုက်ခိုက်သိမ်းပိုက်မယ်ဆိုတဲ့ ကိစ္စဟာ ဖြစ်နိုင်ချေမရှိသလောက်ဖြစ်ပြီး စစ်ရေးအရေရော၊ စီးပွားရေးအရပါ အသာစီးရယူထားနိုင်တဲ့ ‘ဝ’ တပ်ဖွဲ့အနေနဲ့ တိုက်ခိုက်သိမ်းပိုက်ဖို့ မလိုဘူးလို့ ကောက်ချက် ချနိုင်ပါတယ်။
ဒါပေမယ့် အင်အားကောင်းနေဆဲဖြစ်တဲ့ ရှမ်းအရှေ့က ကျားဖြန့်လုပ်ငန်းတွေကို တရုတ်အစိုးရ ဘယ်လိုနှိမ်နင်းမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။








