(ဘာသာပြန်ဆောင်းပါး)
သင်ပုန်းကြီးဖတ်စာထဲက ဒီနေ့အထိ အလွတ်ရနေခဲ့တဲ့ ကဗျာလေး။ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း ဆိုတဲ့ ပုံဖော်ပန်းချီလေး မျက်လုံးထဲ ပြန်ဝင်လာတယ်။ တကယ်လည်း ပန်းတွေ အဆုပ်လိုက်၊ အခင်းလိုက်ကြီး ပွင့်တဲ့ရာသီ ရောက်လာခဲ့ပြီလေ။ ဘယ်လောက်တောင်ပွင့်လဲဆို ကမ္ဘာမှာ ဘယ်သူမှ လိုက်မမီတော့တဲ့ အပွင့်လန်းဆုံး ပန်းခင်းကြီးကို ဖြစ်လာခဲ့တာပေါ့။
တောင်စောင်းတလျှောက် လျှိုမြောင်တွေတလျှောက် ပွင့်နေလိုက်တဲ့ပန်းခင်းကြီးတွေက မျက်စိတစ်ဆုံး လှလို့။ ဒါပေမဲ့ ပွင့်နေတဲ့ ပန်းတွေကတော့ လူသားမျိုးနွယ်ပျက်သုဉ်းစေတဲ့အထိ ကြောက်ဖို့ကောင်းစေတဲ့ ဘိန်းပန်းတွေဖြစ်နေခဲ့တာပေါ့။
အာဖဂန်နစ္စတန်မှာ တာဘီဘန်တွေ နိုင်ငံတော်ကိုပြန်သိမ်းပိုက်ပြီး အာဏာရသွားတော့ ဘိန်းခင်းတွေကို ဖျက်ဆီး ပါရော။ ဒါနဲ့ပဲ အရင် ဒုတိယဘိန်းအများဆုံးထုတ်တဲ့ မြန်မာနိုင်ငံက အာဖဂန်နစ္စတန်ကိုကျော်ပြီး ၂၀၂၃ ခုနှစ်မှာ ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်ရာ နိုင်ငံကြီးအဖြစ် နာမည်ဆိုးကြီးနဲ့ ထိပ်ဆုံးကို တက်ရောက်သွားရော။
ရိုးတန် ရှည်ပေါ်မှာ ဖြူလွှလွှနဲ့အလှဆုံးပွင့်လန်းနေတဲ အဆိပ်ပန်းကနေ ဘိန်းစေးခြစ်နေကြတဲ့ ဒေသခံတောင်သူလူမျိုးစု တွေလည်း ဒီအဆိပ်ပန်းခင်းကြီးတွေထဲမှာ တစ်ရုံးရုံးပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်နယ်မြေဖြစ် တဲ့ နယ်စပ်ဒေသတစ်လျှောက်၊ အများအားဖြင့် ရှမ်းပြည်ရဲ့ အစွန်အဖျား ဝေးလံသီခေါင်အရပ်တွေမှာ ပွင့်နေ လိုက်တဲ့ ဘိန်းပန်းတွေများ ဖွေးဖွေးကို ဆွတ်လို့။

ရှမ်းပြည်တစ်နေရာမှာ ဘိန်းစိုက်ပြီး ဘိန်းစေခြစ်နေတဲ့ နာမည်ဝှက် ကိုပန်းတော်ဆိုသူက ဒီလိုပြောပြတယ်။
“ရှမ်းနဲ့ကရင်နယ်စပ်ဒေသတွေမှာ ဘိန်းခင်းတွေ စိုက်ပျိုးမှု ပြန်မြင့်တက်လာတာပေါ့။ ကျွန်တော်က ဒီနှစ်မှာ တစ်နိုင်တစ်ပိုင် ဘိန်းစိုက်ခင်း ၃ ဧက စိုက်ခဲ့တယ်။ ဘိန်းစေ ၁၆ ကီလိုဂရမ်လောက်ထွက်မယ်မှန်းထားတယ်။ ဒီလောက်ဆို ရောင်းရင် ဒေါ်လာ ၄၅၀၀ လောက်ရနိုင်ပြီ။ မူးယစ်ဆေးအဖြစ် တရားမဝင်ပေမယ့် ကျွန်တော့် မိသား စု စားဝတ်နေရေး၊ ရှင်သန်ရပ်တည်ရေးအတွက် အကောင်းဆုံးနည်းလမ်းက ဘိန်းစိုက်ဖို့ပဲရှိတယ်လေ” လို့ ပြောပြသွားတယ်။
ဘုရား . . . . ဘုရား တရလောက်ပါရဲ့။ ဘိန်းစိုက်ခင်း ၃ ဧကမှာ သူတို့ရမယ့် အကျိုးအမြတ်က မြန်မာငွေနဲ့သာ တွက်လိုက်ရင် ဘယ်သကြားမင်းလာပေးနိုင်မလဲတောင် ပြန်မေးလို့ရတဲ့အဆင့်မျိုး။ နိုင်ငံတကာ NGO တွေ၊ ကုလ အေဂျင်စီတွေ၊ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု လျှော့ချပြီး ပြောင်း၊ ဆန်၊ ကောက်ပဲသီးနှံအစားထိုးစိုက်ဖို့ Mission တွေ လုပ်ပေးနေခဲ့တာ ဆယ်စုနှစ်ပေါင်း မနည်းတော့ပါဘူး။
ဒါပေမဲ့ လည်း ဘယ်တုန်းကမှလည်း ထိရောက်တဲ့ အောင်မြင်မှုတွေ မရခဲ့ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသာ အဓိကဆိုပြီး အကျိုးအမြတ်ရနိုင်ရင် ဘာမဆိုလုပ်တဲ့ အာဏာသိမ်းမြန်မာစစ်တပ်လုပ်ရပ်တွေ ကြောင့် သကြားမင်းဆင်းကယ်တောင် မရတဲ့ ဘိန်းစိုက်ခင်းစျေးကွက်တွေက ကြွပြီးရင်းကြွ၊ လှပြီးရင်းလှလို့။ ၂၀၂၁ ခုနှစ်မှာ ထပ်ပြီး စစ်အာဏာသိမ်းလိုက်တော့ ကိစ္စက ပိုပြတ်သွားရော။ ခင်ဗျားတို့ သမာအာဇီ၀ဖြစ်တဲ့ ပြောင်း၊ ဆန်၊ ကောက်ပဲသီးနှံတွေ ဘာလို့မစိုက်ရတာလဲ သွားမမေးနဲ့။

မေးတဲ့သူကမေးတော့ ဘိန်းစိုက်နယ်မြေမှာ အရင်နှစ်တွေမှာ သမာအာဇီ၀နဲ့ ပြောင်းနဲ့စပါးစိုက်ခဲ့တဲ့ အမျိုးသမီး နာမည်ဝှက် မအေးက ဒီလိုပြန်ရှင်းပြတယ်။
“စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်းရေးအဖွဲ့တွေကြား အာဏာသိမ်းအပြီး တိုက်ပွဲတွေ ပြန်စတယ်။ ကျွန်မတို့လည်း နေအိမ်စွန့်ခွာ ထွက်ပြေးရတာ မိသားစုလိုက်ပဲ။ ပြည်တွင်းမြန်မာကျပ်ငွေ စျေးနှုန်း ဒီလောက်တန်ဖိုးကျဆင်းနေပြီး ဓာတ်မြေ ဩဇာစျေးနှုန်းက ကြီးမှကြီး။ နိုင်ငံရေဂးအခြေအနေကလည်းမကောင်း။ စစ်ကောင်စီ စစ်သားတွေဝင်လာတော့ ကိုယ့် လယ်ယာမြေမှာ ဘာသွားစိုက်တော့မလဲ။ သမားရိုးကျ ပြောင်း၊ စပါး၊ ကောက်ပဲသီးနှံစိုက်လည်း ပွဲစားတွေ လုပ်ချင်တိုင်းလုပ်တာပဲ ခံရတယ်။ ကုန်ကျစားရိတ်တွေကလည်း များတယ်။ စျေးရတဲ့ဆီ တက်ရောက်ဖို့ကျပြန် တော့ ခရီးစားရိတ်နဲ့ လုံး၀မကိုက်ဘဲ အရှုံးပဲပြမှာသေချာတယ်။ ဒါကြောင့် ဒီနှစ် ဘိန်းပြန်စိုက်တယ်။ စျေးကောင်း တယ်။ အိမ်တိုင်ရာရောက် လာဝယ်ကြတယ်။ ဓာတ်မြေဩဇာဖိုးအပြင် စိုက်ပျိုးရေးနည်းစနစ်တွေပါ ကြိုတင် သင်ပေးပြီးခိုင်းတာလုပ်လိုက်ရုံပဲ” တဲ့။
ကမ္ဘာ့ဘဏ်ကိုယ်တိုင်က ဒီလို ဘိန်းစိုက်ဒေသတွေမှာ ရိုးရိုး စိုက်ပျိုးရေးလုပ်ငန်းနဲ့အသက်မွေးရင် လမ်းပန်း ဆက်သွယ်ရေးမကောင်းလို့ ဘယ်လိုမှမကိုက်တဲ့အကြောင်း မနှစ်က စာတမ်းထုတ်တင်ပြခဲ့ပြီးသားပါ။ ဒီတော့ အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးဧကတွေ အများကြီး တိုးပွားလာတာကို ကုလသမဂ္ဂက သိရှိကြောင်း ထုတ် ပြန်တယ်။ မနှစ်က တစ်နှစ်တည်း မြန်မာကနေ ဘိန်းစေး မက်ထရစ်တန်ပေါင်း ၁၀၈၀ တန် ထုတ်လုပ်ခဲ့တယ်။
ရှေ့တစ်နှစ်တုန်းက မက်ထရစ်တန် ၇၉၀ ပဲ ထုတ်လုပ်ခဲ့ရာက မြင့်တက်လာတာကြည့်ရင် တရားခံဘယ်သူလဲဆို တာ ပြေးကြည့်ဖို့ မလိုတော့ဘူး။ ဒီဘိန်းစိုက်တောင်သူတွေဆီက ဘိန်းစေးတွေကို ဒေသတွင်းတောတောင် လျှို မြောင်တွေထဲမှာ ဓာတ်ခွဲခန်းတွေလာဖွင့်၊ ဟီးရိုးအင်းတွေ ချက်ပြီး အိမ်နီးချင်းထိုင်းကနေတစ်ဆင့် ကမ္ဘာ့အနှံ့ ဖြန့် ဖြူးနေတဲ့ စျေးကွက်ကြီးက အကျိုးအမြတ် ဒေါ်လာ ဘီလီယံများစွာကို ဝိသမလောဘသားတွေ ရနေခဲ့တာပေါ့။ မအေးကို မြန်မာဟာ ဘိန်းအထွက်ဆုံးနိုင်ငံဆိုတာ သိလားမေးတော့ သိလည်း မသိ၊ ကြားလည်းမကြားဖူး ကြောင်းနဲ့သူသိတာ ဒေသတွင်း ဘိန်းစိုက်ခင်းတွေ အကြောင်းပဲလို့ အရိုးရှင်းဆုံး ဖြေသွားတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ မပြီးနိုင်မစီးနိုင်တဲ့ အာဏာသိမ်းမှု၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ရပ်တည် ရှင်သန်မှုနောက်ကွယ်က ဘိန်းနဲ့ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်သူ့စစ်တွေပါ မွေးပြီး အာဏာသိမ်း စစ်တပ်ကိုယ်တိုင် ဒီ ဘိန်းနဲ့ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုကနေ ကိုယ်ကျိုးရှာနေမှုတွေဟာ အဆိပ်ပန်းတွေကို ငွါးငွားစွင့်စွင့်ကြီးကို ကမ္ဘာ့ပထမအဆင့်နဲ့ ပွင့်လန်းနေစေခဲ့ပါပြီ။
ကိုယ်စိုက်ပျိုးတဲ့ သီးနှံ ကိုယ်ပဲ ပြန်ရိတ်သိမ်းရတယ်ဆိုတဲ့ ဆိုရိုးက ငါတို့ ဘ၀ ရှင်သန်ရပ်တည်နိုင်ရေး ငါတို့ ဘိန်းစိုက်မှပဲ အာမခံချက်ရှိတယ် ဆိုတဲ့ အဓိပ္ပါယ်သာထွက်နေတာကို မပြင်ပေးနိုင်ကြတော့ဘူးလား။ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင် ကျောင်းမှာ ပွင့်လန်းမယ့် ပန်းကလေးတွေအစား အဆိပ်ငွေရည်လောင်းပြီး အဆိပ်ပန်းတွေချည်းပွင့်တည်စေတဲ့ ကမ္ဘာ့ ပထမနိုင်ငံတော်ကြီးမြန်မာ ဂုဏ်ပုဒ်အကြောင်းတွေးမိတော့ မြန်မာသံကြားရှင် ရောက်လေရာ အရှက်တွေ သည်းကုန်းကြရပြီပေါ့။
Daily Mail သတင်းဌာနရဲ့ “Boom times for Myanmar opium farmers as coup chaos bites” ကို MKF – 001 ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။








