ကျော်ကျော်
၂၀၀၃ ခုနှစ်မှာ ရန်ကုန်မြို့ စမ်းကျောင်းမြို့နယ် မြေနီကုန်းမှာ ဖွင့်လှစ်ခဲ့တဲ့ ဒဂုံဈေးဝယ်စင်တာဟာ ဒဂုံကုမ္ပဏီများ အုပ်စုရဲ့ ထင်ရှားသိသာတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပါပဲ။
၁၉၉၀ ခုနှစ်များမှာ ဒဂုံဝင်းအောင်လို့ လူသိများတဲ့ ဦးဝင်းအောင်ဟာ Dagon International Construction Company ကို ဗိုလ်ကြီးဟောင်း ဝင်းသိန်း ဆိုသူနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ ဗိုလ်ကြီးဟောင်း ဝင်းသိန်း ဆိုသူဟာ ၁၉၇၆ ခုနှစ်မှာ လူသိများခဲ့တဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် ရဲ့ နိုင်ငံတော်လုပ်ကြံမှုမှာ ပါဝင်ခဲ့တဲ့ အမှုတွဲ တစ်ယောက် ဖြစ်ပါတယ်။
အဲဒီအချိန်က မဆလ ဥက္ကဌ စစ်အာဏာရှင် ဦးနေဝင်း နဲ့ အထွေထွေအတွင်းရေးမှုး ဦးစန်းယု ကို နိုင်ငံတော် ညစာစားပွဲမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြံထားတယ် ဆိုတဲ့ ဒီ အမှုမှာ အာဏာရှင်ဟောင်း သန်းရွှေဟာလည်း အဲ့ဒီအချိန်က ဒုဗိုလ်မှူးကြီးဘဝနဲ့ တရားလိုပြ သက်သေထဲမှာပါခဲ့ပါတယ်။ ဒီလိုပတ်သတ်ဆက်စပ်မှုတွေကပဲ ဦးဝင်းအောင် နဲ့ ဗိုလ်ကြီးဟောင်း ဝင်းသိန်းတို့ တည်ထောင်ခဲ့တဲ့ Dagon International Construction Company ဟာ စစ်အစိုးရ အဆက်ဆက်မှာ စီးပွားရေး အခွင့်လမ်းကောင်းတွေ ရခဲ့တယ် လို့ ယူဆရပါတယ်။ Dagon International Construction Company စတင်ထူထောင်ခဲ့တဲ့ နှစ်တွေဟာလည်း မြန်မာနိုင်ငံမှာ တစ်ပါတီစနစ်ကနေ စစ်အာဏာရှင် စနစ်ကို ဗိုလ်သန်းရွှေတို့ စတင်အသက်သွင်းနေတဲ့ ကာလနဲ့ တိုက်ဆိုင်နေပါတယ်။
ဒဂုံစီးပွားရေးအုပ်စုဟာ စစ်အာဏာရှင်တွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေသာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ ကျွန်းသစ် နဲ့ အခြားသစ်တွေကို ပြည်ပကို တင်သွင်းခွင့်လုပ်ငန်းတွေ ကို လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ဒီလုပ်ငန်းဟာ စစ်အုပ်စုနဲ့ လုပ်ငန်းရှင်တွေေပေါင်းပြီး တိုင်းပြည် ရဲ့ သယံဇာတ တွေကို ပြည်ပကိုရောင်းစားတဲ့ အရင်းအနှီးနည်းပြီး အကျိုးအမြတ် များများ ရတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ ခရိုနီ ဦးတေဇရဲ့ Htoo ကုမ္ပဏီ နဲ့လည်း ဒဂုံစီးပွားရေး အုပ်စုဟာ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်ခဲ့တာတွေ ရှိခဲ့တယ် လို့လည်း သိရပါတယ်။
ဦးဝင်းအောင် အဓိက ပိုင်ဆိုင်တဲ့ ဒဂုံကုမ္ပဏီများ အုပ်စုဟာ သစ်ထုပ်လုပ်ရေးလုပ်ငန်း၊ ရော်ဘာ၊ ရေနံ နှင့် စွမ်းအင်လုပ်ငန်း၊ အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း တွေမှာ (နဝတ) (နအဖ) အစိုးရခေတ် အဆက်ဆက်မှာ လုပ်ကိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် မေလ မှာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသကို အဓိက တိုက်ခိုက်သွားတဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ကျော်သေဆုံးခဲ့ရပါတယ်။ ကျန်ရှိခဲ့တဲ့ မုန်တိုင်းဒဏ်သင့်သူတွေကို ကူညီဖို့အတွက် နိုင်ငံတကာက ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး အတွက် ကိုယ်တိုင်ဝင်ရောက်ခွင့် တောင်းခံခဲ့တဲ့ အဖွဲ့အစည်းတွေကို အဲ့ အချိန်က (နအဖ) စစ်အစိုးရက ခွင့်မပြုခဲ့ပါဘူး။ အလှုပစ္စည်းတွေနဲ့ ကူညီထောက်ပံ့ ငွေ တွေကိုသာ စစ်အုပ်စုက ရယူခဲ့ပါတယ်။ နာဂစ်ဧရိယာက ပျက်စီးသွားတဲ့ အိမ်တွေနဲ့ အခြေခံ အဆောက်အဦး တွေပြန်လည်တည်ဆောက်ရေး စီမံကိန်းကို Dagon International Construction Company ကသာရခဲ့ပါတယ်။
၂၀၀၉ ခုနှစ် မှာတော့ စစ်အာဏာရှင်တွေ ရေရှည်တည်တံနိုင်အောင် ထောက်ပံ့ခဲ့တဲ့ အချက်အလက်တွေ အရ အမေရိကန် အစိုးရက ဦးဝင်းအောင် နဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကို Sanction လို့ ခေါ်တဲ့ (စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု) ကိုချမှတ်ခဲ့ပါတယ်။
ဒီကြားကာလတွေမှာ သူဟာ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) ရဲ့ ဥက္ကဌ ဖြစ်ခဲ့သလို၊ ၂၀၁၂ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားစီးပွားရေး နှင့် လူမှုရေးအကြံပေးကောင်စီ (NESAC) ရဲ့ အဖွဲ့ဝင် အဖြစ်လည်း လုပ်ကိုင်နေခဲ့ပါတယ်။
အရပ်သား အစိုးရတက်လာတဲ့ ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန် ရဲ့ Black list အသွင်းခံထားရတဲ့ စီးပွားရေး လုပ်ငန်းရှင်အချို့ကို Sanction Black list ကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒီအထဲမှာ ဦးဝင်းအောင် နဲ့ သူ့ ကုမ္ပဏီလုပ်ငန်းစုတွေ ပါလာခဲ့ပါတယ်။
(NLD) အရပ်သားအစိုးရ လက်ထက်မှာတော့ ဒဂုံ ကုမ္ပဏီများ အုပ်စုဟာ ရှိရင်းစွဲ လုပ်ငန်းတွေကနေ တိုးချဲ့ လုပ်ကိုင်လာတဲ့ အခြေအနေမျိုး ထူးထူးခြားခြား မတွေ့ခဲ့ပါဘူး။ မြန်မာ စစ်တပ်က ထိန်းချုပ်ထားတဲ့ Telecom Operata Mytel ရဲ့ ဆက်သွယ်ရေးလုပ်ငန်းမှာ ရှယ်ယာရှင် တစ်ယောက်အနေ နဲ့ ပါဝင်လာတာတော့တွေ့ရပါတယ်။ ဒဂုံ ကုမ္ပဏီများအုပ်စုဟာ Telecom Operata Mytel မှာရှယ်ယာ ၂၃% အထိ ပါဝင်ထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ဇွန်လ နှောင်းပိုင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ နေပြည်တော်မှာ တည်ထားမယ့် မရဝိဇယ ဆင်းတုအတွက် မြန်မာနိုင်ငံက လုပ်ငန်းရှင် သူဠေးကြီး ၁၀၁ ဦးကို နေပြည်တော် သို့ ဖိတ်ခေါ်ပြီး မတည်လှူတန်းစေခဲ့ပါတယ်။ စုစုပေါင်းလှူတန်းငွေ အမေရိကန် ဒေါ်လာ ၄.၈သန်း (ကျပ်ငွေ ၁၆ ဘီလျံ ကျော်) ရရှိခဲ့ပြီး ဒီလှူတန်းမှု တွေထဲမှာ ဒဂုံ ကုမ္ပဏီများအုပ်စုရဲ့ ဥက္ကဠကြီး ဦးဝင်းအောင်လည်း ပါဝင်ခဲ့ပါတယ်။
ဒီလှုတန်းမှုတွေ အပြီးမှာတော့ ရန်ကုန်မြို့ အင်းစိန်လမ်းကြီး နဲ့ ဗဟိုလမ်းမကြီး ကြားက ရန်ကုန်နည်းပညာ တက္ကသိုလ် နားမှာ တည်ရှိတဲ့ Gyogon Housing Redevelopment Project ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှာ လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရင်းနှီးမှု ကော်မရှင်က ခွင့်ပြုပေးခဲ့တဲ့ ဒီစီမံကိန်းဟာ မြေဧက ၁၇ ဧက ပေါ်မှာ မြန်မာကျပ်ငွေ ၁၇၈ ဘီလျံ အကုန်ကျခံ တည်ဆောက်သွားမယ့် စီမံကိန်းလည်းဖြစ်ပါတယ်။
အသက် (၇၀) ခန့် ရှိပြီဖြစ်တဲ့ ဦးဝင်အောင် မှာ သမီး နှစ်ဦး သား တစ်ဦးရှိပြီး သားဖြစ်သူ သူရိန်အောင် (ခ) Christopher Aung ဟာ ဒဂုံအုပ်စုရဲ့ လုပ်ငန်းခွဲ တစ်ခုဖြစ်တဲ့ Global Star ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ အဖြစ် ဆောက်ရွက်နေပါတယ်။
Global Star ကုမ္ပဏီဟာ တရုတ် အိုင်စီတီ ကုမ္ပဏီ Huawei ရဲ့ Fusion Solar ထုတ်ကုန်တွေကို ဖြန့်ဖြူးဖို့ မြန်မာနိုင်ငံ ရဲ့ ကိုယ်စားလှယ် တစ်ဦး အနေနဲ့ ခန့်အပ်ခြင်းကို ၂၀၂၃ မှာ ခံလိုက်ရပါပြီ။
မြန်မာနိုင်ငံဟာ ၂၀၂၁ အာဏာသိမ်းမှု အပြီးမှာ အဖက်ဖက် ကနေ ချွတ်ခြုံကျခဲ့ရပါတယ်။ ကုန်ဈေးနှုန်း တဆထက် တဆ ကြီးမြင့်လာမှု နဲ့ အတူလျှပ်စစ်မီးပြတ်တောက်မှု အဆက်မပြတ် ဖြစ်ခြင်းဟာ နေ့စဥ် လူနေမှုဘဝကို အရိုက်ခတ်ဆုံး အရာတွေပါပဲ။ ဒီလို တိုင်းပြည်ဟာ အဖက်ဖက် ယိုယွင်းလာနေပေမယ့် စစ်အုပ်စု မျိုးဆက်တွေနဲ့ ခရိုနီ တွေကတော့ ပိုလိုတောင် အဆင်ပြေလာပါသေးတယ်။








