ဆောင်းပါး

“ရွှေတြိဂံ ဘိန်းနဲ့မူးယစ်ဆေးဝါးကွန်ရက်ကြီး ဖြိုဖျက်ဖို့ နိုင်ငံခေါင်းဆောင်တွေ ချက်ချင်းအဖြေမရှာနိုင်ရင် ဆေးမရှိတော့ပြီ”

မဲခေါင် 19 Feb - 2023
UNODC ကိုယ်စားလှယ် ဂျရီမီဒေါက်ဂလက်စ် နဲ့ အင်တာဗျူး (ဘာသာပြန်) ထိုင်း-မြန်မာ-လာအိုသုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသဆိုတာ စည်းမဲ့ကမ်းမဲ့ လက်နက်ကိုင် စစ်ခေါင်းဆောင်တွေနဲ့ ဓာတုမူးယစ်ဆေးဝါးကုန်သည် ရာဇဝတ်သားတွေပေါင်းပြီး ကမ္ဘာမှာ နာမည်အပျက်ဆုံးဒေသ။ တခြားသော တရားမဝင် ဒုစရိုက်လုပ်ငန်းပေါင်းစုံ တည်ရှိရာဒေသပါ။

UNODC ကိုယ်စားလှယ် ဂျရီမီဒေါက်ဂလက်စ် နဲ့ အင်တာဗျူး (ဘာသာပြန်)

ထိုင်း-မြန်မာ-လာအိုသုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသဆိုတာ စည်းမဲ့ကမ်းမဲ့ လက်နက်ကိုင် စစ်ခေါင်းဆောင်တွေနဲ့ ဓာတုမူးယစ်ဆေးဝါးကုန်သည် ရာဇဝတ်သားတွေပေါင်းပြီး ကမ္ဘာမှာ နာမည်အပျက်ဆုံးဒေသ။ တခြားသော တရားမဝင် ဒုစရိုက်လုပ်ငန်းပေါင်းစုံ တည်ရှိရာဒေသပါ။

ကုလသမဂ္ဂအစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်တစ်နှစ်တည်း ဒီဒေသထွက် စိတ်ကြွရူးသွပ်ဆေးဝါး တစ်ဘီလီယံကျော်ကို အရှေ့တောင်အာရှနဲ့ အရှေ့အာရှဒေသတွေမှာ ဖမ်းဆီးသိမ်းမိခဲ့တယ်လို့ ဆိုတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခြင်းနဲ့ ကိုဗစ်ကပ်ဆိုးအားနည်းချက် ၂ ရပ်ကို အသုံးချပြီး ဒီဒေသမှာ ဒီနှစ်ပိုင်းထဲ မူးယစ်ဆေးဝါးထုတ်လုပ်မှု အရှိန်အဟုတ်မြှင့်ဆောင်ရွက်လာကြတယ်။

ပြီးခဲ့တဲ့လကမှ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာမှာ ရွှေတြိဂံဒေသအတွင်း ကျဆင်းသွားတဲ့ ဘိန်းစိုက်ပျိုးမှုတွေဟာ ၃၃ ရာခိုင်နှုန်းပြန်မြင့်တင်လာသလို ဘိန်းထုတ် မူးယစ်ဆေးဝါးထုတ်လုပ်မှုဟာလည်း ၈၈ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ဆိုထားတယ်။ မနှစ်က မြန်မာဘက်ခြမ်းမှာတင် ဘိန်းစိုက်ပျိုးဧရိယာ ဟက်တာ ၄၀၀၀၀ (ဧက ၉၉၀၀၀) ရှိပြီး ဘိန်း မက်ထရစ်တန် ၈၀၀ အထိ ထုတ်လုပ်ခဲ့တယ်လို့လည်း ဆိုတယ်။ မြန်မာတစ်နိုင်ငံတည်းရဲ့ တရားမဝင် ဘိန်းစီးပွားရေးလည်ပတ်မှုက ဒေါ်လာ ၂ ဘီလီယံရှိပြီး ဒေသတွင်း စျေးကွက်တွေက တန်ကြေးဆိုရင် ဒေါ်လာ ၁၀ ဘီလီယံအထိရှိတယ်လို့လည်း ဖော်ပြခဲ့တယ်။

မဲခေါင် မြစ်ဝှမ်းဒေသအောက်ပိုင်း ရွှေတြိဂံရဲ့ ဘိန်းနဲ့ မူးယစ်ဆေး စျေးကွက်ကြီးနဲ့ပတ်သက်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနနဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် ဂျရီမီဒေါက်ဂလက်စ် နဲ့ အင်တာဗျူးကို ဘာသာပြန်ဖော်ပြလိုက်ရပါတယ်။

မကြာသေးခင်က UNODC အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အဆမတန်မြင့်တက်လာတယ်လို့ ဆိုတယ်။ ရွှေတြိဂံ ပြန်လာပြီဆိုတဲ့ အဓိပ္ပါယ်လား။ အကျယ်ရှင်းပြပါဦး။

ရွှေတြိဂံ ဆိုတာကြီးက အမြဲတမ်း အဲဒီမှာတည်ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဘိန်းနဲ့ ဟီးရိုးအင်းဆိုတာထက် စိတ်ကြွရူးသွပ်ဆေးတွေ၊ ကက်တမင်းဆိုတဲ့ ဓာတုမူးယစ်ဆေးဝါးတွေ အဓိက ပိုထုတ်လာတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းကတည်းက ရွှေတြိဂံဒေသကို ဗဟိုပြုပြီး ဓာတုမူးယစ်ဆေးဝါးထုတ်တဲ့လုပ်ငန်းက ရွှေ့ပြောင်းတည်ရှိလာတာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ထုတ်လုပ်မှုအရှိန်အဟုန် အရမ်းမြင့်တက်လာတယ်။ မြန်မာနိုင်ငံအတွင်း စီးပွားရေးကျဆင်းခြင်းကနေ ဘိန်းတွေလည်း ပြန်စိုက်လာတယ်။ အရင် ဘိန်းနဲ့ ဘိန်းထုတ် မူးယစ်ဆေးတွေထုတ်လုပ်မှုလည်း စီးပွားရေးကျဆင်းခြင်းနဲ့အတူ ပြန်လုပ်ကိုင်လာတာမျိုးပါ။ ဒါကြောင့် ရွှေတြိဂံပြန်လာပြီလို့ ဆိုကြတာဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပဲ သူတို့ရဲ့ မူးယစ်စီးပွားရေး နယ်ပယ်ဟာလည်း ထိန်းချုပ်မှုပြင်ပ လွတ်မြောက်နယ်မြေရောက်နေခဲ့တယ်။

ရွှေတြိဂံမှာ ဘိန်းထုတ်လုပ်မှုကျဆင်းသွားရတာက ဘာကြောင့်လဲ။

အကြောင်းအချက်တွေ အများကြီးရှိပါတယ်။ အရင်က ဓာတုဆေးဝါးတွေဟာ အာဖဂန်နစ္စတန်ကနေ ကမ္ဘာ့စျေးကွက်ကို အများအပြား တင်ပို့ရောက်ရှိတယ်။ ၂၀၁၄ ၊ ၂၀၁၅ လောက်ကစပြီး ကြီးမားတဲ့ ဒုစရိုက်ဂိုဏ်းကြီးတွေဟာ ရွှေတြိဂံမှာ အခြေချပြီး စျေးကွက်ဝယ်လိုအားအတွက် ဓာတုမူးယစ်ဆေးဝါးတွေကို ထုတ်လာတယ်။ ဒေသတွင်း စျေးကွက်ဝယ်လိုအားက ကောင်းလာလို့ ရွှေတြိဂံကနေ ဒီလိုမူးယစ်ဆေးတွေ အများအပြား ထုတ်လုပ်ဖြန့်ဖြူးလာတာ ဖြစ်တယ်။ တစ်ပြိုင်နက်တည်း ၂၀၁၄ ခုနှစ်မှာ မြန်မာဘက်က ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို တံခါးဖွင့်ပေးလိုက်တယ်။ နိုင်ငံရဲ့ စီးပွားရေးအခြေအနေကလည်း လေးလေးနက်နက်ပြောင်းလဲသွားတယ်။ တိုးတက်မှုတွေမှာ အကျုံးမဝင်၊ ခံစားခွင့်မရှိတဲ့ လူပေါင်းများစွာအတွက် မလွှဲမရှောင်သာတွေဖြစ်၊ ရွေးစရာမရှိတော့ ဘိန်းစိုက်ပျိုးမှုတွေဘက် ပြန် ဦးလှည့်ရတာပဲ။ ကျွန်တော်တို့ဘက်က အစီအစဉ်ကောင်းများစွာကို ချမှတ်ပြီး တောင်သူတွေကို ဘိန်းစိုက်ပျိုးခြင်း မလုပ်ဘဲ တခြားအလုပ်တွေနဲ့ ဝမ်းရေးအဆင်ပြေအောင် လုပ်ပေးခဲ့တယ်။ ကော်ဖီ၊ လက်ဖက်ရည် စတာတွေက တန်ဖိုးကြီးတဲ့ ထုတ်ကုန်တွေဖြစ်လာစေဖို့ အစားထိုးပြောင်းလဲစိုက်ပျိုးခိုင်းခဲ့တာပါ။

ဒါပေမဲ့ ဒေသတွင်းသက်ရောက်မှုတွေက ဘိန်းစိုက်ပျိုးမှုကို တစ်ဖန်ပြန်မြင့်တက်လာစေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားတယ်။ ဒီအကြောင်းကော ဘာပြောမလဲဗျာ။

ဘိန်းဖြူ ရောင်းလိုအားပြန်တက်လာလို့ ဘိန်းစိုက်ပျိုးမှု ပြန်မြင့်တက်လာတာပဲ။ ဓာတုဆေးဝါး စျေးကွက်နဲ့ ယှဉ်ပြိုင်ကုန်စည်အဖြစ် ဒေသတွင်းမှာ ဘိန်းဖြူ ဝယ်လိုအားတက်လို့ ရောင်းလိုအားပါတက်ပြီး ဘိန်းပိုစိုက်လာကြတာမျိုး။ ဓာတုမူးယစ်ဆေးဝါးတွေက ကျန်းမာရေးထိခိုက်မှုများတယ်ဆိုတဲ့အမြင်နဲ့ ဘိန်းဖြူဘက် ပြန်လှည့်လာတာမျိုးလည်းဖြစ်တယ်။ ဘိန်းဖြူက ထိုးသွင်းရတဲ့အရာ။ လူမှုအသိုင်းအဝိုင်းနဲ့ ကျန်းမာရေးဘက်မှာ ထိခိုက်မှု ရှိတာပဲ။ ဒါက စိန်ခေါ်မှုတစ်မျိုးအဖြစ် ထပ်တိုးလာတာ။ နောက်ထပ် စိန်ခေါ်မှုတွေက မူးယစ်မှောင်ခိုသမားတွေရဲ့ စီးပွားရေးကွင်းဆက်တွေဖြစ်တဲ့ ငွေကြေးခဝါချမှု၊ ရှေ့ပြေးလူကုန်ကူးမှုစတဲ့ တရားမဝင် လုပ်ငန်းတွေနဲ့ ချိတ်ဆက် ကြီးထွားလာတာဖြစ်တယ်။ ဒါကြောင့် ဒေသတွင်း ကျန်းမာရေးထိခိုက်နိုင်မှုဟာ လက်ငင်းကို အန္တရာယ်ရှိတဲ့အနေအထား ရောက်နေပြီ။ မက်သဖက်တမင်းနဲ့ ကက်တမင်းတွေရဲ့ ကျန်းမာရေးထိခိုက်မှုက ကြီးမားတာကို ဒေသတွင်းနိုင်ငံတွေမှာ ကြုံတွေ့နေရပါပြီ။

ရွှေတြိဂံဒေသမှာ ဘိန်းစိုက်ပျိုးမှု ပိုပြီးများပြားဖြစ်တည်လာမှာကို မြင်ရနိုင်မလား။

လက်ရှိမှာကို ကျွန်တော်တို့ ဘိန်းခင်းတွေအနေအထားကို ချင့်တွက်ပြီး အချက်အလက်စုဆောင်းနေတယ်။ ဒါပေမဲ့ ကနဦး အစီရင်ခံသတင်းတွေထက် ပိုတဲ့ အချက်အလက်တွေ လိုအပ်နေပါသေးတယ်။ ပမာဏဘယ် လောက်ရှိသလဲဆိုတဲ့မေးခွန်းအတွက် ကျွန်တော်တို့ကိုယ်တိုင် အတိအကျမသိရသေးပါဘူး။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးကုန်သွယ်မှုအနေအထားက ရှုပ်ထွေးလှတဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်နေတယ်။ ဒီတော့ မြန်မာပြည်တွင်းနိုင်ငံရေးကို ဖြေရှင်းခြင်းက ဒီလိုပြဿနာတွေကိုပါ ဖြေရှင်းပြီးသား ဖြစ်နိုင်မလား။

စီးပွားရေးနဲ့ နိုင်ငံရေးဆိုတာ ခွဲခြားပြောလို့မရကောင်းတဲ့အရာတွေပါ။ ဘယ်နိုင်ငံမှာမဆို လုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုတာ အရေးကြီးတယ်။ နိုင်ငံရေးအကျပ်အတည်းဖြစ်ရင် အရင်ရှိပြီးသား တရားမဝင်စီးပွားရေး လုပ်ငန်းတွေရဲ့ အရွယ်အစားဟာလည်း ပိုကြီးမားလာမှာပဲ။ စီးပွားရေးကျလာရင် တရားမဝင်စီးပွားရေးလုပ်ငန်း တွေက အစားဝင်လာမှာပဲ။ ထိုင်း၊ လာအိုတို့နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေသလို လုပ်ငန်းကွန်ရက်တွေလည်း ဆက်စပ်နေလို့ ရှေ့နှစ်တွေမှာ ဒီလုပ်ငန်းတွေ ကျယ်ပြန့်သထက်ကျယ်လာဦးမယ်။ ဒါကြောင့် မြန်မာ့ နိုင်ငံရေး အခြေအနေကို အိမ်နီးချင်းနိုင်ငံတွေက စေ့စပ်ညှိနှိုင်းပြီး အဖြေဝိုင်းရှာပေးဖို့၊ အာဆီယံအသိုင်းအဝိုင်းအပြင် နက်နက်နဲနဲ ပတ်သက်နေတဲ့ တရုတ်နိုင်ငံကပါ အတူတကွ ဝိုင်းဖြေရှင်းနိုင်မှ ဖြစ်ပါမယ်။

မစ္စတာဒေါက်ဂလက်စ်ရေ။ အကျင့်ပျက်ခြစားခြင်းက မူးယစ်ဆေးဝါးကုန်သွယ်မှုကို အရှိန်မြှင့်စေတဲ့ ဘီးတွေလို့ ခင်ဗျားပြောခဲ့တယ်နော်။ ရွှေတြိဂံဒေသမှာ ဘယ်လို စနစ်တကျ၊ စုပေါင်းသင်းဖွဲ့ပြီး ဒုစရိုက်လုပ်ငန်းတွေကို လည်ပတ်စေတာလဲ။

မူးယစ်ကုန်သွယ်မှုမှာ အကျင့်ပျက်ခြစားခြင်းက ရှိပြီးသား။ တည်ဆောက်ပြီးသားတွေပါ။ ရှမ်းမြောက်ဓာတ်ခွဲခန်းတွေကနေ ထိုင်းနိုင်ငံထဲကိုပို့တဲ့ ဘိန်းဖြူတွေအတွက် ကြိုတင်ပေးချေပြီးသား သဘောတူ လာဘ်ငွေတွေက ရှိထားပြီးသားပါ။ ဘယ်နှစ်ကီလိုကို ဘယ်လောက်နှုန်းနဲ့ နယ်စပ်ဖြတ်ကျော်သွားရမလဲဆိုတာ စျေးသတ်မှတ်ထား ပြီးသား။ ထိုင်းအာဏာပိုင်တွေက ဒီအရာကိုမတားမြစ်နိုင်ရင် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းထဲ ရောက်သွားမှာပဲ။ နှိမ်နင်းမှုတွေရှိသလို တစ်ပြိုင်နက်တည်း အကျင့်ပျက်ခြစားမှုတွေနဲ့ ဒီမူးယစ်ဆေးတွေက နယ်စပ်ဖြတ်ကျော်နေ တာမျိုးပဲ။ တင်ပို့ခြင်းကနေ သုံးစွဲခြင်းဆိုတဲ့ စျေးကွက်လမ်းတစ်လျှောက်လုံး အကျင့်ပျက်ခြစားမှုတွေက နေရာတိုင်းရှိနေတယ်။

ငွေကြေးခဝါချခြင်းမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အမြတ်အစွန်းက အရမ်းများတယ်လို့ ခင်ဗျားပြောခဲ့တယ်နော်။ ဒီအမြတ်တွေက ဘယ်ကနေ ဘယ်ကိုသွားတာမျိုးလဲ။

မူးယစ်ဆေးမှောင်လိုလုပ်ငန်းက များပြားလှတဲ့ အမြတ်ငွေတွေဟာ တစ်နေရာရာဆီ သွားကြတယ်။ ဒီနှစ်ပိုင်းတွေထဲမှာတော့ ကာစီနိုလုပ်ငန်းဘက်ကို သွားတယ်။ ဒီလုပ်ငန်းတွေက ဟန်ပြတည်ဆောက်ထားတဲ့ ဟိုတယ်လုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း စတာတွေကနေ လည်ပတ်ပြီး ငွေဖြူဖြစ်လာအောင် လုပ်ကြတာမျိုးပဲ။ ဒီလုပ်ငန်းတွေကနေ ဖြတ်စီးဆင်းပြီး နောက်ဆုံးသူတို့ ဘဏ်စာရင်းထဲ တရားဝင်ပုံစံ ပြန်ဝင်သွားတာပဲ။ ဒါကြောင့် ကာစီနိုလုပ်ငန်း၊ မဲခေါင်ဒေသက ဘဏ်လုပ်ငန်းတွေအားလုံးကို အနီးကပ်စောင့်ကြည့်နိုင်ဖို့လိုတယ်။ ဒေသတွင်း ဘဏ်စနစ်တွေမှာ မူးယစ်ဆေးလုပ်ငန်းကငွေကြေးတွေ ဘဏ်ထဲ ဘယ်လိုရောက်လာသလဲဆိုတာ ကွင်းဆက် အလိုက်ဖော်ထုတ်လေ့လာနိုင်မှ ဖြစ်မှာပါ။

ဘိန်းစိုက်ပျိုးမှုပြဿနာကို ဖြေရှင်းဖို့ တာဝန်ရှိသူတစ်ယောက်အဖြစ် ဒါတွေမဖြစ်အောင် ဘယ်လိုဖြေရှင်းပြောပြပေးနိုင်မလဲ။

ဘိန်းစိုက်တောင်သူတွေကို ကိုယ်နားလည်ထားမှုတွေအကြောင်း ပြောရမှာပါ။ နှစ်စဉ်နှစ်ဆက် သူတို့ကို ဒီအကြောင်းတွေပြောခဲ့တာပါပဲ။ ဘိန်းစိုက်တောင်သူဘ၀ကို စွန့်လွှတ်ဖို့အသင့်ဖြစ်ပြီလားမေးမယ်။ သူတို့မှာ တခြားအခွင့်အလမ်းမရှိမရှိရင် ဘိန်းပြန်စိုက်ကြရမှာပဲ။ သူတို့မှာ တခြားအမြင်၊ တခြားလမ်းစ၊ တခြား အခွင့် အရေးမရှိကြတော့ ဘိန်းစိုက်ကြဦးမှာပဲ။ ပြောပြနေရတာကတော့ လမ်းဟောင်းကြီးအတိုင်းပဲ။ ဒါပေမဲ့ သူတို့ ကို ဘိန်းဖြူထုတ်လုပ်သူတွေက ဘိန်းတိုးစိုက်ဖို့ ပွဲစားတွေကတစ်ဆင့် မက်လုံးတွေပေးပြီး ဘိန်းပြန်စိုက်ဖို့ တိုက် တွန်းကြတော့ ဒီလမ်းပဲ ရွေးကြရတယ်။

ဘိန်းဖြူထုတ်လုပ်သူတွေက ဘိန်းစိုက်ဖို့ တောင်သူတွေကို အားပေးတယ်။ ခြိမ်းခြောက်မှုတွေလည်း ရှိနေတာပဲ မဟုတ်လား။

ဘိန်းထုတ်လုပ်မှုဧရိယာထဲက လူတွေက ကျွန်တော်တို့ကို ဒါတွေ အကြောင်းကြားကြတယ်။ ဝယ်လက်တွေက နယ်မြေအသီးသီးကလာတယ်။ ဘိန်းပြန်စိုက်ဖို့ ခြိမ်းခြောက်တယ်။ ဘိန်းစေ့တွေ၊ ဓာတ်မြေဩဇာတွေသာမက ဆည်ရေတွေ၊ ရေလောင်းစနစ်တွေပါ ပံ့ပိုးပြီး စိုက်ခိုင်းကြတော့ ဒီဘ၀ကိုပဲ သူတို့ပြန်ရောက်ကြတယ်။ ကုန်ကျစားရိတ်ကို အတိအကျတွက်ထားပြီးသားဖြစ်တဲ့ ဒီလူတွေက ဘိန်းရတော့ ပြန်လာဝယ်ကြတယ်။ ဘိန်းစိုက်တောင်သူတွေကို ကနဦးရင်းနှီးပေးထားတာတွေဆီက အမြတ်ငွေတွေကို လာပြန်ကောက်ယူသလိုမျိုးပဲ။ တခြားစိုက်ပျိုးရေးနယ်ပယ်တွေမှာ သီးစားချတဲ့ Contract Farming Type မျိုးနဲ့ ပုံစံတူတယ်။ ပြီးရင် နောက်တစ်ခါ ပြန်စိုက်ဖို့ စီစဉ်ပြီး ပြန်သွားကြတယ်။ တောင်သူတွေကို ဒီစနစ်မှာ ပျော်မနေကြဖို့ ကျွန်တော်တို့ပြောသင့်ပါတယ်။ ပြောလည်း ပြောခဲ့ကြတာပဲ။ ဒါပေမဲ့ ခိုင်းသူတွေက ငါတို့ဘာကောင်းလဲ မင်းတို့သိတယ်နော်။ ဘိန်းစိုက်ဖို့ အကြံပေးတယ်ဆိုတာနဲ့ ပြန်စိုက်ကြတာပဲ။ ဒီနည်းစနစ်က အက်ကြောင်းထပ်ပြီး အလုပ်ဖြစ်နေတုန်းပဲ။ ဒါကြောင့် ကျွန်တော်တို့ ထပ်ပြီး ဖြောင်းဖျတဲ့နည်းစနစ်သစ်တစ်ခု ရှိမှကို ရမယ်။ သူတို့မှာ ငြင်းဖို့ ခက်ခဲတဲ့အခြေအနေတွေကို အရင် ပြင်ဆင်ပေးပြီးနိုင်မှ အာဏာရှိတဲ့ကုန်သည်ရဲ့ ကိုယ်စားလှယ်လာရင် ဘာကြောင့် မလုပ်နိုင်ဘူး ဆိုတာမျိုး ငြင်းရဲအောင် လုပ်ပေးနိုင်ဖို့လိုနေပြီ။

ဒေသဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍကလည်း ဒီနေ့မှာ အရေးပါလွန်းတယ်။ သူတို့လွတ်မြောက်ခွင့်အတွက် လက်နက်အင်အားဖြည့်ဖို့ ဝင်ငွေဟာ ဘိန်းနဲ့ မူးယစ်ဆေးလုပ်ကွက်တွေကနေပဲ ရယူနိုင်တယ်ဆိုတဲ့ အတွေးအခေါ်တွေက နောက်ကွယ်က အကြောင်းတရားဖြစ်နေတာမျိုးလား။

ဖြေ – ဒီအနေအထားက ရိုးနေပြီဖြစ်သလို ဆက်လည်း ရှိနေဦးမှာပဲလို့ ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူးယစ်မှောင် ခိုသမားတွေ၊ ဒုစရိုက်အဖွဲ့အစည်းတွေေနဲ့ အပေါင်းအပါအဖြစ် ပေါင်းဖက်နေထိုင်တာမျိုးမဖြစ်သင့်ဘူး။ ကုန်သည် ဆိုတာ စီးပွားရေးသမားပဲ။ ဘိန်းဖြူနဲ့ ဓာတုမူးယစ်ဆေးမှောင်ခိုသမားတွေဆိုတာ အညှာအတာမရှိ ရက်စက်တဲ့ စီးပွားရေးသမားတွေချည်းပဲ။ သူတို့က မူးယစ်မှောင်ခိုအလုပ်နဲ့ ငွေတွေအများကြီးရှာနိုင်ကြတယ်။ ဒီငွေတွေကို လက်နက်ကိုင်အဖွဲ့တွေဆီ ခွဲပေးတယ်။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဟာ တခြားအဓိကမှောင်ခိုလုပ်ငန်း ကြီးတွေမှာလည်း ပါဝင်ပတ်သက်ပြီး ဝင်ငွေရယူနေကြတယ်။ သတ်မှတ်ထားတဲ့ ယူနီဖောင်းတွေဝတ်ပြီး သူတို့ကိုယ်သူတို့ တရားဝင်အဖွဲ့အစည်းအဖြစ် အဆင့်တစ်ခုသတ်မှတ်ခံရအောင် တည်ဆောက်ထားပေမယ့် အဆုံးမှာတော့ သူတို့ဟာလည်း မှောင်ခိုသမား၊ ဒုစရိုက်သမားတွေလို့ပဲ သတ်မှတ်ရမှာပဲ။

မြန်မာစစ်ကောင်စီ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့အကြားဘိန်းစိုက်ပျိုးမှုနဲ့ပတ်သက်တဲ့ ဆက်သွယ်ပတ်သက်မှုက ဘာဖြစ်မလဲ။

မြန်မာနိုင်ငံလုံခြုံရေးဆိုတဲ့ ထီးတစ်ချောင်းတည်းအောက်မှာ ဒီအဖွဲ့အစည်းတွေက အတူတူရှိနေကြတာမျိုး ပဲ။ တချို့ကလည်း ထီးတစ်ချောင်းတည်းအောက်မှာ မရှိကြဘူး။ သူတို့က အမှီအခိုကင်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက်ပဲ ဦးတည်တယ်။ ထီးတစ်ချောင်းအောက်က လူတွေကတော့ တရားဝင်ဆက်ဆံရေးပုံစံအဖြစ် ပူး ပေါင်းထားကြတယ်။ သူတို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ ဆက်ရတယ်။ အနည်းနဲ့အများပဲ ကွာတယ်။ နယ်စပ် ဒေသတွေမှာ တာဝန်ထမ်းကြတဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းတိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ နယ်ခြားစောင့် တပ်တွေက သူတို့နယ်ထဲမှာ မူးယစ်ဆေးဝါးဖြစ်တည်မှုကြီးကို မသိပါဘူးပြောနေတာ ယုံကြည်စရာတစ်ကွက်မှ မရှိဘူး။ ကျွန်တော်တို့သိသလို ထိုင်းနိုင်ငံကလည်း သိတာပဲ။ ပါဝင်ပတ်သက်တဲ့ လူတိုင်းသိတယ်။ ထီးတစ်ချောင်း ထဲမဆောင်းတဲ့ လက်နက်ကိုင်အုပ်စုတွေထဲမှာလည်း ဒီလိုတရားမဝင် မူးယစ်ဆေးထုတ်လုပ်မှု၊ မှောင်ခိုကူးမှုတွေ က ရှိနေတာပဲ။ ဒါကြောင့် မြေပြင်အနေအထားမှာ ဘယ်သူက မူးယစ်ဆေးထုတ်တယ်၊ မထုတ်ဘူးဆိုတာ နားလည်သိရှိနိုင်ဖို့ ရှုပ်ထွေးလွန်းတဲ့အခြေအနေတွေ ရှိနေတာပါ။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ မူးယစ်ဆေးဝါးဆက်စပ်ပြဿနာတွေ ရောထွေးတည်ရှိနေတယ်။ ဘယ်လိုအခြေအနေမျိုးဖြစ်စေဖို့ မျှော်လင့်ပါသလဲ။

အချိန်အပိုင်းအခြားအလိုက် တချို့သောမျှော်လင့်ချက်တွေတော့ ရှိရမှာပေါ့။ မျှော်လင့်ချက်လက္ခဏာလေး တွေကအစပေါ့။ ကြီးမားတဲ့ မူးယစ်ဆေးစီးပွားရေးလုပ်ငန်းကြီးကနေ အခု ဘိန်း၊ ဘိန်းဖြူထုတ်လုပ်မှုတွေပါ ပြန် မြင့်တက်လာတယ်။ ဆက်စပ် ရာဇဝတ်မှုတွေလည်း အများကြီးဆိုတော့ နိုင်ငံအတွက်ရော၊ ဒေသတွင်းအတွက်ပါ တကယ့်ကို ခက်ခဲတဲ့ အချိန်ရောက်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ နှစ်ဆပိုကြိုးစားရမယ်။ ဒီဒေသတွင်း နိုင်ငံရေးနဲ့ မဟာဗျူဟာကျတဲ့ ဆွေးနွေးအဖြေရှာမှုတွေကိုလုပ်ဖို့ ပြောနေရတာပါ။ ဒီလိုဒေသမှာ ရဲ ဆိုတာ မရှိဘူး။ အလုပ်လည်း မဖြစ်ဘူး။ ဒါကြောင့် အကောင်းမြင်နိုင်စရာလည်း တစ်ကွက်မှ ရှိမနေဘူး။ မဖြေရှင်းလို့လည်း မရတော့တဲ့အနေအထားမှာ သက်ဆိုင်ရာခေါင်းဆောင်တွေဟာ ခြားနားတဲ့ဖြေရှင်းမှုတွေကို ချက်ချင်း လုပ်ဆောင် သင့်ပါပြီ။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနဲ့ ရဲတွေ ထားရှိနိုင်ခြင်းက တစ်ခုတည်းသောဖြေရှင်းချက် မဟုတ်ဘူးလား။

ဒီဒေသရဲ့ မူးယစ်မူဝါဒက တားဆီးနှိမ်နင်းရေးနဲ့ ရဲထားရှိကြပ်မတ်မှုနဲ့ မရဘူး။ ပိုပြီးတောင် သေချာတဲ့ ဦးတည်ရာကို ပြောင်းလဲသက်ရောက်သွားနိုင်တယ်။ မူးယစ်ဆေးတွေပိုဖမ်းမိအောင် ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ကြိုးစားခဲ့တယ်။ ဖမ်းမိလည်း နှစ်တိုင်း ပိုတိုးပြီးထွက်နေတာပဲ။ ဒါကြောင့် အရိုးသားဆုံးဝန်ခံရရင် အလုပ်မဖြစ်ဘူး ဆိုတာပဲ။ အရင်နှစ်တွေကတည်းက ဒီအတိုင်းပြောခဲ့တာပဲ။ ဝယ်လိုအားကြီးထွားလာမှုကို တားဆီးနိုင်ဖို့၊ သေဒတွင်းကလူတွေ ကျန်းမာရေးမထိခိုက်ဖို့နဲ့ လူမှုပတ်ဝန်းကျင်မပျက်စီးဖို့အရေးတွေမှာ ဥပဒေရေးရာသမားတွေက မဟာဗျူဟာကျတဲ့ ထိန်းမတ်ပြင်ဆင်မှုတွေ လုပ်ရမယ်။ အကန့်အသတ်မဲ့၊ အဆုံးမဲ့ မူးယစ် ဆေးထွက်ရှိနေမှုမှာ ဖမ်းဆီးသိမ်းဆည်းရုံနဲ့ အလုပ်မဖြစ်ပါဘူး။ ချဉ်းကပ်ပုံအသစ် ပြောင်းကိုပြောင်းရပါမယ်။ စနစ်တကျရှိလှတဲ့ ရာဇဝတ်မှုလုပ်ငန်းတွေဖျက်သိမ်းနိုင်ရမယ်။ သူတို့ရဲ့ ဘဏ်စာရင်းတွေကို နှောင့်ယှက်ရမယ်။ ဓာတုကုန်သွယ်မှုတွေကို ထိရောက်စွာ နှောင့်ယှက်ဟန့်တားရမယ်။ သူတို့စီးပွားရေးလုပ်ငန်း ဖြစ်စဉ်အားလုံးကို နှောင့်ယှက်ရမယ်၊ သူတို့ရဲ့ ရှေ့နေတွေ၊ ငွေကြေးခဝါချမှုအားလုံးကို နှောင့်ယှက်နိုင်တဲ့ စနစ်ကြီးအထမြောက်မှပဲ ဒါတွေကို ဖြိုလှဲနိုင်ဖို့ လမ်းစရမှာပါ။ မူးယစ်ဆေး ဖြန့်သူတွေနောက်လိုက်ပြီး သိမ်းဆည်းနေတဲ့စနစ်က အလုပ် မဖြစ်ပါဘူး။ အခုအထိ ရဲမှုရေးရာ ဆွေးနွေးမှုအဆင့်သာ လုပ်နေသေးတဲ့ အခြေအနေက ဘာမှ မသက်ရောက်နိုင်လို့ ဒေသတွင်းခေါင်းဆောင်တွေကိုယ်တိုင် ချက်ချင်း ဦးစားပေးစီမံချက်အဖြစ် နည်းလမ်းသစ်တွေ စုပေါင်းရှာဖွေပြီး မူဝါဒကို အဆင့်တစ်ခုအထိ ပြောင်းလဲမြှင့်တင်နိုင်ဖို့ လိုနေပါပြီ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆီဆိုင်တိုက်ပွဲနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအရွေ့

စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The CCP’s feeble property crisis response prolongs economic pain

As China's property sector crisis continues to spiral out of control, the Chinese Communist Party's (CCP) response has been woefully

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now