ဆောင်းပါး

စာတစ်စောင်က ညွှန်းပြတဲ့ တော်လှန်ရေးဖောက်ပြန်သူ

မဲခေါင် 4 May - 2023
စိုင်းခွန် ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာဟာ စစ်ကောင်စီရဲ့ အစုလိုက် အပြုံလိုက် လူသတ်မှု ကျူးလွန်မှုကြောင့် သတင်းမီဒီယာပေါ်မှာ ဆက်တိုက်ဖော်ပြခံရတဲ့ ကျေးရွာနာမည်တစ်ခု ဖြစ်ခဲ့ပါတယ်။

စိုင်းခွန်

ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာဟာ စစ်ကောင်စီရဲ့ အစုလိုက် အပြုံလိုက် လူသတ်မှု ကျူးလွန်မှုကြောင့် သတင်းမီဒီယာပေါ်မှာ ဆက်တိုက်ဖော်ပြခံရတဲ့ ကျေးရွာနာမည်တစ်ခု ဖြစ်ခဲ့ပါတယ်။

နမ့်နိန်းတိုက်ပွဲရဲ့ နောက်ဆက်တွဲ ကယက်ရိုက်မှုထဲက တစ်ခုဖြစ်တဲ့ KA ကရင်နီပြည်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် အောင်မြတ်ရဲ့ စာတစ်စောင်ဟာလည်း အများပြည်သူကြား ပျံ့နှံ့ခဲ့တဲ့ စာတစ်စောင်ဖြစ်ခဲ့ပါတယ်။

စာထဲကပါတဲ့ အကြောင်းအရာနဲ့ အချိန်တိုက်ဆိုင်မှုတွေကြောင့်လည်း အများပြည်သူစိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်ခဲ့လာပါတယ်။

အဲ့ဒီစာထဲမှာ လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ပြန်တိုက်နေတဲ့ PNO ပြည်သူ့စစ်ရဲ့ခေါင်းဆောင်ကို တစ်ချိန်က ၎င်းကိုယ်တိုင် ကယ်တင်ပေးခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာတော့ ကျေးဇူးရှင်ကို ပြစ်မှားနေတဲ့အကြောင်းလည်း ပါဝင်ပါတယ်။

နမ့်နိန်းရွာ လူသတ်မှုဟာ စစ်ကောင်စီက ကျူးလွန်တာဖြစ်ပေမယ့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကောင်စီ ကျူးလွန်တာမဟုတ်ဘူးဆိုပြီး စစ်ကောင်စီကို အကာအကွယ်ပေးနေတာပါ။

“နမ်းနိန်ကျေးရွာတွင် အစုအလိုက် သတ်ဖြတ်မှုကိစ္စကို အကြောင်းပြုပြီး မိမိတို့ KA၊ KNDF ကို ဝါဒအမျိုးမျိုး ဝါဒဖြန့်ကြသည်။ ဒါဟာ ရန်သူလက်ချက် ရန်သူအလုပ်လုပ်နေတာဖြစ်သည်။ အားလုံးပြောချင်တယ် အမှန်တရားဆိုတာ ဖုံးဖိလို့မရပါ။ ဘယ်လိုဘဲဖြစ်ဖြစ် ပေါ်လာပါလိမ့်မည်” လို့ ဗိုလ်ချုပ်အောင်မြတ်ကတော့ အမှန်တရားဟာ ပေါ်လာလိမ့်မယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်အောင်မြတ်စာအရ ခွန်ဆာတိုက်ခိုက်တာ ခံရပြီး ထွက်ပြေးလာတဲ့ ဦးအောင်ခမ်းထီနဲ့အဖွဲ့ကို ကယ်တင်ခဲ့ရတာကိုတော့ ဖတ်မိသူတိုင်း သိရပါပြီ။ ဒါပေမယ့် ဦးအောင်ခမ်းထီ ဘယ်လိုကနေ ဘယ်လို အဲ့ဒီနယ်စပ်စခန်းကို ရောက်သွားတာလဲ၊ ခွန်ဆာလာတိုက်တဲ့အချိန်မှာ လူအင်အား လက်နက်အင်အား အများအပြားရှိပေမယ့် ပြန်မတိုက်ဘူးလား ဆိုတာကတော့ စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေပါ။

ဦးအောင်ခမ်းထီဟာ ကျောက်တစ်လုံးကနေ ထိုင်းနယ်စပ် မယ်အော မှာရှိတဲ့ ကောင်နိန်း စခန်းကို ရောက်လာတာဟာ မိမိအတွက် နိုင်ငံရေးပြိုင်ဘက်ဖြစ်လာနိုင်သူကို လုပ်ကြံပြီးနောက် လိပ်ပြာမလုံမှု ကြောက်ရွံ့မှုကနေ ထွက်ပြေးရောက်လာတယ်လို့ သုံးသပ်နိုင်ပါတယ်။

၁၉၇၈ ခုနှစ်မှာ PNO ဥက္ကဌဖြစ်လာတဲ့ ဦးအောင်ခမ်းထီဟာ ၎င်းရဲ့ အာဏာပါဝါကို ခြိမ်းခြောက်နိုင်တဲ့ ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဗိုလ်မှူးကြီး ခွန်အောင်ခမ်းကို လုပ်ကြံ သတ်ဖြတ်ပြီးတဲ့နောက် လိပ်ပြာမလုံတော့လို့ နယ်စပ်ကို တပ်အင်အား ၃၀၀ နဲ့ ထွက်လာခဲ့တာပဲဖြစ်ပါတယ်။

ဦးအောင်ခမ်းထီဟာ စကားပြောကောင်းသူဖြစ်ပြီး ခွန်အောင်ခမ်းဟာ စကားနည်းပြီး လက်တွေ့သမားဖြစ်တယ်လို့ ပအိုဝ်းတော်လှန်ရေးသမားတွေက မှတ်ချက်ပြုကြပါတယ်။

ခွန်အောင်ခမ်းဟာ အနေရိုးသူဖြစ်သလို ဒေသခံ ပြည်သူလူထုလည်း ချစ်မြတ်နိုးမှုရတဲ့သူအဖြစ် ပအိုဝ်းတိုင်းရင်းသားတွေကြားမှာ နာမည်ကောင်းရှိသူဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်မှာ ခွန်အောင်ခမ်းဟာ PNO ရဲ့ ဒုတိယဥက္ကဌလည်းဖြစ်ပါတယ်။

“ PNO ဗဟိုအစည်းအဝေးတစ်ရပ်တွင် သဘောထားကွဲလွဲကြပြီးနောက် ဥက္ကဌကြီး အောင်ခမ်းထီ၏ လုံခြုံရေးကို ထိပါးစေသည်ဟု ယူဆ၍ ဗိုလ်မှူးကြီးအောင်ခမ်းအား ရှင်းပစ်ရန် ဥက္ကဌကြီး အောင်ခမ်းထီက အမိန့်ချခဲ့သည်။ ယင်းအမိန့်ကို အကောင်အထည်ဖော်ကြသူများမှာ ဗိုလ်မှူးကြီးထွန်းရီ နှင့် ဗိုလ်မှူးပီတာတို့ပင်ဖြစ်သည်” လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာရဲ့ အနှစ် ၅၀ တော်လှန်ရေးခရီး စာအုပ်မှာ မှတ်တမ်းတင်ထားပါတယ်။

ထိုသို့ ဦးအောင်ခမ်းထီက PNO ဒုဥက္ကဌ ဗိုလ်မှူးအောင်ခမ်းကို လုပ်ကြံသတ်ဖြတ်တဲ့အဒီအချိန်မှာ ခွန်ဥက္ကာက ဗိုလ်မှူးအဆင့်နဲ့ PNO ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်ပါတယ်။

“ထီပုံရွာတွင် အခြေချနေသည့် ဗိုလ်မှူးအောင်ခမ်းကို ကျောက်တစ်လုံးသို့ လိမ်လည်ခေါ်ယူပြီး ကျောက်တစ်လုံး နှင့် နောင်ဟိုင်းကြီးကျေးရွာကြားရှိ သုဿာန်ဇရပ်အရောက်တွင် ဗိုလ်မှူးအောင်ခမ်းအား ဦးအောင်ခမ်းထီ အမိန့်ဖြင့် သတ်ခဲ့ခြင်းဖြစ်သည်” လို့ ခွန်ဥက္ကာက အဲ့ဒီစာအုပ်မှာဖော်ပြထားပါတယ်။

အဲ့ဒီအချိန်မှာ ဦးအောင်ခမ်းထီဟာ PNO ဥက္ကဌဖြစ်ပြီး ဗိုလ်မှူးကြီး ခွန်အောင်ခမ်းဟာ PNO ရဲ့ ဒုတိယ ဥက္ကဖြစ်ပါတယ်။ ဒါကြောင့် ဥက္ကဌ က ဒုတိယ ဥက္ကဌကို ပြန်သတ်ခဲ့တဲ့ PNO ရဲ့ သမိုင်းအမဲရိပ်ကြီးဖြစ်ပါတယ်။

ဒုဥက္ကဌကို သတ်ပြီးတဲ့နောက် ဦးအောင်ခမ်းထီဟာ ခွန်ဥက္ကာဆီကို အောက်ပါအတိုင်း စာရေးပို့ခဲ့ပါသေးတယ်လို့ အဲ့ဒီစာအုပ်မှာပဲ ဖော်ပြပါတယ်။

“ရန်သူနဲ့ ပူးပေါင်းဖို့ ကြိုးစားတဲ့ ပုဂ္ဂိုလ်ကို ရှင်းလိုက်ရတယ်။ ငါ့ညီနဲ့ နိုင်ငံရေးအရ ကွဲစရာမရှိဘူးလို့ ယုံကြည်လို့ အခုလို သတင်းပေးရတာဖြစ်တယ်” လို့ ပေးပို့ခဲ့တာပါ။

အဲ့ဒီလူသတ်မှုကို ကျူးလွန်ပြီးတဲ့နောက် ဦးအောင်ခမ်းထီဟာ အင်အား ၃၀၀ ခန့်ကိုခေါ်ပြီး ထိုင်းနယ်စပ် မယ်အော မှာရှိတဲ့ ကောင်းနိန်း စခန်းကို ၁၉၈၂ ခုနှစ်မှာ ကျောက်တစ်လုံးကြီး ဌာနချုပ်ကနေ ထွက်လာခဲ့ပါတယ်။

အဲ့ဒီ နယ်စပ်စခန်းကို ရောက်ဖို့ ကရင်နီနယ်မြေ တာတမော့ ကူးတို့ဆိပ်ကနေ သွားရတာပါ။ အရင်က ကောင်နိန်းစခန်းဟာ တပ်စိတ်တစ်စိတ်သာ နေခဲ့တဲ့ စခန်းဖြစ်ပေမယ့် ဒုတိယခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ထားလို့ လိပ်ပြာမလုံတဲ့ အောင်ခမ်းထီဟာ ရဲဘော် ၃၀၀ အထိ ခေါ်လာခဲ့တာပါ။

ဦးအောင်ခမ်းထီ ကောင်နိန်းစခန်းမှာရှိနေချိန် ကောင်နိန်းစခန်းကို ထိုင်းရဲမင်းကြီးအဖွဲ့ လာလည်တော့ အမျိုးသမီးအက “က” တတ်သူမရှိလို့ ခွန်ဂျိုးဇက်က ပအိုဝ်းအမျိုးသမီးဝတ်စုံဝတ်ပြီး ကပြခဲ့ပါတယ်။ ခွန်ဂျိုးဇက်ဆိုတာ PNO ရဲ့ ဖွဲ့စည်းပုံအရ လက်ရှိအချိန်မှာ စန္ဒာတိုင်း(ပင်လောင်းမြို့နယ်) ရဲ့ တိုင်းမှူး ဗိုလ်မှူး ခွန်ဂျိုးဇက်ဖြစ်ပါတယ်။

ခွန်ဆာအဖွဲ့က လာတိုက်လို့ စခန်းပျက်သွားတဲ့နောက် ခွန်ဂျိုးဇက်က အမျိုးသမီးအဝတ်ဝတ်ပြီး ကခဲ့လို့ ယုတ်ညံ့တဲ့အလုပ်မို့ စခန်းကျရတာဆိုပြီး ဦးအောင်ခမ်းထီက အယူသီးသူပီပီ မကြာခဏ စကားထဲ ထည့်သွင်းပြောကြားမှု ပြုလုပ်ခဲ့တယ်လို့ ခွန်ဥက္ကာက စာအုပ်မှာဖော်ပြထားပါတယ်။

“အဲ့ဒါ အယူသီးတာပါ။ ခွန်ဆာ လာတိုက်တုန်းက အိမ်ထောင်သည်လိုင်းကို အရင်လာတိုက်တာ အဲ့ဒါကို ဦးအောင်ခမ်းထီက ပြန်တိုက်ခွင့်မပေးဘူး။ အကုန်ဆုတ်ခိုင်းလိုက်လို့ ကရင်နီထဲထိ ဆုတ်လိုက်ရတာ။ ခေါင်းဆောင်က ညံ့လို့ ကြောက်လို့ မစီမံနိုင်လို့ စခန်းကျရတယ်လို့ ဝန်ခံရဲဖို့လိုတယ်” လို့ အဲ့ဒီစခန်းမှာ နေထိုင်ခဲ့ဖူးတဲ့ ပအိုဝ်းတော်လှန်ရေး ရဲဘော်အိုဟောင်းတစ်ဦးက ပြောပါတယ်။

ဦးအောင်ခမ်းထီ ကောင်နိန်းစခန်းကို ရောက်လာပြီး ၁၉၈၄ ခုနှစ်မှာ ဘိန်းဘုရင်ခွန်ဆာ အဖွဲ့က ဝင်ရောက်တိုက်ခိုက်လို့ ကောင်နိန်းစခန်းဟာ ခွန်ဆာလက်ထဲရောက်သွားခဲ့ပါတယ်။ ခွန်ဆာလာတိုက်တဲ့ အချိန်မှာ ဦးအောင်ခမ်းထီက ရဲဘော်တွေကို ဦးဆောင်ပြီး ပြန်လည်ခုခံသင့်ပေမယ့် စခန်းကို စွန့်ခွာဖို့သာ အမိန်းပေးခဲ့တယ်လို့ အဲ့ဒီ ဝါရင့် တော်လှန်ရေးသမားဟောင်းတစ်ဦးက ပြောပါတယ်။

အဲ့ဒီလို ခွန်ဆာက လာတိုက်လို့ ထွက်ပြေးရတဲ့ ဦးအောင်းခမ်ထီကို ကရင်နီပြည်တပ်မတော် KA မှ ဗိုလ်ချုပ်အောင်မြတ် နဲ့ ရဲဘော်တွေက ထိုင်းနယ်စပ်မှာ သွားရောက်ကြိုဆိုပြီး ကရင်နီပြည်မှာ ခိုလှုံခွင့်ပြုခဲ့တာပါ။

အဲ့ဒီအကြောင်းကိုလည်း ဗိုလ်ချုပ်အောင်မြတ်ရဲ့ စာထဲမှာ ဖော်ပြတာက “၁၉၈၄ ခုနှစ် မတ်လတွင် ထိုင်းနယ်စပ်မှာ ဦးအောင်ခမ်းထီနှင့် ရဲဘော် ၆၀ ခန့်ကို မိမိကိုယ်တိုင် ရဲဘော် ၂ ဦးနှင့်အတူ အသက်စွန့်ပြီး ထိုင်းနယ်စပ် ရှမ်း-ကရင်နီနယ်စပ်ဆုံရာ အခု လွိုင်ဆမ်မိတ်သို့ သွားကြိုရသည်။ ၎င်းတို့အား ယခုတောင်းကုန်အမှတ် ၂၈၈၈ တွင် နေထိုင်ခွင့်ပြုခဲ့ပါသည်။” လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို ၎င်းကိုယ်တိုင် သွားကြိုခဲ့တဲ့ ဦးအောင်ခမ်းထီဟာ လွိုင်ဆမ်မိတ် နေရာက နယ်စပ်နဲ့ နီးလို့ ဘိန်းဘုရင် ခွန်ဆာက လိုက်သတ်မှာကြောက်ပြီး သံလွင်မြစ်ဘေးမှာ နေချင်တယ်လို့ တောင်းဆိုတဲ့အတွက် နောက် ၃ လ အကြာမှာ သံလွင်မြစ်ဘေး တောင်နီချောင်းဆုံမှာ နေထိုင်ခွင့်ပြုခဲ့တယ်လို့ ဗိုလ်ချုပ်အောင်မြတ်ကပြောပါတယ်။

အဲ့ဒီလို ကယ်တင်ပေးခဲ့ဖူးတဲ့ ကျေးဇူးရှိခဲ့တဲ့အဖွဲ့တွေကို ၃၉ နှစ်ကြာတဲ့အခါမှာတော့ ဦးအောင်ခမ်းထီ တပ်ဖွဲ့ဟာ အားလုံးရဲ့ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေကို ပြန်လည်တိုက်ခိုက်ခြင်းဖြင့် ကျေးဇူးဆပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် နမ့်နိန်းရွာမှာ ဒေသခံ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့အမှုမှာ တရားခံဟာ စစ်ကောင်စီတပ်ကဖြစ်တယ်ဆိုတာကို သက်သေအထောက်အထားနဲ့ ဖော်ထုတ်ပြီးခဲ့ပေမယ့် ဦးအောင်ခမ်းထီရဲ့ PNO ဟာ စစ်ကောင်စီတပ်ဘက်ကို ထူးဆန်းစွာ ကာကွယ်ပေးခဲ့ပြီး ကရင်နီတပ်တွေက ကျူးလွန်တာလို့ စွပ်စွဲခဲ့ယုံမက စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့လည်း KNDF၊ PDF တွေကို အလိုမရှိကြောင်း ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို အပြောင်းလဲကြီး ပြောင်းလဲပြီး ရန်သူကို ပြန်ကာကွယ်ပေးတဲ့အထိ ဖြစ်သွားရတာဟာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့အနေနဲ့ စစ်တပ်နဲ့ အပြန်အလှန်တည်ရှိနေတဲ့ အကျိုးစီးပွားကြောင့်ဖြစ်တယ်လို့ အဲ့ဒီ ပအိုဝ်းတော်လှန်ရေး ရဲဘော်ဟောင်းက သုံးသပ်ပါတယ်။

ယင်းကဲ့သို့ ကျေးဇူးရှင်ကို ပြစ်မှားသူများဟာ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ပြန်ခံရမည်သာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်ချီတက်ကြရန် ကရင်နီပြည် တပ်မတော် KA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က တိုက်တွန်းထားပါတယ်။

“PNO ဥက္ကဌ ခွန်အောင်ခမ်းထီတို့သည် မယ်အောတွင် ခွန်ဆာမှ လာရောက်တိုက်ခိုက်သဖြင့် မိမိကိုယ်တိုင် သွားရောက်ကယ်တင်ခဲ့သည်။ မိမိအနေဖြင့် ကျေးဇူးပြုခဲ့သည်ကို ပြန်ပြီးမပြောပြလိုသော်လည်း တပ်မှူးများ ရဲဘော်များ သိအောင်ပြောပြရခြင်းဖြစ်သည်။ ကျေးဇူးရှင်ကို ပြစ်မှားရင် ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ဘယ်လိုပဲဖြစ်ဖြစ် ခံရမည်ဖြစ်သည်” လို့ ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။

တစ်ကယ်တော့ ဦးအောင်ခမ်းထီဟာ ကရင်နီပြည်တိုးတက်ရေးပါတီ/ကရင်နီပြည်တပ်မတော် KNPP /KA ကယ်တင်မှုနဲ့ KNPP နယ်မြေမှာ ၂ နှစ်တိုင်တိုင် ခိုလှုံခဲ့ရသလို နယ်စပ်ကနေ ဗဟို ပအိုဝ်းဒေသ ကျောက်တစ်လုံးကြီးထဲကို ပြန်ဝင်မယ့်အချိန်မှာလည်း ငှက်ဖျားပိုးဝင်ခဲ့လို့ ကရင်နီ ခေါင်းဆောင်ကြီး စောမော်ရယ် အိမ်မှာပဲ ဆေးကုသပေးခဲ့ရသေးတာပါ။

သံလွင်မြစ်ဘေး တောင်နီစခန်းမှာ နေထိုင်နေတဲ့ ဦးအောင်ခမ်းထီဟာ ငှက်ဖျားပိုးဝင်ခဲ့လို့ ၎င်းကို KNPP ဥက္ကဌ စောမော်ရယ် နေအိမ်ကို ခေါ်သွားပြီး တစ်လတိုင်တိုင် နေပြန်ကောင်းတဲ့အထိ ဆေးကုသပေးခဲ့လို့ ဦးအောင်ခမ်းထီ ကျန်းကျန်းမာမာနဲ့ ဗဟို ပအိုဝ်းဒေသဖြစ်တဲ့ ကျောက်တစ်လုံးကြီး ခရီးရှည်ကို သွားနိုင်ခဲ့တာပါ။

အချင်းချင်း လုပ်ကြံမှုကို ကျူးလွန်းထားလို့ လိပ်ပြာမလုံတဲ့ ဦးအောင်ခမ်းထီဟာ ဗဟိုပအိုဝ်းဒေသ ကျောက်တစ်လုံးကြီးကို ပြန်လာဖို့ ချိတုံချတုံ မပြတ်မသားဖြစ်နေလို့ အဲ့ဒီအချိန်က အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးကြီး ခင်ကျော်ညို ကိုယ်တိုင် အဖွဲ့အစည်း အကြီးအကဲတစ်ဦးအနေဖြင့် မဟာမိတ်နယ်မြေတွင် ရေရှည်ခိုလှုံရန် မသင့်တော်ကြောင်း ပအိုဝ်းဒေသ ဗဟိုနေရာသို့ ပြန်လာရန် အဖွဲ့ဝင်များ၊ ပြည်သူလူထုများက ကြိုဆိုကြောင်း ကြေးနန်းပို့ပြီး ပြန်လာဖို့ အာမခံ ခေါ်ခဲ့ရတာဖြစ်ပါတယ်။

မျိုးနွယ်စုအရလည်း ညီအစ်ကိုဖြစ်၊ တော်လှန်ရေးသမိုင်းကြောင်းမှာလည်း မဟာမိတ်ဖြစ်ခဲ့တဲ့ ပအိုဝ်း နဲ့ ကရင်နီ မျိုးနွယ်စုဟာ PNO ပြည်သူ့စစ်ရဲ့ မဟာဘုံရန်သူနဲ့ ပူးပေါင်းပြီး သစ္စာဖောက်မှုကြောင့် အဖုအထစ်တွေ ဖြစ်လာခဲ့ရပါတယ်။

“အဖုအထစ်ဖြစ်တယ်ဆိုတာက ပအိုဝ်းနဲ့ကရင်နီကြားဖြစ်တာမဟုတ်ဘူးလို့ ကျွန်တော် ယူဆတယ်။ ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့ကြားနဲ့ PNO ပြည်သူ့စစ်ကြားကတော့ အဖုအထစ်မဟုတ်တော့ဘူး ရန်ငါ ပြတ်တဲ့ ရန်သူ ဖြစ်သွားပြီ” လို့ ပအိုဝ်းဝါရင့်တော်လှန်ရေး ရဲဘော်ဟောင်း ဦးခွန်ဗောက ပြောပါတယ်။

ပြည်သူ့စစ်ဆိုတာဟာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တစ်ခုသာဖြစ်ပြီး လူမျိုးကို ကိုယ်စားပြုထားခြင်းမရှိပါဘူး။ ဒါကြောင့် အာဏာရှင် နောက်မြီးစွဲတွေဖြစ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့အတူ နွေဦးတော်လှန်ရေးရဲ့ ရန်သူ အာဏာရှင်စာရင်းထဲကို ဝင်သွားပြီးဖြစ်ပါတယ်။

လက်ရှိ PNO ပါတီ ဥက္ကဌ ခွန်စံလွင် ကိုယ်တိုင် စစ်ကောင်စီရဲ့ ကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်နေတာက ထင်ရှားတဲ့ အများသိ သက်သေတစ်ခုဖြစ်ပါတယ်။

ခွန်စံလွင်ဟာ ၈၈၈၈ အရေးအခင်းကြောင့် ပေါ်ထွက်လာတဲ့ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်လည်းဖြစ်ခဲ့ဖူးပြီး နောက်တော့ PNO ပြည်သူ့စစ်အဖွဲ့ထဲရောက်သွားခဲ့ပါတယ်။

ခွန်စံလွင် အဖေ ဖြစ်တဲ့ ဖြားဗွာလှဖေ ဟာ သေတဲ့အထိ ပအိုဝ်းအမျိုးသားတော်လှန်ရေးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ဖြားဗွာလှဖေ ဆုံးတဲ့ စက်တင်ဘာ ၂၄ ရက်နေ့ကိုလည်း ပအိုဝ်းလူထုတွေက ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အဖြစ်သတ်မှတ်ကာ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ပြုလုပ်ပါတယ်။

အဖေဖြစ်သူက လူမျိုးစုတစ်ခုရဲ့ အာဇာနည်ဖြစ်ပေမယ့် သားဖြစ်သူကတော့ လက်နက်ချ ဖောက်ပြန်ရေးသမားဖြစ်ပြီး ဖိနှိပ်သူစစ်ကောင်စီအဖွဲ့မှာ ပါဝင်ထမ်းဆောင်နေတာက ခွန်စံလွင်ရဲ့ သမိုင်းထူးခြားချက် တစ်ခုဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

တစ်ကယ်တော့ ဦးအောင်ခမ်းထီဟာ အလိုမကျတဲ့သူတွေအပေါ် ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ် ကို အစဉ်တစိုက် ကျင့်သုံးခဲ့လာခဲ့တာ အရင်ခေတ်သာမဟုတ်ပဲ ယနေ့ခေတ်အချိန်ထိဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ခွန်အောင်ခမ်း၊ ဗိုလ်မှူးကြီး ခွန်ထွန်းရီ တို့ကို ရန်သူနဲ့ ပူးပေါင်းဖို့ကြိုးစားတယ်လို့ စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခဲ့သလို ခွန်ဝိဇ္ဇာ၊ ခွန်စိုးလခမ်း တို့ကိုလည်း ငွေကြေးအလွဲသုံးစားတယ်ဆိုပြီး ထုတ်ပယ်ခဲ့ပါတယ်။ ဒါ့အပြင် RCSS နဲ့ ဆက်ဆံရေး မပြေလည်ပဲ ပြန်တိုက်လို့ဆိုပြီးတော့ PNO ပြည်သူ့စစ် ကွပ်ကဲရေးမှူး ဗိုလ်မှူး ခွန်လာ ကိုလည်း ထုတ်ပယ်ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ PNO ရဲ့ သာမန်အဆင့်မဟုတ်ဘဲ အနိမ့်ဆုံး PNO ဗဟိုကော်မတီဝင်တွေ ဖြစ်ကြပါတယ်။

အဲ့ဒီလို သစ္စာတရားမဲ့ပြီး ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်နဲ့ အကျွမ်းတဝင်ဖြစ်နေတဲ့ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော်လှန်ရေးတပ်ဖွဲ့ကို တိုက်ခဲ့တာတွေက ထူးဆန်းတာတော့မဟုတ်ပါဘူး။

“သူတို့ သမိုင်းကြောင်းကို သိထားတဲ့လူတစ်ယောက်အနေနဲ့ လက်ရှိ သူတို့လုပ်နေတာတွေက ထူးဆန်းတာမျိုးတော့မဟုတ်ပါဘူး။ ဖောက်ပြန်သူတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ လုပ်ဆောင်မှုတွေသာဖြစ်တယ်” လို့ ဝါရင့် ပအိုဝ်းနိုင်ငံရေးသမားတစ်ဦးကလည်း သုံးသပ်ဖူးပါတယ်။

ယခင် PNO စဖွဲ့ခါစက ရည်မှန်းချက်ဟာ လွတ်လပ်တဲ့ ပအိုဝ်းပြည် တည်ထောင်ရေး ဖြစ်ပြီး လက်ရှိမှာတော့ PNO ဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ် ပြောင်းလဲသွားပြီဖြစ်ကာ ထားရာနေ၊ စေရာသွား တဲ့ စစ်ကောင်စီရဲ့ ခိုင်းဘက် အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်သူ့စစ်အဖြစ် ပြောင်းလဲပြီးမဖွဲ့မှီ စဖွဲ့ခါစ ရည်မှန်းချက်ကနေ သွေဖြည် ဖောက်ပြန်လိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုသမိုင်းကြောင်းတွေရှိနေတဲ့သူဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို အကျိုးစီးပွားအတွက် ပြန်တိုက်ရဲတဲ့ သတ္တိရှိနေတာဖြစ်ပါတယ်။

အဲလို လုပ်ရပ်တွေ ဖြစ်ရပ်တွေဟာ ရန်သူဟာ ရန်သူအလုပ်လုပ်နေတာဖြစ်ပြီး မိမိတို့လည်း မိမိအလုပ် လုပ်ကြရန် ကရင်နီပြည် တပ်မတော် KA ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ်အောင်မြတ်ကတော့ အောက်ပါအတိုင်း သတိပေး တိုက်တွန်းထားပါတယ်။

“အထူးသဖြင့် ရည်မှန်းချက်ပန်းတိုင် ရောက်အောင်ချီတက်ကြပါ။ ရည်မှန်းချက် ပျောက်ရင် သမိုင်းတရားခံဖြစ်မည်။ ရန်သူမိတ်ဆွေဟာ တို့မိတ်ဆွေ မဖြစ်နိုင်ဘူးလို့ အမြဲပြောပြတာ။ ယခုဆိုရင် ရဲဘော်ရဲဘက်များအားလုံး သဘောပေါက်လောက်ပြီထင်ပါတယ်”

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆီဆိုင်တိုက်ပွဲနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအရွေ့

စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The CCP’s feeble property crisis response prolongs economic pain

As China's property sector crisis continues to spiral out of control, the Chinese Communist Party's (CCP) response has been woefully

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now