ဆောင်းပါး

ကူကယ်ရာမဲ့ ကျားဖြန့် သားကောင်များ

မဲခေါင် 23 Apr - 2023
“အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦး ကျန်ခဲ့တယ်။ အဆက်အသွယ်ရတဲ့အချိန်အထိ  သူတို့အပြင်းအထန် နှိပ်စက်ခံရတယ်။ တိုက်ပိတ်တယ်။ ထမင်းမကျွေးဘူး။ ‌ရေဖြန်းထားတဲ့ ကြမ်းပြင်ပေါ်မှာ အိပ်ခိုင်းတယ်။ လျှပ်စစ်တုတ်နဲ့ရိုက်တယ်။ သူတို့ အတွက် အရမ်းစိုးရိမ်နေရတယ်။ အဆက်အသွယ်ပြတ်နေတာ တစ်လကျော်ပြီ သေလားရှင်လားမသိရဘူး။ ကျွန်မက ကိုယ်ဝန်ရှိနေလို့ ပြန်ထွက်လာလို့ရခဲ့ပေမယ့် ယောကျ်ားကတော့ ကျန်ခဲ့ရတယ်”လို့ မဝေဝေက သူရင်ဆိုင်ကြုံခဲ့ရသည့် ဖြစ်စဥ်ကို ပြန်ပြောပြသည်။
  • မီ –

“အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦး ကျန်ခဲ့တယ်။ အဆက်အသွယ်ရတဲ့အချိန်အထိ  သူတို့အပြင်းအထန် နှိပ်စက်ခံရတယ်။ တိုက်ပိတ်တယ်။ ထမင်းမကျွေးဘူး။ ‌ရေဖြန်းထားတဲ့ ကြမ်းပြင်ပေါ်မှာ အိပ်ခိုင်းတယ်။ လျှပ်စစ်တုတ်နဲ့ရိုက်တယ်။ သူတို့ အတွက် အရမ်းစိုးရိမ်နေရတယ်။ အဆက်အသွယ်ပြတ်နေတာ တစ်လကျော်ပြီ သေလားရှင်လားမသိရဘူး။ ကျွန်မက ကိုယ်ဝန်ရှိနေလို့ ပြန်ထွက်လာလို့ရခဲ့ပေမယ့် ယောကျ်ားကတော့ ကျန်ခဲ့ရတယ်”လို့ မဝေဝေက သူရင်ဆိုင်ကြုံခဲ့ရသည့် ဖြစ်စဥ်ကို ပြန်ပြောပြသည်။

သိန်း ၇၀ နီးပါးရှိသည့် အကြွေးများကို ကျေအောင်ဆပ်နိုင်ရန် ‘ဝ’ ဒေသ ဘက်သို့ သွားရောက်အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ရာကနေ နောက်ဆုံး သူမအတွက် နောင်တသာ ကျန်ခဲ့သည်။ တစ်လကို တရုတ်ယွမ် ၃၅၀၀ မြန်မာငွေ ၁၀ ဝန်းကျင် ဝင်ငွေရရင် တဖြည်းဖြည်းချင်း အကြွေးဆပ်လို့ရမည်၊ စုမိဆောင်းမိပြီး ရင်းနှီးငွေလေးတွေရလာမည် ဆိုသည့် အတွေးဖြင့်  မဝေဝေ တို့ လင်မယား ၂ ယောက် အဆိုပါအလုပ်ကို လုပ်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

သူတို့ကဲ့သို့  အလုပ်အကိုင်မရှိ၊ ကြပ်တည်းသည့်   ငွေကြေးအခြေအနေများကို ဖြေရှင်းနိုင်ရေအတွက် ဒီကုမ္ပဏီမှာ အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသူ ၁၁ ယောက် လာဆုံမိကြသည်။

ခေါ်လာသည့် ပွဲစားကို ပိုက်ဆံပေးစရာမလို၊ အလုပ်ကြမ်းလုပ်စရာမလိုပဲ အဆောက်အဦထဲမှာပင်  ကွန်ပြူတာတလုံးနဲ့ အလုပ်လုပ်ပေးရင်ရပြီဆိုသည့်  ပြောစကားနှင့်  လစာငွေကြေးကို မက်မောပြီး သူတို့ ၁၁ ယောက်လုံး ဒီအလုပ်ကိုရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

အဲဒီကတစ်ဆင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင်ရှိသည့်  “ဝ” ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်ရာ မိုင်းပေါက်မြို့သို့ အလုပ်လုပ်ရန်လာခဲ့သည့်  မြန်မာ ၁၁ ဦး ဇီကျင့်ကုမ္ပဏီမှာ ရောင်းစားခံခဲ့ရခြင်းဖြစ်သည်။

“ကျွန်မတို့ ၁၁ ဦးစလုံးက ရောက်ရှိတဲ့နေ့ကစပြီး ၁ လပြည့်တဲ့နေ့ လစာတောင်းတဲ့အချိန်မှာ သတ်မှတ်ထားတဲ့လစာမရရှိဘဲ စကားများကြရာကနေ ကျွန်မတို့ကို  မိုင်းပေါက်ရဲစခန်း အချုပ်ထဲပို့ခဲ့တယ်။ အဲ့ဒီ့မှာ ကုမ္ပဏီဘက်က လျော်ကြေးပြန်တောင်းခဲ့ပြီး မပေးနိုင်လို့  မိုင်းပေါက်ရဲစခန်းမှာ အချုပ်ထားခဲ့တယ်”ဟု ကိုယ်ဝန်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် မဝေဝေက ဆိုသည်။

အချုပ် ၁ ပတ်ပြည့်သည့် အချိန်မှာ ကုမ္ပဏီဘက်က မြန်မာ ၁၁ ဦးကို ရဲစခန်းမှ ပြန်ထုတ်ခဲ့ပြီး တိုက်ပိတ်နှိပ်စက်ခဲ့သည်ဟု  သူမက ဆိုသည်။

“တစ်လစာလုပ်ခ လစာ မရရှိခဲ့တဲ့အပြင် အိမ်ပြန်နိုင်ဖို့အတွက် တဦးကို လျော်ကြေးငွေ ၂၅ သိန်းကနေ သိန်း ၉၀ အထိ ပြန်တောင်းတယ်၊ မပေးနိုင်ရင် ပြန်လို့မရပဲ တိုက်ပိတ် နှိပ်စက်ခံရတယ်။ ကျန်ခဲ့တဲ့သူတွေ အစာရေစာ ဝလင်အောင်လည်း မစားရဘူး။ ကျွန်မပြန်လွတ်လာတဲ့အချိန် လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ပဲ ချိသွားခဲ့တယ်” ဟု ကိုယ်ဝန်ဖြင့် ပြန်လွတ်ခဲ့ရသည့် မဝေဝေက ပြောသည်။

ကျန်းမာရေးအခြေအနေ လုံးဝမကောင်းတော့သည့်အတွက်  ကိုယ်ဝန်ကြောင့် မိုင်းပေါက်ရဲစခန်းကနေ ခံဝန်ဖြင့် မဝေဝေ ပြန်လွတ်ခဲ့ရပြီး  ကျန်ရှိသည့်  ၁၀ ဦးမှာ တိုက်ပိတ်နှိပ်စက်မှုကို ဆက်လက်ခံနေခဲ့ရသည်။ အဲဒီထဲမှ ၆ ဦးသည် နှိပ်စက်သည့်ဒဏ်မခံနိုင်သည့်အတွက် မိသားစုတွေဆီမှ လျော်ကြေးငွေ ကျပ်  သိန်း ၄၀ ပေးပြီး ပြန်ထွက်ခဲ့ကြသည်။ လျော်ကြေးငွေမပေးနိုင်သည့် ၄ ဦး ကျန်ရှိနေပြီး တစ်လကျော်ကြာအဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်သည်။

ကျိုင်းတုံမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ကို ကြုံတွေ့ခဲ့ရသည့်ဖြစ်စဥ်ကို  တိုင်ကြားထားတာ ၂ လ‌ ကျော်ကြာနေသော်လည်း မည်သည့် သတင်းမှ မထူးခြားဟု မဝေဝေကဆိုသည်။

“ပြန်လွတ်လာပြီး ကျန်ခဲ့တဲ့သူတွေ လွတ်ဖို့ ‌ဖေ့ဘုတ်မှာဖြစ်စဥ်တွေကိုတင်ပြီး အကူအညီ တောင်းခံခဲ့တယ်။ ကုမ္ပဏီဘက်က ပြန်သိသွားတော့ ကျွန်မယောကျ်ားကို  လက်ထိက်ခတ်ပြီး ကျင်စက်တွေနဲ့ နှိပ်စက်ပြီး သွေးထွက်အောင် သေလောက်တဲ့အထိ နှိပ်စက်နေကြောင်း ဖုန်းဆက်ပြောတယ်။ အခုဆို သူတို့နဲ့အဆက်အသွယ်ပြတ်တာ ၁ လ‌ကျော်ပြီ။ သူတို့အသက်အန္တရာယ်အတွက် အရမ်းစိုးရိမ်နေရတယ်”ဟု သူမက ပြောသည်။

ဒီဖြစ်စဥ်တွေကို ကြုံတွေ့ခဲ့ရသည့် မြန်မာ ၁၁ ဦး လုပ်ကိုင်ခဲ့သော အလုပ်သည် အွန်လိုင်းဖြင့် တနေ့ကို ၃ဦးရအောင် ငွေလိမ်ပေးရသည့် အလုပ်ဖြစ်ပြီး အမေရိက၊ ကနေဒါ ဘက်တွင် နေထိုင်သူများကို အဓိကထား လိမ်လည်ရခြင်းဖြစ်သည်။

အဆိုပါ ကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ ရောင်းစားခံရသည့် ဖြစ်စဥ်များ၊ တရုတ်လုပ်ငန်းရှင်များက မြန်မာနိုင်ငံသားများကို နှိပ်စက်ညှင်းပန်းသည့် ဖြစ်စဥ်များကို ဆိုရှယ်မီဒီယာကတဆင့် မြင်တွေ့ရ၊ ကြားသိရသည်များ ရှိနေသော်လည်း  လက်ရှိအချိန်အထိ ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိသေးပေ။

မိုင်းပေါက်မြို့ ဇီကျင့်ကုမ္ပဏီတွင်  မဝေဝေတို့ ၁၁ ဦး ကြုံရသဘည့် ဖြစ်စဥ်နည်းတူပင်  လက်ရှိတွင် ‘ဝ’ဒေသ ပန်ဆန်းမြို့က  တရုတ်ကုမ္ပဏီတစ်ခုမှာလည်း  ပိတ်မိနေသည့်  မြန်မာ ယောကျ်ားလေး ၁၃ ဦးလည်း ရှိနေသည်။

အွန်လိုင်း ဝန်ဆောင်မှုလုပ်ရမည်ဟုဆိုသည့် ပွဲစားပြောဆိုမှုကို ယုံကြည်ကာ ‘ဝ’‌ဒေသအတွင်း အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည့် မြန်မာလူငယ် ၁၃ ဦး သည်လည်း တရက်ကို အနောက်နိုင်ငံများတွင် အသုံးများသည့် WhatsApp အကောင့် ၃ ခု ရှာပေးရသည့်  ငွေလိမ်လုပ်ငန်းကို လုပ်ကိုင်နေရသည်။

“တရက်ကို WhatsApp အကောင့် ၃ ကောင့်ရှာပေးရတယ်။ ၃ ကောင့် မပြည့်ဘူးဆိုရင် ထိုင်ထ လုပ်ရတယ်။ ထိုင်ထ ၅၀၊ ၁၀၀ အမြဲတမ်းလုပ်ရတယ်။ တလပြည့်လို့ အကောင့်မပေါက်ဘူးဆိုရင် ထိုင်ထ ၂၀၀ လုပ်ရတယ်။ ဒီလမှ ငွေမပေါက်ရင် ၃၀၀ လုပ်ရမယ်။ မလုပ်ရင် ပြင်းပြင်းထန်ထန်အပြစ်ပေးတယ်။  လျှပ်စစ်တုတ်နဲ့တို့တယ်” ဟု ပန်ဆန်းမြို့ရှိ တရုတ်ငွေလိမ်ကုမ္ပဏီတစ်ခုတွင် ပိတ်မိနေသည့် မြန်မာအမျိုးသား ၁၃ ဦးထဲမှ တစ်ဦးက ပြောသည်။

မူလပြောသည့်အလုပ်နှင့်  လက်တွေ့လုပ်ရသည့်အလုပ်မှာ  မတူညီသည့် အတွက် မလုပ်ချင်ကြောင်းငြင်းဆန်ရာမှာ ပွဲစားက ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိခဲ့ကြရသည်။

စာချုပ်ပါအလုပ်ချိန်ထက် ပိုမိုခိုင်းစေခြင်း၊ ပြင်းထန်သည့် ဒဏ်ပေးမှုများ ပြုလုပ်ခံရခြင်း၊ ငွေမရှာပေးနိုင်သည့်အတွက် ကိုယ်ထိလက်ရောက်ပြုမူ အနိုင်ကျင့်ခံရခြင်းများကို ခံနေရသည်ဟု အသက် ၂၂ နှစ်အရွယ် ကိုဖြိုးကပြောသည်။

“ကျွန်တော်တို့ အိမ်ပြန်ချင်တယ်။ ငွေမပေါက်နိုင်တဲ့အတွက်လည်း နှိပ်စက်ခံရပြီး တနေ့တနေ့ ကြောက်စိတ်နဲ့ အလုပ်လုပ်နေရတယ်။ အိမ်ပြန်ချင်ရင် တရုတ်ယွမ် ၈၀,၀၀၀ (ကျပ်သိန်း ၃၀၀ ဝန်းကျင်) ပေးနိုင်မှ ပြန်လို့ရမယ်လို့ပြောတယ်”ဟု သူကဆိုသည်။

ကျားဖြန့်လုပ်ငန်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားနေသဖြင့် ငွေလိမ်လုပ်ငန်း ကျားဖြန့်အလုပ် ဟု ပွင့်ပွင့်လင်းလင်းရေးသားပြီး အလုပ်ခေါ်သည့်လူက မရှိသလောက်နည်းသည်။ အလုပ်သမားရှာရာတွင် Customer Service၊ Online Digital Marketing၊ Translator၊ Reception၊ ကြော်ငြာလုပ်ငန်းများကို ခေါင်းစဉ်တပ်ကာ လိပ်လည်ခေါ်ဆိုနေခြင်းဖြစ်သည်။

လူငယ်အများစု အလိမ်ခံရသည့် မက်လုံးပေးထားသည့်အချက်မှာ အလုပ်ရရှိရန်အတွက် ပွဲစားခပေးစရာ မလိုခြင်း၊ ခရီးစရိတ်(ငြိမ်း)၊ နေစရိတ်/စားစရိတ် အပြီးအစီးဖြင့် မပင်ပန်းဘဲ မြန်မာ‌‌ငွေ ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင် ရရှိမည်ဆိုသည့် အချက်ဖြစ်သည်။

ဒီအချက်များကို မက်မောပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းများလုပ်ကိုင်သည့် တရုတ်ငွေလိမ် ကုမ္ပဏီများထံတွင် လူငယ်အများအပြား ရောင်းစားခံခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်ပိုင် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ ရှမ်းပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နေရာများတွင် တည်ရှိနေသည်။​အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ ထိန်းချုပ်သည့် ‘ဝ’ အထူးဒေသ “၂” အတွင်းရှိ ပန်ဆန်း၊ မိုင်းပေါက်မြို့များ၊ ကိုးကန့်ဒေသဖြစ်သည့် လောက်ကိုင်မြို့နှင့် အကျင့်ပျက်ခြစားဝန်ထမ်းများ များပြားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင် တည်ရှိနေသည်။ ငွေလိမ်လုပ်ငန်းများထံ ရောင်းစားခံရသည့် မြန်မာအလုပ်သမား များစွာရှိနေသော်လည်း လျော်ကြေးငွေ မပေးနိုင်တဲ့အတွက် နေရပ်မပြန်နိုင်ဘဲ နှိပ်စက်မှုဒဏ်ကို ခံစားနေရသည်။

အွန်လိုင်းမှတဆင့် ဆက်သွယ်အကူအညီတောင်းခံမှုများကြောင့်  ဖြစ်စဥ်ကို သိရှိသော်လည်း ကူညီကယ်ထုတ်ပေးနိုင်ရန်မူ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအဖွဲ့များသည်ပင် လုပ်ဆောင်နိုင်ခြင်းမရှိသည့် အခြေအနေတွင် ရှိနေသည်။

“ကျွန်တော်တို့ တာဝန်ထမ်းဆောင်တဲ့ကာလမှာတော့ ကျားဖြန့်က ခေတ်မစားသေးဘူး။ အရင်အွန်လိုင်း ဂိမ်းက
၂၀၁၈ လောက်က စပြီး  ထိုင်းနိုင်ငံနဲ့ပဲ ဆက်စပ်တာ ရှိတယ်။ ၂၀၂၁ နောက်ပိုင်းကြတော့  နယ်စပ်ဧရိယာမှာ အထူးအဖွဲ့(တိုင်းရင်းသားလက်နက်ကိုင်) တွေက တရုတ်တွေနဲ့ဆက်စပ်ပြီး တရုတ်တွေ ဝင်လာပြီးနောက်ပိုင်း ထိန်းရသိမ်းရ ခက်တာတွေရှိတယ်”လို့ ရှမ်းပြည်နယ်အတွင်း လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကိုဗစ်နှင့် နိုင်ငံရေး အခြေအနေများကြောင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာခြင်းက လူငယ်များ ရှမ်းပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းကို သွားရောက်လုပ်ကိုင်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ချက်ဖြစ်ကြောင်း ရောင်းစားခံရသူများ၏ ပြောဆိုချက်အရသိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု မရှိသလို ဥပဒေမဲ့ လုပ်ကိုင်မှုများ ပိုများလာခဲ့သည်။ လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတို့ကိုလည်း လက်ရှိ နိုင်ငံအာဏာယူထားသည့် စစ်ကောင်စီက တာဝန်ယူ ဖြေရှင်းနိုင်ခြင်းမရှိသည့် အခြေအနေဖြစ်သည်။

ယခု လူကုန်ကူးမှုဖြစ်စဥ်များ ကြုံတွေ့နေရသည့် ဒေသများသည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းများ၌ တည်ရှိပြီး နယ်မြေအများစုမှာ တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် UWSA နှင့် ကိုးကန့်တပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် နယ်မြေများလည်းဖြစ်သည်။

လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့များသည်လည်း အဆိုပါဒေသများအတွင်း ဝင်ထွက်သွားလာ လုပ်ဆောင်နိုင်သည့် အခြေအနေမှာ မရှိပေ။

“ ကျွန်တော်တို့ ဝေကောသတင်း ဝေဖန် ကောလဟာလသတင်းအရ တရုတ် မာဖီးယားတွေ၊ တရားခံပြေးတွေက ရောက်နေတဲ့အတိုင်းအတာရှိတယ်။ ကျွန်တော်တို့ ဧရိယာထဲရောက်လာရင် ကူညီစုံစမ်းလို့ရပေမယ့်
အထူးနေရာတွေကြတော့ လုပ်ရကိုင်ရခက်တယ်။ Risk(အန္တရာယ်) တွေ၊ စိန်ခေါ်မှုတွေ အများကြီး ကြုံရတယ်။
လူကုန်ကူးမှုအဖွဲ့တွေဖွဲ့ဖို့၊ ဟောပြောပွဲတွေ လုပ်ဖို့ ညှိတာတောင်မှ အထူးနယ်မြေတွေမှာ  အပေါ်ကိုတင်ပြ ခွင့်ပြုချက်ရမှ လုပ်ရတဲ့အတိုင်းအတာရှိတယ်။ ဝင်ချင်တိုင်းဝင်လို့မရဘူး”ဟု လူကုန်ကူးတားဆီးတိုက်ဖျက်ရေးအဖွဲ့မှ ရဲအရာရှိက ဆိုသည်။

အထူးဒေသများအတွင်း အကြောင်းကြားပြီး ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ရာတွင်လည်း အဆင်မပြေသည်က များသည်ဟု သူက ဆိုသည်။ လူကုန်ကူးခံရတဲ့အကြောင်း တိုင်ကြားထားသည်များ ရှိသော်လည်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် အထူးဒေသဘက်သို့  စာအရင်တင်ပြီးမှ ဝင်ရောက်ခွင့်ရသည့်အတွက် ချက်ချင်းမကယ်ဆယ်နိုင်ဘဲ ကြန့်ကြာမှုများ ရှိနေသည်ဟု သိရသည်။

ရှမ်းပြည်နယ်အတွင်း ကျားဖြန့်ငွေလိမ်လုပ်ငန်းအတွက် လူကုန်ကူးခံရသည့် ဖြစ်စဥ်များတွင် မြန်မာပြည်တွင်းမှ လူငယ်များသာမက ထိုင်း၊ လာအို၊ ဗီယက်နမ် နှင့်မလေးရှားနိုင်ငံသားများလည်း ပါဝင်နေသည်။

တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည့် ကာလဖြစ်လာချိန်တွင် ယခင်က တိုင်းတပါးကို ပစ်မှတ်ထားသည့် လူကုန်ကူးမှုများသည် လက်ရှိအခြေအနေတွင် မြန်မာပြည်တွင်း၌ပါ ကြီးထွားလာသည်။

လူကုန်ကူးခံနေရသူများ၏ အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည့် ဖြစ်စဥ်များရှိနေသည့် ‘ဝ’ဒေသတွင်းမှ အခြေအနေများ သိရှိနိုင်ရန် လားရှိုးမြို့ UWSA ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာတွင် မေးခွန်းများပို့ခိုင်းထားပြီး ပြန်လည်ဖြေကြားပေးခြင်းမရှိသေးဘဲ တာဝန်ရှိသူများကိုမေးမြန်းထားဆဲ ဖြစ်သည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ယခုအခြေအနေဖြစ်စဥ်များအရ ‘ဝ’ဒေသအတွင်း ငွေလိမ်(ကျားဖြန့်)လုပ်ငန်းများနှင့် အခြားလူကုန်ကူးမှု လုပ်ငန်းများတွင် ပိတ်မိနေဆဲဖြစ်သည့် လူငယ်များ ပြန်လည်လွတ်မြောက်ရေးသည် အလှမ်းဝေးနေဆဲဖြစ်သည်။ အားကိုးရာမဲ့ အခြေအနေများကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆီဆိုင်တိုက်ပွဲနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအရွေ့

စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The CCP’s feeble property crisis response prolongs economic pain

As China's property sector crisis continues to spiral out of control, the Chinese Communist Party's (CCP) response has been woefully

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now