မဲခေါင်၊ ဖေဖော်ဝါရီ ၉
ကရင်နီပြည်၊ ဘောလခဲနဲ့ မြို့သစ်ကြားက စစ်ကောင်စီ ခမရ-၁၁၂ လက်အောက်မှာရှိတဲ့ ၁၂ မိုင်ကုန်းစခန်းကို ကရင်နီ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
စခန်းကုန်းမှ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဗုံးသီးမျိုးစုံကို သိမ်းယူရရှိခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးကိုတော့ အတည်ပြုနိုင်ခြင်းမရှိဘူးလို့ ပါဝင်တိုက်ခဲ့တဲ့ Force of Federal Democracy (FFD) အဖွဲ့က ထုတ်ပြန်ပါတယ်။
MA1 သေနတ် ၈ လက်၊ MA2 နဲ့ MA3 သေနတ် ၁ လက်စီ၊ MA11 ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၃ လက်၊ ငါးကြင်းမြီးစက်လက် ၁ လက်၊ ပစ္စတို ၁ လက်၊ စုစုပေါင်း သေနတ် ၁၆ လက်နဲ့ ခဲယမ်းမျိုးစုံတို့ကို သိမ်းမိခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။
တိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်ကလည်း ရဲဘော်တချို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်၊ စစ်ကောင်စီ သုံ့ပန်း ၁ ယောက်ကို ဖမ်းမိပြီး ထွက်ပြေးသွားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
FFD ဒရုန်းအဖွဲ့ဟာ အဲ့ဒီ့စခန်းကို ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ၈ ရက်အထိ ဒရုန်းဗုံး ၄၅ လုံးအထိ ကြဲချပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ဒရုန်းအဖွဲ့ဟာ ဆီဆိုင်မြို့နယ်မှာလည်း မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေပါတယ်။
စစ်ကောင်စီအင်အား ၄၀ ခန့်ရှိတဲ့ ၁၂ မိုင်ကုန်း စစ်ကောင်စီစခန်းကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA)၊ တပ်မဟာ ၇၈၂၆ တပ်မဟာမှူး ရဲဘော်ဆီမိုးနယ် က ဦးစီးပြီး KA၊ KNDF၊ PDF၊ KNPLF၊ Federal Wing ဒရုန်းအဖွဲ့၊ FFD ဒရုန်းအဖွဲ့နဲ့ PDF ဒရုန်းအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
#MeKongNews
#12mile
#စစ်ကောင်စီ
#ကရင်နီ
#တော်လှန်ရေး
#သိမ်းပိုက်