မဲခေါင်၊ မတ် ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာမှာရှိတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းအဖွဲ့တွေက မနေ့ မတ် ၂၅ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မတ် ၂၄ ရက်မနက်ပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပြီး မတ် ၂၅ နေ့လယ်ပိုင်းမှာ ကော့ဘိန်းရဲစခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာလို့ Lion Battalion က ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲ့ဒီစခန်းကို စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူတွေကြားက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လေကြောင်းပစ်ကူကြောင့် နေအိမ်တွေ စာသင်ကျောင်းတွေ အများအပြားပျက်စီးခဲ့ရတယ်လို့ Lion Battalion ထုတ်ပြန်ချက်က ဆိုပါတယ်။
ကော့ဘိန်းနယ်မြေရဲစခန်းကနေ စစ်ကောင်စီသုံ့ပန်း ၂၃ ယောက်လက်နက်ချ အညံ့ခံခဲ့ပြီး အလောင်း ၅ လောင်းနဲ့ သေနတ် ၂၇ လက် သိမ်းမိခဲ့ကာ သုံ့ပန်းတွေကို လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
တော်လှန်ရေးအဖွဲ့တွေဘက်က ရဲဘော် ၂ ဦး၊ ပြည်သူ ၁ ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ကော့ဘိန်းနယ်မြေရဲစခန်းကို KNLA လက်အောက်ခံ ဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion ဗျူဟာ စစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ(AD)၊မွန်ပြည်လွတ်မြောက်ရေးတပ်တော် Mon Liberation Army၊ဂဠုန်စစ်ကြောင်း၊ကျားဖြူစစ်ကြောင်း၊ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့၊KNDO တပ်ရင်း ၆ ၊စောနဂါးတပ်ဖွဲ့၊SSDF ဒရုန်းတပ်ဖွဲ့ နဲ့ အယ်ဖာဘတ်ဒရုန်းအဖွဲ့ တို့ကပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။