မဲခေါင်၊ ဖေဖော်ဝါရီ ၅
ချီလီနိုင်ငံ ဗယ်လ်ပါရိုင်ဆိုဒေသအလယ်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီး မြို့ပြကို ကူးစက်လို့ သေဆုံး သူပေါင်း အနည်းဆုံး ၁၁၂ ဦးရှိပြီး ၂၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ ချီလီသမ္မတ ဘာဘရီရယ်ဘိုရစ်က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။
မီးဟာ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်လို့ သေဆုံးမှုနှုန်းဟာ အများကြီးမြင့်တက်လာနိုင်ပြီး ချီလီတစ်နိုင်ငံလုံး အလွန်တရာကြီးမားတဲ့ ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံဆုံနေရလို့ အထူးဝမ်းနည်းကြေကွဲရကြောင်း ဘိုရစ်က နိုင်ငံပိုင် ရုပ်သံကနေ ထုတ်ပြန်ပြောကြားသွားပါတယ်။
မီးလောင်ကျွမ်းမှုဟာ လူစည်ကားတဲ့ ပင်လယ်ကမ်းခြေမြို့ ဗီလာဒယ်လ်မာပတ်လည်ကို လူနေအိမ်တွေ မီးကူးစက်မှု တားဆီးမရနိုင်သေးတာကြောင့် သေဆုံး၊ ပျောက်ဆုံးမှုများနေတာဖြစ်ပြီး အနီးအနားရပ်ဝန်း တွေဟာလည်း နိုင်ငံတကာ ဂီတပွဲတော်ကျင်းပချိန်ဖြစ်လို့ လူနေအိမ်တွေရော၊ ဂီတပွဲဖျော်ဖြေရေးစင်မြင့်တွေပါ မီးလောင်ကျွမ်းနေတာကို ထိုင်ကြည့်နေရတဲ့အဆင့်ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းက တောမီးကို မထိန်းသိမ်းနိုင်လို့ နိုင်ငံ အရေးပေါ်အခြေအနေ ထုတ်ပြန် ကြေညာခဲ့ရပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်နယ်အသီးသီးက ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးတွေ အရေးပေါ် ကူညီကြဖို့ တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့က ချီလီနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာ မီးလောင်မှု ဧကပေါင်း ၆၄၀၀၀ ရှိခဲ့ပြီး လက်ရှိမှာ မီးသတ်သမားပေါင်း ၁၄၀၀၊ စစ်သည် ၁၃၀၀၊ မီးသတ်ရဟတ်ယာဉ်နဲ့ လေယာဉ် ၃၁ စီး စေလွှတ်မီးငြိမ်းသတ်နေရာမှာတောင် မနိုင်မနင်းဖြစ်နေရဆဲ ဖြစ်ပါတယ်။
အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံသား ပုပ်ရဟန်းမင်းကြီးကလည်း ချီလီတောမီးအတွက် တစ်ကမ္ဘာလုံး ဝိုင်း ဆုတောင်းပေးကြဖို့တိုက်တွန်းခဲ့ပါတယ်။ ချီလီနိုင်ငံမှာ အယ်လ်နီညို ရာသီဥတုပုံစံကြောင့် အပူရှိန်မြင့်မားလွန်း နေချိန် စိုထိုင်းဆလည်း နည်းပါးလွန်းချိန် လေတိုက်နှုန်းမြင့်မားခြင်းကြောင်း နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး တောမီးဘေးအန္တရာယ်နဲ့ တွေ့ကြုံနေရတာဖြစ်ပါတယ်။
Ref: Aljazeera
MKF-001
#MeKongNews
#ချီလီ
#တောမီး
#လောင်ကျွမ်း
#ပျောက်ဆုံး








