မဲခေါင်၊ ဖေဖော်ဝါရီ ၁၉
အစ္စရေးဝန်ကြီးချုပ်ရဲ့ ၃ ဦးပါ စစ်ဝန်ကြီးအဖွဲ့ထဲက အငြိမ်းစား စစ်ဗိုလ်ချုပ် ဘန်နီဂရန့်ဇ်က အစ္စလာမ်ဘာသာ ဝင်တွေ အထွတ်အမြတ်ထားရာ ရာမာဒန်ဥပုသ်လထဲ မဝင်ခင် ဟားမက်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို မလွတ်ပေးရင် ဂါဇာက ဟားမက်စ်တွေရဲ့ နောက်ဆုံးခံတပ်မြို့ ရာဖာကို အဆုံးသတ်စစ်ပွဲ ဆင်နွှဲသွားမှာဖြစ် ကြောင်း ရက်သတ်မှတ်ပြီး သတိပေးကြေညာလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုကိုယ်တိုင်ကလည်း ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ရာဖာမြို့ကို အဆုံး သတ်တဲ့အထိ တိုက်ခိုက်သွားရမယ်လို့ ပြောထားလို့ အခုဘန်နီဂရန့်ဇ်ရဲ့ ရက်သတ်မှတ်မှုအပေါ် နိုင်ငံတကာက စိုးရိမ်နေပြီဖြစ်ပါတယ်။
အစ္စရေးတပ်တွေဟာ ဂါဇာတစ်ခုလုံးက လူဦးရေရဲ့ တစ်ဝက်ကျော် ဆုတ်ခွာပြေးပြီး အခြေစိုက်နေထိုင်နေရတဲ့ ရာဖာမြို့ကို အစ္စရေးက မြေပြင်စစ်ကြောင်းထိုး ချေမှုန်းတိုက်ခိုက်ရင် အသေ အပျောက် အများဆုံးအနေအထားရောက်လာနိုင်ပြီး ရာဖာနဲ့ကပ်လျက် အိမ်နီးချင်း အီဂျစ်နိုင်ငံထဲကို ပါလက်စတိုင်းတွေ အားလုံးကို မောင်းထုတ်ဖို့ အစ္စရေးဘက်က ရည်ရွယ်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။
ဒါကို အစ္စရေးဘက်က ငြင်းဆိုထားပေမယ့် အမေရိကန်အပါ မဟာမိတ်နိုင်ငံတချို့ကတောင် ဂါဇာမှာ ကလေးငယ်နဲ့အရပ်သား တွေသေဆုံးမှုမြင့်တက်နေမှုအတွက် အစ္စရေးရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါ တယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန်ဥပုသ်လ စမယ့်နေ့ဟာ မတ် ၁၀ ရက်နေ့ဖြစ်မယ်လို့ ခန့်မှန်းထားပြီး ဒီမတိုင်ခင် ဓာစာခံအားလုံးပြန်မလွှတ်ပေးရင် အစ္စရေးက ရာဖာမြို့ကို အဆုံးသတ်တိုက်ပွဲ ဆင်နွှဲသွားရမယ်လို့ ဘန်နီဂရန့်ဇ်က သတိပေးသွားတာဖြစ်ပါတယ်။
ဟားမက်စ်တွေဟာ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနယ်စပ်ဖြတ်ကျော်ပြီး လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ကာ ၂၅၀ ကျော်ကို ပြန်ပေးဆွဲခေါ်ဆောင်သွားပါတယ်။
အမေရိကန်နဲ့ နိုင်ငံတကာက ကြားဝင်ဖြန်ဖြေ မှုကြောင့် အပစ်အခတ်ရပ်စဲတဲ့ ရက်သတ္တပတ်အတွင်း ဓားစာခံ တချို့ပြန်လွတ်မြောက်လာပြီး ၄ ယောက်က သေဆုံးခဲ့တယ်လို့ ယူဆရတဲ့အတွက် ဟားမက်စ်လက်ထဲမှာ နောက်ထပ် ဓားစာခံ ၁၃၀ ယောက် ထပ်ရှိနေမှာ ဖြစ်ပါတယ်။
Ref: euronews
MKF-001