မဲခေါင်၊ မတ် ၅
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ကိုရီးယားကျွန်းဆွယ်မှာ ၁၁ ရက်ကြာ စစ်ရေးပူးပေါင်းလေ့ကျင့်မှု စတင်ပြီး နောက်တစ်ရက်မှာပဲ မြောက်ကိုရီးယားက အမျိုးအမည်မဖော်ပြတဲ့ စစ်ရေးတုံ့ပြန်မှု လုပ်သွားမှာဖြစ်ကြောင်း ခြိမ်းခြောက် ထုတ်ပြန်သွားပါတယ်။
နှစ်စဉ် ကျင်းပနေကြ တောင်ကိုရီးယား-အမေရိကန် စစ်ရေးပူးတွဲလေ့ကျင့်မှုမှာ ဒီနှစ် အင်အား နှစ်ဆ တိုးမြှင့်ပြီး ကွင်းဆင်းလေ့ကျင့်မှုပေါင်း ၄၈ ခု၊ လက်တွေ့ပစ်ခတ်မှု၊ ဗုံးကျဲမှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဒုံးကျည် ကြားဖြတ် ပစ်ချမှု လေ့ကျင့်ခန်းတွေကိုပါ ၁၁ ရက်ကြာ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ သူတို့ မြောက်ကိုရီးယားနိုင်ငံကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်ဖို့ နမူနာလေ့ကျင့်ပြင်ဆင်မှုတွေသာဖြစ်တယ်၊ အချုပ်အခြာအာဏာပိုင်စိုးမှုကို အနီးကပ်မဆင်မခြင် ခြိမ်းခြောက်လာတာဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယား အစိုးရရဲ့ အမည်မဖော်ပြတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က နိုင်ငံပိုင်မီဒီယာမှာ ကြေညာသွားပြီး စစ်ရေး အရ တုံ့ပြန်အရေးယူမှု လုပ်သွားရမယ်လို့ပါ ခြိမ်းခြောက်ထုတ်ပြန်သွားတာဖြစ်ပါတယ်။
အမေရိကန်နဲ့တောင်ကိုရီးယားဘက်ကတော့ ဒီလေ့ကျင့်မှုတွေဟာ ကာကွယ်ရေးရည်မှန်းချက်သက်သက်သာ လေ့ကျင့်တာဖြစ်တယ်လို့ အကြိမ်ကြိမ် ဖြေရှင်းထုတ်ပြန်ပေမယ့် မြောက်ကိုရီးယားဘက်က ပထမဆုံးအကြိမ် စစ်ရေးအရ အရေးယူမှုလုပ်မယ်လို့ ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ တွေကတော့ ဒီခြိမ်းခြောက်မှုနောက်ကွယ်မှာ မြောက်ကိုရီးယားလုပ်နိုင်တာဆိုလို့ ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ် တာမျိုးပဲဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဒီနှစ်ထဲမှာပဲ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု ၆ ကြိမ် လုပ်ဆောင်ခဲ့ ပြီး လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုပေါင်းများစွာကိုလည်း ပြုလုပ်ခဲ့ကာ တောင်ကိုရီးယားဟာ သူတို့ရဲ့ အဓိက အကျဆုံး ရန်သူသာဖြစ်လို့ ပြန်လည်ပေါင်းစည်းရေးအစီအမံအဖွဲ့အစည်းအားလုံးကိုပါ ဖျက်သိမ်းခဲ့ပါတယ်။
Ref: trtworld
MKF-001