မဲခေါင်၊ နိုဝင်ဘာ ၂၄
UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် သင်တန်းသား ၇၀၀ ပါဝင်သည့် အမှတ် (၉၁၈) တပ်ဖွဲ့၏ ပထမအကြိမ် ပြည်သူ့စစ်ဆောင်းရာသီ စစ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၉ ရက် နံနက် ၈ နာရီတွင် ကျင်းပခဲ့ပြီး ဟိုပန်ခရိုင်အတွင်းရှိ ဟိုပန်၊ ပန်လုံ၊ နမ့်တစ်နှင့် နားဝီး မြို့နယ် ၄ ခုမှ သင်တန်းသားများ ပါဝင်တက်ရောက်ခဲ့ကြောင်း ဟိုပန်မြို့ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံက Wanewsland သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါသင်တန်းသည် ၃ လကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများအနေဖြင့် ပုံမှန်စစ်သားအဖြစ် တာဝန်ထမ်းဆောင်ရခြင်းမဟုတ်ဘဲ မိမိတို့ရပ်ရွာ၏ လုံခြုံရေးဆိုင်ရာတာဝန်များကိုသာ ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဟိုပန်နှင့် ပန်လုံမြို့များကို သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် UWSA ထံ လွှဲပြောင်းပေးခဲ့သည်။ ယခုဖွင့်လှစ်သည့် သင်တန်းသည် UWSA က ဟိုပန်ဒေသကို စတင်အုပ်ချုပ်လာသည့်ကာလအတွင်း ပထမဆုံးအကြိမ် ခေါ်ယူဖွင့်လှစ်သည့် ဆောင်းရာသီပြည်သူ့စစ်သင်တန်း ဖြစ်သည်။
UWSA သည် ဟိုပန်မြို့ကို လွှဲပြောင်းရယူပြီးနောက် ဒေသအုပ်ချုပ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဒေသခံလူငယ်များကို စုဖွဲ့၍ ပြည်သူ့စစ်ဖွဲ့စည်းရန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက စီစဉ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ထိုစဉ်က အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်းရှိ ဒေသခံအမျိုးသား အင်အား ၁,၀၀၀ ဝန်းကျင်အထိ စုဖွဲ့သင်တန်းပေးရန် ရည်ရွယ်ထားပြီး ပုံမှန်တပ်သားများအဖြစ်မဟုတ်ဘဲ ဒေသလုံခြုံရေးအတွက် သီးခြားပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း UWSA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောဆိုခဲ့ဖူးသည်။
UWSA သည် ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ ခွဲထွက်ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ တစ်ခုဖြစ်ပြီး တပ်အင်အား ၃၀,၀၀၀ ဝန်းကျင်မှ ၄၅,၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း ရင်းမြစ်အသီးသီးက ခန့်မှန်းဖော်ပြကြသည်။
UWSA ၏ တပ်မဟာဖွဲ့စည်းပုံတွင် မြောက်ပိုင်းဝဒေသ၌ တပ်မဟာ ၄ ခု (၃၁၈၊ ၄၁၈၊ ၄၆၈၊ ၆၁၈) နှင့် တောင်ပိုင်း ၁၇၁ စစ်ဒေသ၌ တပ်မဟာ ၅ ခု (၂၄၈၊ ၅၁၈၊ ၇၇၂၊ ၇၇၅၊ ၇၇၈) စုစုပေါင်း တပ်မဟာ ၉ ခုဖြင့် ဖွဲ့စည်းထားကြောင်း လေ့လာချက်များတွင် ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း သံလွင်မြစ်အနောက်ဘက်ကမ်း လုံခြုံရေးအတွက် တပ်မဟာ ၇၀၁ ကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း ISP-Myanmar ၏ မှတ်တမ်းတွင် ဖော်ပြထားသော်လည်း ယခု အမှတ် (၉၁၈) တပ်ဖွဲ့ကိုမူ ယခင်မှတ်တမ်းဟောင်းများတွင် မတွေ့ရသေးပေ။
တစ်ဖက်တွင်လည်း UWSA က ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ဟိုပန်ဒေသခံများကြား စိုးရိမ်မှုများ ရှိနေသည်။ ယင်းဥပဒေအရ အမျိုးသားများသည် စစ်မှုထမ်းကာလ ၈ နှစ်၊ အမျိုးသမီးများသည် ၅ နှစ် ထမ်းဆောင်ရမည်ဖြစ်သော်လည်း ဟိုပန်ဒေသတွင်မူ အုပ်ချုပ်ရေးကာလ ၅ နှစ်ပြည့်မှသာ ယင်းဥပဒေကို အကောင်အထည်ဖော်မည်ဟု အုပ်ချုပ်ရေးပိုင်းက ပြောဆိုထားသည်။
လက်ရှိတွင် UWSA သည် ဟိုပန်ဒေသ၌ အုပ်ချုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့တွင်းပြန်လည်ထူထောင်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် ဒေသလုံခြုံရေးအတွက် အမှတ် (၉၁၈) ပြည်သူ့စစ်တပ်ဖွဲ့ကိုပါ ဆက်လက်စုဖွဲ့လာခြင်း ဖြစ်သည်။
WSTV
Source – Wanewsland
#MeKongNews
#UWSA
#ဆောင်းရာသီ
#ပြည်သူ့စစ်
#သင်တန်း
#ပထမဆုံး








