မဲခေါင် မေ ၂၉
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘောရန်ကျေးရွာအနီးမှာ စစ်ဘေးရှောင်တစ်ဦး တောင်ယာသွားရင်း မြေမြှုပ်မိုင်းနင်းမိခဲ့လို့ ပြင်းထန်ဒဏ်ရာရရှိပြီး ဆောင်းပြောင်းတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မြေမြှုပ်မိုင်း နင်းမိသူဟာ အသက် ၃၀ အရွယ် လုံးပျဥ်ကျေးရွာနေ ခွန်နန်းဦးဖြစ်ပြီး မေလ ၂၅ ရက်နေ့က တောင်ယာလုပ်ကိုင်ဖို့ ထွက်သွားတဲ့အချိန်မှာ မြေမြုပ်မိုင်း နင်းမိခဲ့တာလို့ သိရပါတယ်။
ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “သူတို့က ငွေကြေး သိပ်အဆင်မပြေဘူး၊ တောင်ကြီးတက်ကု ချင်တာတောင် စရိတ်ကြီးလို့ မသွားဖြစ်ဘူး၊ အလှူရှင်တွေ ရှိရင်တော့ ကောင်းတာပေါ့နော်၊ လောလောဆယ် ဆိုရင်တော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး” လို့ ပြောပါတယ်။
ခွန်နန်းဦးရဲ့ ခြေထောက်နဲ့ နောက်ကျောနေရာတွေမှာ မိုင်းစထိမှန်တဲ့ ဒဏ်ရာတွေ ရရှိထားပြီး အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ဒဏ်ရာပြင်းထန်လွန်းတာကြောင့် ဆေးကုသစရိတ် လိုအပ်နေတယ်လို့ နီးစပ်သူတွေဆီက သိရ ပါတယ်။
မေလ ၅ ရက်နေ့ကလည်း ပင်လောင်းမြို့နယ်၊ နန်းထာရွာမှာ စစ်ဘေးရှောင်နေတဲ့ လုံးပျဥ်ကျေးရွာနေ ဇနီးမောင်နှံ နှစ်ဦးဟာလည်း နေရပ်ကို မျိုးစေ့ပြန်ယူစဥ် ရွာအဝင်လမ်း ဝါးရုံတောမှာ မြေမြှုပ်မိုင်း နင်းမိခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။
ဆီဆိုင်တိုက်ပွဲစတင်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ မေလ ၁၈ ရက်နေ့အထိ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သား ၇၅ ဦး သေဆုံးခဲ့ပြီး ၉၉ ဦး ဒဏ်ရာရရှိကာ လူဦးရေ ၆ သောင်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MK-015








