မဲခေါင် မေ ၁၃
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ရက်ပေါင်း ၁၀၀ ကျော် တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ မြေမြုပ်မိုင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၁၁ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းရုံး (PYO)က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ မေလ ၁၁ ရက်နေ့အထိ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး မြို့နယ် ၃ ခုအတွင်း PYO ရဲ့ ကောက်ယူထားနိုင်တဲ့ မှတ်တမ်းတွေဖြစ်ပြီး မြေပြင်အခြေအနေအရ ဒီထက်စာရင်း ပိုနိုင်တယ်လို့ ဆိုပါတယ်။
ဆီဆိုင်ဒေသခံ တစ်ဦးက “ကလေးရော လူကြီးရော ထိတာပါ။ ကလေးက သေဆုံးမှု ပိုများတယ်ဆိုတာက လက်နက်ကြီးထိရင် လူကြီးက ထိုက်သင့်သလောက် ခံနိုင်ရည်ရှိပြီး ကလေးက နုနယ်တဲ့အခါကျတော့ ခံနိုင်ရည် မရှိလို့ပါ။ လက်နက်ကြီး အသံကြားတာနဲ့ နှလုံးရပ်တဲ့ ကလေးတွေတောင် ရှိပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ပွဲဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ် မရှိတဲ့အပြင် လူထုနဲ့ တော်လှန်ရေးကြားကို သွေးခွဲချင်တာကြောင့် တိုက်ပွဲမရှိတဲ့ နေရာတွေကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်နေပြီး လက်နက်ကြီး ကျရောက် ပေါက်ကွဲတဲ့ နေရာတွေဟာ ကလေးသူငယ်အများစု နေထိုင်တာကြောင့် ထိခိုက်သေဆုံးရတာလို့ ဒေသခံတွေက သုံးသပ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးတဲ့နေရာ၊ တပ်စွဲဖူးတဲ့ စခန်းဟောင်း၊ တိုက်ပွဲဖြစ်ဖူးတဲ့နေရာ၊ သွားလာဖူးတဲ့ လမ်းမကြီးနေရာတွေမှာ မြေမြုပ်မိုင်း ထောင်ခဲ့တာကြောင့် ကလေးတွေ ပြေးလွှားဆော့ကစားရာကနေ မိုင်းနင်းမိပြီး ထိခိုက် သေဆုံးရတာလို့ ဆိုပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)ရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေမှာ သတိဝီရိယနဲ့ သွားလာကြရင် ကောင်းပါတယ်။ မသွားရင်တော့ အကောင်းဆုံးပေါ့နော်။ အဲဒီနေရာတွေမှာ သူတို့ မိုင်းတွေ ထောင်ခဲ့တဲ့အခါကျတော့ မိုင်းနင်းမိဖို့ ရာခိုင်နှုန်း များပါတယ်။ အသက်သေဆုံးတာ၊ ခြေပြတ်လက်ပြတ် ဖြစ်တာတွေ ကြုံရနိုင်ပါတယ်” လို့ ပြောပါတယ်။
ဆီဆိုင်တိုက်ပွဲအတွင်း သေဆုံးသူ ကလေးငယ်တွေထဲမှာ အသက် ၁၀ နှစ်အောက် ၁၀ ဦးနဲ့ ၁၅ နှစ် တစ်ဦး ပါဝင်ပြီး အဲဒီထဲက ၁၀ နှစ်အောက် ကလေားငယ် ၃ ဦးဟာ အချိန်မီ ဆေးကုသခွင့် မရတာကြောင့် သေဆုံးရတာလို့ ဆိုပါတယ်။
နေ့စဉ်နဲ့အမျှ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဆီဆိုင်မြို့နယ်မှာ ထိုခိုက်ဒဏ်ရာရှိသူ အများစုဟာ အချိန်မှီဆေးကုသခွင့်မရတာကြောင့်နဲ့ ဆေးရုံ၊ ဆေးခန်းတွေ ပိတ်ထားရပြီး အရေးပေါ် ဆေးကုသရမယ့် လူတွေကို တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံဆီ ပို့ဆောင်နေရတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ အနေနဲ့ အလျင်မမီဘဲ သေဆုံးနေရတယ်လို့ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေက ပြောပါတယ်။
MK-014








