မဲခေါင်၊ မတ် ၂
တအင်းတပ်ဟု လူသိများသည့် တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် မြို့များတွင် မြေမြုပ်မိုင်းကြောင့် ဖေဖော်ဝါရီ တစ်လအတွင်း ကလေးအပါ ၈ ဦးသေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်တွင် ကလေးငယ် (၄)ဦးသည် ရေချောင်းတွင် ငါးသွားဖမ်းချိန် လက်လုပ်မိုင်းကိုနင်းမိကာ (၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ရက်လည်း နမ့်ခမ်းမြို့နယ်၊ ဟိုဆိုင်းကျေးရွာတွင် အသက် (၆၁)နှစ်အရွယ် ဦးစိုင်းငို့သည် ကြံခင်းအတွင်း ယခင်စစ်ကောင်စီထောင်ထားသည့်မိုင်းကို ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးနှင့် မျက်နှာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သီပေါမြို့လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ရက်တွင် ဒေသခံအမျိုးသားတစ်ဦးမှ ယခင်စစ်ကောင်စီတပ်စခန်းချဖူးခဲ့သည့် မြရွှေဂူဘုန်းကြီးကျောင်းဘေးတွင် လက်ကျန်မိုင်းကိုတွေ့ရှိပြီး ကောက်ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ကာ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ မုံးစီးမြို့နယ် ဆိုင်ခေါင်ကျေးရွာလည်း ကလေးငယ် (၂)ဦးသည် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာမှပေါက်ကွဲကာ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်လည်း သီပေါမြို့နယ် ကုန်းစုံကျေးရွာတွင် ယခင်စစ်ကောင်စီတပ် ထောင်ထားသည့်မြေမြှုပ်မိုင်းကို နင်းမိပြီး ကလေးငယ် (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ထိုကျေးရွာပင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ရက်တွင် မိသားစုမှကောက်လာသည့်ဗုံးတစ်လုံးကို နေအိမ်အတွင်း ဆော့ကစားရာမှပေါက်ကွဲကာ (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#MeKongNews
#တအာင်း
#ပလောင်
#ရှမ်းမြောက်
#စစ်ကောင်စီ
#မြေမြုပ်မိုင်း
#ကလေးငယ်
#သေဆုံး








