~ ဒင်းဒင်း ~
ယူကရိန်းအပေါ်ရုရှားရဲ့ အလုံးစုံ ကျူးကျော်မှုက လူပေါင်းရာပေါင်းများစွာကို သေဆုံးသွားစေခဲ့ပါတယ်။ ဒီစစ်ပွဲကပဲ လက်နက်စနစ်ပေါင်းများစွာအတွက် သက်သေပြစရာ နယ်ပယ်ဖြစ်လာခဲ့ပြီး မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ (Nato) နေတိုးအတွက်လည်း သက်သောင့်သက်သာမရှိတဲ့ မေးခွန်းတစ်ခုကို ပေါ်ထွက်လာစေခဲ့ပါတယ်။ အဲဒါကတော့ လိုအပ်လာခဲ့ရင် မဟာမိတ်အဖွဲ့က စစ်ဆင်နွှဲဖို့ ပြင်ဆင်ထားသလားဆိုတာပါပဲ။
စစ်မြေပြင်က ဖြစ်ပေါ်တိုးတက်မှုတွေက မြန်ဆန်လွန်းတာကြောင့် နေတိုးအဖွဲ့ရဲ့ လက်နက်နဲ့ဗျုဟာတချို့ ခေတ်နောက်ကျကျန်ခဲ့မယ့် အန္တရာယ်ရှိတယ်လို့ ယူကရိန်းနဲ့ ဥရောပကာကွယ်ရေး အရာရှိ ၅ ဦးက ပြောကြားကြပါတယ်။
နေတိုးအဖွဲ့ဝင် မဟုတ်တဲ့ ယူကရိန်းက သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ အခြေအနေနဲ့ကိုက်ညီအောင် ပြောင်းလဲသွားနိုင်ပေမယ့်လည်း နေတိုးအဖွဲ့က လက်နက်စနစ်တွေကို နှစ်နဲ့ချီပြီး တစ်ခါတစ်လေ ဆယ်စုနှစ်နဲ့ချီအောင် အချိန်ယူပြီး ဝယ်ယူတာ တိုးတက်အောင် လုပ်တာတွေ လုပ်ပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ ဥရောပမဟာမိတ်တွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမနာပ ပြောဆိုမှုတွေကနေ နေတိုးအဖွဲ့ဝင်အများအပြားကို သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်တွေ စံချိန်တင်သုံးစွဲမှု ဖြစ်စေခဲ့ပါတယ်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ကလည်း လတ်တလောမှာ ဥရောပနိုင်ငံတွေမှာ ချထားတဲ့ သူတို့ရဲ့တပ်ဖွဲ့တွေ၊ စစ်လက်နက်တွေကို ပြန်လည်ဆန်းစစ်နေပါတယ်။ ဥရောပက အမေရိကန်ရဲ့ ထီးရိပ်အောက်မှာပဲ တွယ်ကပ်နေကြပြီး သူ့ရဲ့ လူကြိုက်မများတဲ့ အီရန်နဲ့စစ်ပွဲမှာ ဝင်ကူဖို့ငြင်းဆန်နေကြတယ်လို့လည်း ထရမ့်က စွပ်စွဲနေပါတယ်။
အမေရိကန်ဒေါ်လာ ၅၀၀၀ လောက်ပဲတန်တဲ့ ဒရုန်းတစ်စင်းနဲ့ ဖျက်ဆီးပစ်နိုင်တာကြောင့် အခုဆိုရင် တင့်ကားတွေက အဖိုးမတန်တော့ဘူးလို့ ထိပ်တန်းယူကရိန်း ဒုံးကျည်နဲ့ဒရုန်း ထုတ်လုပ်ရေးကုမ္ပဏီ Fire Point ရဲ့ ပူးတွဲပိုင်ရှင်နဲ့ ဒီဇိုင်နာချုပ် ဒင်းနစ် ရှီလာမန်းက ဆိုပါတယ်။ ဒါပေမယ့်လည်း ဥရောပက တင့်ကားတွေပေါ်မှာ အကြီးအကျယ် ငွေကြေးသုံးစွဲနေဆဲဖြစ်ပြီး အနာဂတ်စစ်ပွဲတွေမှာလည်း သူတို့အတွက် ကြီးမားတဲ့ အခန်းကဏ္ဍရှိနေသေးတယ်လို့ စစ်ရေးလေ့လာ သုံးသပ်သူတွေကလည်း ပြောကြပါတယ်။
ဈေးသက်သာတဲ့ ဒရုန်းတွေက တခြားနည်းလမ်းများစွာနဲ့ စစ်ဆင်နွဲတဲ့ ပုံစံတွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ တပ်ဖွဲ့တွေ အုပ်စုလိုက် စုဝေးလှုပ်ရှားတာနဲ့ ကြီးမားတဲ့ ကွန်ဗွိုင်ယာဥ်တန်းတွေဟာ အလွန်လွယ်ကူတဲ့ ပစ်မှတ်တွေ ဖြစ်လာပါတယ်။
“သူတို့က စခန်းတွေကို စီးနင်းတိုက်ခိုက်တဲ့နေရာမှာ အလွန်ပဲ ထူးချွှန်ကြပါတယ်” ပြီးခဲ့တဲ့ နှစ်မှာ သူတို့တပ်ဖွဲ့တွေနဲ့ ပူးတွဲလေ့ကျင့်ခဲ့ကြတဲ့ နိုင်ငံတကာတပ်ဖွဲ့တွေအကြောင်းကို ယူကရိန်း အမျိုးသားအစောင့်တပ်မှ ကွပ်ကဲရေးမှူး အလက်ဆန်းဒါး ပစ်ဗ်နင်ကို က ပြောပါတယ်။
“ဒါပေမယ့်လည်း ခေါင်းပေါ်မှာ ဒရုန်းတစ်စင်းဝဲပျံနေတာကို မော့ကြည့်ဖော်တောင် မရဘူးဆိုရင် ခင်ဗျားရဲ့တပ်စု ဘာဖြစ်သွားမယ် ထင်လဲ” လို့ သူက မေးခွန်းထုတ်ပါတယ်။
အခုအချိန်မှာ မိုင် ၂၁၀ ရှည်လျားတဲ့ရုရှားနဲ့ သူတို့ကြားက နယ်စပ်မှာ အင်အားဖြည့်တင်းနေတဲ့ အက်စ်တိုးနီးယားနိုင်ငံ၊ ပယ်လ်ဒစ်စကီးမြို့နားက နေတိုးအဖွဲ့စစ်ရေးလေ့ကျင့်မှုကို ရိုက်တာသတင်းအဖွဲ့ တက်ရောက်ခဲ့ပြီး အဲဒီနေရာမှာ စစ်အတွင်း မြေပြင်တိုက်ပွဲတွေမှာ ဒဏ်ရာရရှိ ခဲ့သူတွေကို အမေရိကန်နဲ့ဥရောပတပ်ဖွဲ့တွေက စစ်မြေပြင်ဆေးရုံတွေမှာ ကုသပေးနေသလိုမျိုး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြတာကို မြင်တွေ့ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆေးရုံတွေပေါ်က ဝေဟင်ကို နေတိုးအဖွဲ့က လေကြောင်း စိုးမိုးထားတယ်လို့ ယူဆပြီး လေ့ကျင့်ခဲ့ကြတာဖြစ်ပြီး ဒါဟာ အခုလို ဈေးသက်သာ၊ တာဝေးပြေးနိုင်ပြီး အချိန်မရွေး လူမသိ သူမသိ ရောက်လာနိုင်တဲ့ ဒရုန်းတွေခေတ်မှာ ပေးထားချက်တစ်ခု မဟုတ်တော့ပါဘူး။
နေတိုးအဖွဲ့ဆီကနေ လေ့ကျင့်မှုနဲ့ အကူအညီတွေကိုပဲ လက်ခံတာထက် ရုရှားနဲ့စစ်တိုက်ရင်း ရရှိလာတဲ့ သင်ခန်းစာတွေကို မဟာမိတ်အဖွဲ့ကို ပြန်လည်သင်ကြားပေးရာမှာ ယူကရိန်းရဲ့ ကြီးမားလာတဲ့ အခန်းကဏ္ဍအကြောင်းကို ယူကရိန်းအရာရှိတွေက ပြောပြကြပါတယ်။ ဒါပေမဲ့လည်း အဲဒီသင်ခန်းစာတွေကို စုပ်ယူဖို့ နေတိုးအဖွဲ့ထဲက စစ်ဘက်ဆိုင်ရာ ဗျူရိုကရက်တွေ ရုန်းကန်နေရတယ်လို့လည်း သူတို့က ပြောကြပါတယ်။
မဟာမိတ်အဖွဲ့ရဲ့ လေ့ကျင့်ရေးသင်ခန်းစာ တချို့ဟာ ဒုတိယကမ္ဘာစစ်တုန်းက လေ့လာတွေ့ရှိချက်တွေကို အခြေခံထားဆဲဆိုပြီး ရိုမေးနီးယားနိုင်ငံမှာ စိတ်ဓာတ်စစ်ဆင်ရေးသင်တန်း တက်ရောက်ခဲ့တဲ့ ယူကရိန်း အရာရှိတစ်ဦးက ပြောပါတယ်။
မဟာမိတ်အဖွဲ့ရဲ့ လေ့ကျင့်သင်ကြားမှုနဲ့ ဗျူရိုကရေစီအပေါ် အရာရှိတွေရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို နေတိုးအဖွဲ့က မတုံ့ပြန်ခဲ့ဘူးလို့ ရိုက်တာက ဆိုပါတယ်။
ဖြေရှင်းဖို့ အများကြီးပိုပြီး ခက်ခဲတယ်လို့ နေတိုးအရာရှိတွေက ပြောကြတဲ့ လေကြောင်းနဲ့ ဒုံးကျည် ကာကွယ်ရေးနဲ့ ပတ်သက်လို့ အားနည်းချက်တွေကိုလည်း ယူကရိန်းစစ်ပွဲက ဖော်ထုတ်ပေးခဲ့ပါတယ်။ ယူကရိန်းမြို့ကြီးတွေအပေါ် ရုရှားဒုံးကျည်တွေ ဝဲပျံနေခဲ့တာကနေပြီး ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲမှာ စတင် အသုံးပြုခဲ့တဲ့ နည်းပညာပိုင်းအရ ရှုပ်ထွေးတဲ့ အမေရိကန်လုပ် ဒုံးကျည်ကာကွယ်ရေးစနစ်တွေအပေါ် ဥရောပရဲ့ မှီခိုနေမှုကို အထင်းသားပေါ်လွင်လာစေခဲ့ပါတယ်။ ယူကရိန်းမှာလည်း ရုရှားဆီက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်တဲ့ ပက်ထရီယော့ ဒုံးခွင်းဒုံးတွေ လိုအပ်ချက် ကြီးမားနေပါတယ်။
ပက်ထရီယော့ဒုံးခွင်းဒုံးတွေကိုပဲ အားကိုးနေတာက သူတို့ရဲ့ မဟာဗျူဟာမြောက် အားနည်းချက်ဖြစ်လာမှာကို ကြောက်ရွံ့တာကြောင့်လည်း ဥရောပဟာ အမေရိကန်လုပ် မဟုတ်တဲ့ အခြားဒုံးကျည်တားစနစ်တွေကို တည်ဆောက်နေပါတယ်။ ယူကရိန်းကလည်း ပြင်သစ်နဲ့ အီတလီပူးတွဲတည်ဆောက်ထားပြီး ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချနိုင်တဲ့ SAMP/T-NG လေကြောင်းကာကွယ်ရေး စနစ်ကို လက်ခံရရှိဖို့ စောင့်ဆိုင်းနေပါတယ်။ အဲဒီစနစ်တွေကို ယူကရိန်းဆီ အလျင်အမြန်ပေးပို့မယ်လို့ ပြင်သစ်က ကတိပြုထားပြီး လာမယ့် နွေဦးရာသီလောက်ဆိုရင် ယူကရိန်းကို အဲဒီစနစ်တွေ ရောက်လာလိမ့်မယ်လို့ ဥရောပသံတမန်တွေကို ယခင်က ပြောကြားခဲ့ကြပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေနဲ့ နေတိုးတပ်ဖွဲ့တွေကြားမှာ တစ်ဖက်နဲ့တစ်ဖက်ဆီက သင်ယူလေ့လာစရာတွေ အများကြီးရှိတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားပါတယ်။ ယူကရိန်းတို့ရဲ့ ဒရုန်းနည်းပညာနဲ့ ရေဒီယိုအီလက်ထရွန်နစ် စစ်ပွဲနည်းပညာက ကမ္ဘာပေါ်မှာ ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ ဝန်ကြီးဌာနက ကြွေးကြော်ခဲ့ပြီး ရုရှားတို့က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အဆက်မပြတ်ပစ် ခတ်တိုက်ခိုက်နေတာတွေကို ကူညီကိုင်တွယ်ပေးဖို့ လုပ်နေတဲ့ ဥရောပရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ယူကရိန်း ကာကွယ်ရေးဌာနက ချီးကျူးပြောကြားပါတယ်။
ဇူလိုင်လမှာတော ယူကရိန်းနဲ့ ဥရောပမဟာမိတ် ၉ နိုင်ငံက လေကြောင်းကာကွယ်ရေးမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြပြီး သူတို့ရဲ့ အစီအစဉ်တွေထဲမှာ ဒုံးခွင်းဒုံးစနစ်သစ်တစ်ခု ပူးတွဲလေ့လာတည်ဆောက်သွားရေးလည်း ပါဝင်ပါတယ်။
အလယ်ခေတ် စကင်ဒီနေးဗီးယန်း အချစ်နတ်ဘုရားမကို အစွဲပြုလို့ Freyja လို့ ကင်ပွန်းတပ်ထားတဲ့ စီမံကိန်းဟာ ကုမ္ပဏီပေါင်း တစ်ဒါဇင်ကျော်နဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းစုတစ်ခုဖြစ်ပြီး ထိပ်တန်းပုဂ္ဂလိက မိတ်ဖက်ကုမ္ပဏီကတော့ Fire Point ဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ အမေရိကန်လုပ် ပက်ထရီယော့ ဒုံးခွင်းဒုံးတွေထက် ပိုဈေးသက်သာပြီး ပိုပြီးမြန်မြန်ထုတ်နိုင်တဲ့ စနစ်အသစ်တစ်ခု တည်ဆောက်သွားရေး နဲ့ သူ့ရဲ့ ထုတ်လုပ်မှုကို အမေရိကန်က မဟုတ်ဘဲ ဥရောပကပဲ ထိန်းချုပ်သွားရေးဖြစ်ပါတယ်။
“လေကြောင်းကာကွယ်ရေးစနစ်တည်ဆောက်ဖို့ အမရိကန်ဒေါ်လာ ဘီလီယံ ၂၀ လောက် အသုံးပြုတယ်ဆိုရင် သင့်အနေနဲ့ သင့်ရဲ့လုံခြုံရေးမှာ အမှီအခိုကင်းရမှာ ဖြစ်ပါတယ်” ဟု Fire Point ကို ပူးတွဲတည်ထောင်သူ ဒင်းနစ် ရှီလာမန်းက ဆိုပါတယ်။
Ref:Reuters
#MeKongNews








