~ CWM ~
မယုံမရှိပါနဲ့။ ခု ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ နောက်ဆုံးဗိုလ်လုပွဲ လက်မှတ်တစောင် ဒေါ်လာ ၃၂၉၇၀ ပါ။ မြန်မာငွေနဲ့ဆို ကျပ်သိန်း ၁၄၅၀ ရှိပါတယ်။ အံ့အားသင့်စရာ ကောင်းပါတယ်။ ဒီလောက် များပြားလှတဲ့ ငွေပမာဏပေးပြီး ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်တဲ့သူရှိရဲ့ လားလို့ မြန်မာအတွေးနဲ့ မေးကြည့်မိတယ်။ ဒါဟာ ဈေးကွက်ထဲမှာ တရားဝင် ပေါက်ဈေးပါ။
တဆင့်ခံ ပြန်ရောင်းတဲ့ လက်မှတ်တစောင်တန်ဖိုးက ဒေါ်လာ ၂ သန်းထိ ပေါက်ဈေးရှိတယ်လို့ သိရတယ်။ ( ဒီလက်မှတ်က အကောင်းဆုံး Luxury အတန်းကနေ ကြည့်ရတဲ့ အဆင့်မြင့်ဆုံးဈေးနှုန်း(premier rate) လည်း ဖြစ်တယ်။)
လက်မှတ်ဈေးနှုန်းက ဗိုလ်လုပွဲနေ့မှာ အများဆုံးပဲ။ နယူးဂျာစီ၊ MetLife Stadium မှာ ကစားမယ့် စပိန် နဲ့ အာဂျင်တီးနားပွဲက လက်မှတ်တစောင် ဒေါ်လာ ၃၂၉၇၀ ပါ။ ဒါက ဖီဖာ event organizers တွေက တရားဝင်သတ်မှတ်တဲ့ နှုန်းထားဖြစ်ပြီး တချို့ ဝယ်ထားပြီး ပြန်ရောင်းတဲ့သူက ဒေါ်လာ ၂ သန်းအထိ ဈေးတင်ထားတယ်။ ကွင်းဝင်ခွင့် အမြင့်ဆုံးလက်မှတ်ဈေးနှုန်းဖြစ်ပြီး ပုံမှန်အားဖြင့် အဆင့်မြင့်ဇိမ်ခံ အခန်းထဲမှာ၊ ဗီအိုင်ပီ ပြုစုဧည့်ခံမှုနဲ့အတူ ရှေ့ဆုံးခုံမှာ ထိုင်ရမှာ ဖြစ်တယ်။
ဒီနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ထူးခြားမှုတခုကတော့ ပထမပိုင်း ၄၅မိနစ်ကစားပြီး နားနေချိန်မှာ ကမ္ဘာကျော် အဆိုတော်များရဲ့ ဧည့်ခံဖျော်ဖြေမှု (၂၅)မိနစ် ထည့်သွင်းထားခြင်းပါပဲ။ ကမ္ဘာ့ဖလားဘောလုံးသမိုင်းမှာ ဒါမျိုးမရှိဖူးသလို ဘောလုံးပွဲများရဲ့ အစဉ်အလာဟာ (၁၅)မိနစ် နားတာပါ။ အစဉ်အလာအားဖြင့် အားလပ်ချိန် (၁၅)မိနစ်ဆိုတာ ပွဲကြည့်ပရိသတ်တွေ မုန့်ထွက်စားမယ်၊ အိမ်သာသွားမယ်။ သိပ်မကြာဘူး။ ဘောလုံးပွဲ ပြန်စတာပဲ။ ခုလို နာရီဝက်လောက်နားပြီး ကမ္ဘာကျော်အဆိုတော်တွေနဲ့ ဧည့်ခံဖျော်ဖြေတဲ့အစီအစဉ်ကို ဖီဖာဥက္ကဌ အင်ဖန်တီနိုက တီထွင်တာလို့ ဆိုတယ်။ အမေရိကန် Super Bowl ပြိုင်ပွဲတွေမှာတော့ ခုလို အားလပ်ချိန် ဧည့်ခံဖျော်ဖြေတာ အစဉ်အလာပါ။ အမေရိကန်တွေအတွက်တော့ ဒါ အဆန်းတကြယ်မဟုတ်ပေမယ့် ကမ္ဘာတဝန်းက ဘောလုံးပွဲပရိသတ်တွေအတွက်တော့ ထူးခြားနေတယ်လို့ ဆိုရမယ်။ ဘာပဲဖြစ်ဖြစ် ဂျပ်စတင်ဘီဘာတို့၊ မက်ဒေါနားတို့၊ ရှာကီရာတို့ ဘီတီအက်စ် တို့ရဲ့ live show ပါ တခါတည်း ကြည့်ကြရတာပေါ့။
ခုလို ကမ္ဘာ့ဖလားလက်မှတ်တွေ မတန်တဆ ဈေးကြီးနေတာနဲ့ ပတ်သက်လို့ ဖီဖာဥက္ကဌ အင်ဖန်တီနိုက ” ဈေးက ပိုတင်ထားတာ မရှိပါဘူး။ အမေရိကန်မှာ ကျင်းပတဲ့ အားကစားပြိုင်ပွဲတိုင်းရဲ့ ဈေးနှုန်းအတိုင်းပါပဲ” လို့ ဆိုတယ်။
အမေရိကန် နဲ့ ပါရာဂွေး တို့ကစားကြတဲ့ အုပ်စွဲအဖွင့်ပွဲမှာ လက်မှတ်တစောင် ဒေါ်လာ ၁၀၀၀ ဆိုတော့ သမ္မတ ဒေါ်နယ်ထရမ့်ကတောင် ” အဲဒီလောက်များတဲ့ ဈေးနဲ့တော့ မကြည့်နိုင်ပါဘူး” လို့ ပြောခဲ့သေးတယ်။ ပွဲကြည့်ပရိသတ်တွေက လက်မှတ်ခတင်မကဘူး။ လမ်းစရိတ်၊ စားစရိတ်၊ တည်းခိုနေထိုင်စရိတ်တွေပါ မတန်တဆ ပေးကြရတယ်။ ဒီရက်ထဲ သတင်းဖြစ်နေတာက နယူးဂျာစီကနေ MetLife ကွင်းကို သွားတဲ့ မိနစ် ၃၀ကြာ ရထားခက ပုံမှန် ၁၂.၉၀ ဒေါ်လာကနေ ခု ၁၅၀ ဒေါ်လာဖြစ်သွားတယ်တဲ့။
ကမ္ဘာ့ဖလားဗိုလ်လုပွဲ လက်မှတ်တစောင် မြန်မာငွေ ကျပ်သိန်း ၁၄၅၀ ဆိုတော့ ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ဘူး။ ဒါနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပွဲ လက်မှတ်ဈေးနှုန်းတွေကို စပ်စုကြည့်လိုက်တော့ အုပ်စုပွဲစဉ်တွေမှာ သာမန်လက်မှတ်တစောင်က ဒေါ်လာ ၆၀ ကနေ စပြီး ဗိုလ်လုပွဲ လက်မှတ်တစောင်က ဒေါ်လာ ၂၀၃၀ ရှိတယ်လို့ သိရတယ်။
ဒါလည်း ပွဲစဉ်ကိုလိုက်ပြီး သတ်မှတ်ဈေးနှုန်းက အမျိုးမျိုးရှိတယ်။ ဖီဖာက သတ်မှတ်ထားတဲ့ ပုံမှန်ဝင်ခွင့်လက်မှတ်တစောင်က ဒေါ်လာ ၁၂၀ ဝန်းကျင်ရှိတယ်။ အဖွင့်ပွဲစဉ်တွေမှာ လက်မှတ်တစောင်ပေါက်ဈေးက ၃၅၅ ဒေါ်လာကနေ ၅၆၀ ဒေါ်လာအထိ ဖြစ်သွားတယ်။ MetLife ကွင်းမှာကစားတဲ့ ဗိုလ်လုပွဲ သာမန်လက်မှတ်ဈေးနှုန်းက ဒေါ်လာ ၂၀၃၀ ကနေ ၆၇၃၀ အထိ ဖြစ်သွားတယ်။
များသောအားဖြင့် ကမ္ဘာ့ဖလားလက်မှတ်တွေဟာ တရားဝင်ရောင်းချပြီဆိုတာနဲ့ ချက်ချင်းကုန်သွားလို့ သာမန်ပွဲကြည့်သူတွေက SeatGeek တို့ StubHub တို့မှာ ဈေးကြီးပေးပြီး တဆင့်ခံ ဝယ်ယူပြီး ကြည့်ကြရတယ်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အမှန်တကယ် အမြတ်ထွက်သူက ဖီဖာ( ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) ပါပဲ။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ငွေဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ငွေထက် နှစ်ဆနီးပါး ပိုများတယ်။ အရင်ကထက် ပြိုင်ပွဲဝင်နိုင်ငံအရေအတွက် ပိုများလာသလို ကြည့်ရှုသူအရေအတွက် ပိုများလာပြီး ဝင်ငွေလည်း ပိုများလာတာဖြစ်တယ်။
၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဖီဖာဟာ ဒေါ်လာ(၇.၆)ဘီလျံ စံချိန်တင် ဝင်ငွေရရှိခဲ့တယ်။ အခု မက္ကဆီကို၊ ကနေဒါ နဲ့ အမေရိကန်မှာ ကျင်းပတဲ့ အသင်းပေါင်း(၄၈)သင်း ပါဝင်တဲ့ပြိုင်ပွဲမှာတော့ ဖီဖာရဲ့ ဝင်ငွေဟာ ၁၃ ဘီလျံအထိ ရောက်ရှိလာတယ်လို့ သိရတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(Fifa) ဟာ ပြိုင်ပွဲတွေရဲ့ ရုပ်သံလွှင့်ခ၊ မူပိုင်ခွင့် နဲ့ ဧည့်ဝတ်ဝန်ဆောင်မှုဆိုင်ရာ လုပ်ပိုင်ခွင့်၊ စပွန်စာကြေးနဲ့ လက်မှတ်ရောင်းချရငွေတို့ကို ဝင်ငွေအဖြစ် လက်ခံရရှိတယ်။ ဖီဖာဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းပေါင်း(၆၄)သင်းအထိ တိုးမြှင့်ဖို့ စီစဉ်နေတဲ့အတွက် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီထက်မက ဝင်ငွေပိုလာနိုင်တယ်။
ဖီဖာနဲ့အတူ ဒီနှစ်ကမ္ဘာ့ဖလားမှာ အမြတ်ထွက်ခဲ့တာ ရုပ်သံကုမ္ပဏီတွေနဲ့ စပွန်ဆာကုမ္ပဏီတွေပဲဖြစ်တယ်။ ထူးထူးခြားခြား ဖီဖာက ” ရေသောက်ချိန်” ( Hydration break ) ဆိုပြီး ကစားသမားတွေ ရေသောက်ဖို့ သုံးမိနစ် အချိန်ပေးတယ်။ ပွဲစဉ်တိုင်း ၂၂ မိနစ်အရောက်မှာ ရေသောက်ချိန် သုံးမိနစ်ကို ပထမပိုင်းရော ဒုတိယပိုင်းပါ ပေးတဲ့အတွက် ရုပ်သံကုမ္ပဏီနဲ့ စပွန်ဆာတွေအတွက် ကြော်ငြာချိန် ပိုရပြီး အလုပ်ဖြစ်ကြတယ်။ ဖီဖာဥက္ကဌ အင်ဖန်တီနုကတော့ ရာသီဥတု အပူကြောင့် ရေသောက်ချိန်ပေးရတာဖြစ်ပြီး ဒီက ဘာစီးပွားရေးအကျိုးအမြတ်မှ မရဘူးဆိုပေမယ့် ရုပ်သံကုမ္ပဏီတွေကတော့ အလုပ်ဖြစ်ကြတာအမှန်ပဲ။
နာမည်ကြီး Fox Sports ဟာ အမေရိကန်မှာ ရုပ်သံထုတ်လွှင့်ခအတွက် ဒေါ်လာ ၄၈၅သန်း ပေးရပြီး ရေသောက်ချိန်ကို Sponsored by ဆိုပြီး ထည့်သွင်းခွင့်ရခဲ့တယ်။ Fox မှာ စက္ကန့်၃၀ စာ ကမ္ဘာ့ဖလားကြော်ငြာအတွက် ဒေါ်လာ ၂၀၀၀၀၀ ကနေ ၃၀၀၀၀၀ ကြား ပေးရတယ်လို့ ဆိုတယ်။ နောက်ပိုင်း အမေရိကန်မှာ ကစားတဲ့ ပွဲစဉ်တွေဆို ဒေါ်လာ ၇၅၀၀၀၀ အထိ ပေးရတယ်။
ဗြိတိန်မှာတော့ ရေသောက်ချိန်မှာ ကြောငြာတွေကို ပိတ်ထားတယ်။ BBC ရော ITV ပါ သူတို့ရဲ့ စည်မျဉ်းကန့်သတ်ချက်အရ ကြော်ငြာတွေကို မပြဘူး။
ကမ္ဘာ့ဖလား တရားဝင်ပံ့ပိုးသူ(official sponsors) တွေက သူတို့အမှတ်တံဆိပ်တွေအတွက် ငွေကြေးအမြောက်အများ ပေးရပေမယ့် ကြီးမားတဲ့အကျိုးအမြတ်ကိုလည်း ပြန်ရကြတယ်။ Adidas နဲ့ Coca-Cola ကြော်ငြာတွေကို မမြင်ချင်မှအဆုံး မြင်နေရတယ်။ Nike နဲ့ပြိုင်နေတဲ့ ဂျာမန်အားကစားဝတ်စုံကုမ္ပဏီဟာ ပေါင် သန်း၅၀ အထိ သုံးပြီး လမိုင်းယာမယ်၊ ဂျုဒ် ဘယ်လင်ဂမ် နဲ့ မက်ဆီတို့နဲ့ ကြော်ငြာရတယ်။ Adidas ဟာ ဒေးဗစ်ဘက်ဟမ်းကို AI နဲ့ ဖန်တီးပြီး ကြော်ငြာသရုပ်ဆောင်စေခဲ့တယ်။
ဒီနှစ် ကမ္ဘာ့ဖလားမှာ တခြားအလုပ်ဖြစ်တဲ့အရာတွေကတော့ အားကစားဝတ်စုံတွေပါ။ ကမ္ဘာတဝန်းလုံးက ဘောလုံးပရိသတ်တွေဟာ သူတို့အားပေးတဲ့ ဘောလုံးအသင်း ဝတ်စုံတွေကို ဝယ်ယူ ဝတ်ဆင်ပြီး အားပေးကြတယ်။
Nike ရဲ့အဆိုအရ အမျိုးသားအသင်းဝတ်စုံ ရောင်းချရမှုဟာ ၂၀၂၂ ကမ္ဘာ့ဖလားလိုပဲ အမြင့်ဆုံးကိုရောက်ခဲ့တယ်။ရောင်းအကောင်းဆုံးက အင်္ဂလန်အသင်းဝတ်စုံဖြစ်ပြီး ပြင်သစ်၊ဘရာဇီး၊ နယ်သာလန် နဲ့ အမေရိကန် အသင်းဝတ်စုံတွေလည်း အစဉ်လိုက် ရောင်းရတယ်။ Adidas အတွက်က မက္ကဆီကို ဝတ်စုံက ထိပ်ဆုံးလို့ ဆိုတယ်။
နောက်ထပ်အလုပ်ဖြစ်တာကတော့ လောင်းကစားကုမ္ပဏီ တွေပါတဲ့။ ၂၀၂၆ ကမ္ဘာ့ဖလားဟာ သမိုင်းတလျှောက် အကြီးကျယ်ဆုံး လောင်းကစားပွဲ ဖြစ်ခဲ့တယ်လို့ဆိုတယ်။ လောင်းကစားလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ Macquarie ငွေကြေးလုပ်ငန်းရဲ့ အဆိုအရ စုစုပေါင်း လောင်းကြေးပမာဏ ဒေါ်လာ ၅၀ ဘီလျံ ရှိပြီး ပျမ်းမျှ တပွဲကို ဒေါ်လာ သန်း ၅၀၀ ရှိတယ်လို့ ဆိုတယ်။ အဓိကအချက်တခုကတော့ ပွဲစဉ်တွေ ပိုများလာတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ၆၄ ပွဲပဲ ရှိရာက ခုဆိုရင် ပွဲစဉ်ပေါင်း ၁၀၀ ကျော်တယ်။
နောက်တခုက ဘောလုံးပွဲတွေကို အရင်လို လောင်းထားပြီး ပွဲပြီးတဲ့အထိ ထိုင်စောင့်နေစရာမလိုဘဲ in-play လောင်းနိုင်လာတဲ့အတွက် လောင်းကြေးတွေ အရင်ထက်ပိုလာတယ်လို့ ဆိုတယ်။
အားကစား လောင်းကစားလုပ်ငန်းဟာ အမေရိကန်မှာတော့ လုပ်ငန်းအသစ် ဖြစ်နေသေးတယ်။ ၂၀၁၈ ခုနှစ်အထိ အားကစားဆိုင်ရာ လောင်းကစားလုပ်ငန်းကို လာ့စ်ဗီးဂတ်စ် ရှိတဲ့ နီဗားဒါးမှာပဲ တရားဝင် ခွင့်ပြုထားတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဗဟိုတရားရုံးက တခြားပြည်နယ်အများအပြားမှာလည်း တရားဝင် ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် တချို့ပြည်နယ်တွေဖြစ်တဲ့ ကယ်လီဖိုးနီးယားတို့ တက္ကဆက်တို့မှာတော့ တရားဝင် ခွင့်မပြုသေးဘူး။ ဒါပေမယ့် အဲဒီမှာလည်း ပွဲကြိုဟောကိန်း ဈေးကွက်က လူငယ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်မားနေတယ်လို့ ဆိုတယ်။
#CWM ref: The financial winners and losers from the World Cup. BBCWorld.








